‘ခွေးရူးသတ်သူ’
မိုးလှိုင်ည
သူ့နာမည်က အလီ။ မိုဟာမက် အလီတို့ အလီဘာဘာတို့ မဟုတ်ပါ။ သူ့နာမည်ကို အလီလို့ပဲ ကျနော်တို့ သိပါတယ်။ အလီတို့က အိန္ဒိယလူမျိုးပါ။ သူတို့နေတာက ကျနော်တို့ ဝန်ထမ်းအိမ်ယာ ရပ်ကွက်ဘေးက ဆင်းရဲသား အိန္ဒိယလူမျိုးတွေ နေထိုင်တဲ့အတိုင်း သူတို့အိမ်ခပ်ကျဉ်းကျဉ်း လမ်းကျဉ်းကျဉ်းလေးတွေကြားမှာ လူဦးရေများစွာ ပြွတ်သိပ် နေထိုင်ကြပါတယ်။ အလီက ဘာလုပ်လဲဆိုတော့ ဘာမှမလုပ်ပါ၊ မနက်ခင်း ၆ နာရီခွဲ ၇ နာရီဆိုရင် အလီဟာ ကျနော်တို့ ရပ်ကွက်ထိပ်မှာ လာထိုင်နေတတ်ပါတယ်။ အလီဟာ ကျနော်တို့နဲ့ သက်တူရွယ်တူပါ။ အလီက ကျောင်းမနေပါ။ ကျနော်တို့ ကျောင်းမသွားခင်ကတည်းက အလီ ရပ်ကွက်ထိပ်မှာထိုင်နေပြီး ကျနော်တို့ ကျောင်းကပြန်လာလည်း အလီ ရပ်ကွက်ထိပ်မှာ ရှိနေပါတယ်။ အလီနဲ့ ကျနော်တို့ ဘယ်အချိန် သူငယ်ချင်းဖြစ်သွားမှန်း မသိလိုက်ပါဘူး။ ကျနော်တို့ကစားရင် အလီပါပါတယ်၊ ကျနော်တို့ ဘောလုံးကန်ရင် အလီ ဘောလုံးလိုက်ကန်တယ်၊ ကျနော်တို့ ရေသွားကူးရင် အလီပါတယ်၊ ကျနော်တို့ ကောင်မလေးတွေနောက် လျှောက်လိုက်ရင် အလီ အဖော်လိုက်ပေးတယ်။
တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးလာကြပါတယ်။ အလီကတော့ ရပ်ကွက်ထိပ်မှာ အမြဲရှိနေတုန်းပဲ။ တယောက် ယောက်က ဆန်အိတ်ထမ်းဖို့ ဆီပုံးသယ်ဖို့ အိမ်ပြောင်းဖို့ ရေပိုက်ပြင်ဖို့ ညောင်ပင်ခုတ်ဖို့ အကူအညီလိုပြီဆိုရင် အလီကို ရပ်ကွက်ထိပ်မှာ လာရှာလို့ရတယ်။ ကျနော်တို့ ကျောင်းပိတ်ရက် ရုံးပိတ်ရက် အလီကိုခေါ်ပြီး လက်ဘက်ရည်ဆိုင် သွားရင် အလီ လိုက်လာတယ်။ တခါတလေ သောက်တယ်၊ တခါတလေကျရင် ငါသောက်တာ သုံးခွက်လောက်ရှိပြီ မင်းတို့က အခုမှ နိုးလာတယ် ပြောတတ်တယ်။ အလီကို တရပ်ကွက်လုံးက ချစ်တော့ တယောက်မဟုတ် တယောက်က အလီကို လက်ဘက်ရည်တိုက် မုန့်ကျွေးပြီး ဖြစ်နေတတ်တယ်။ ကျနော်တို့ လက်ဘက်ရည်သောက်တဲ့ အရွယ် ကနေ အရက် ခွက်ပုန်းသောက်တတ်တဲ့ အရွယ်ဖြစ်လာတယ်။ ရပ်ကွပ်စျေးဆိုင်တန်း မှောင်ရိပ်ထဲမှာ အရက် ခိုးကစ် တဲ့အချိန်လည်း အလီပါပါတယ်။ အရက်ဝယ် အမြည်းဝယ်အပြင် တခါတလေ ပိုက်ဆံမလောက်တော့ရင် အလီက သူ့ကို ဟိုလူပေး ဒီလူပေးနဲ့ ကျစ်ထားတဲ့ ပိုက်ဆံလေးတွေ ထုတ်တိုက်တတ်တယ်။ တခါတလေ ကျနော်တို့က မူးပြီး အလီကို အလုပ်တခုခုလုပ်ဖို့၊ ဘဝကို ရည်ရွယ်ချက်ထားဖို့ ပြောရင် အလီ ပြုံးနေတတ်တယ်။ ဒါပေမယ့် အလီ ကျနော်တို့ ပြောတဲ့အတိုင်း ကြိုးစားဖူးတယ်။ အသိအကျွမ်းတွေနဲ့ နီးစပ်ရာ တယောက်ယောက်က စပ်ပေးလို့ ဖြစ်ဖြစ် အလီ ဟိုအလုပ် ဒီအလုပ်တွေ ကြိုးစား လုပ်ကြည့်ဖူးတယ်။ ငါးရက်တန်သည် တပတ်တန်သည် အလီပျောက်သွားပြီး နောက်တော့ ရပ်ကွက်ထိပ်ပဲ ပြန်ရောက်လာပါတယ်။ လုပ်ငန်းခွင်သဘာဝနဲ့ အလီ့စိတ်နဲ့ သဟဇာတ ဖြစ်ပုံမရပါဘူး။ နောက်တော့လည်း အလီ့ကို ဘယ်သူမှ အလုပ်မသွင်းပေးတော့ပါဘူး။ အလီဟာ ရပ်ကွက်ထိပ်မှာ ရပ်ကွက်ထဲက အပေါင်းအသင်းတွေနဲ့သာ ဟေးလား ဝါးလား ဝိုင်းလုပ်ဝိုင်းစားနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။
တနေ့တော့ အလီ့ဆီကို လောကဓံတခုက ဆိုက်ဆိုက်မြိုက်မြိုက် လာတိုက်ပါတယ်။ အဲဒီအကြောင်းအရာက ကျနော်တို့အဖွဲ့ထဲက သူငယ်ချင်းတယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တပ်ပြေးအဖြစ် ထောင်ကျပြီး ဖောက်ထွင်းသမားတယောက်အနေနဲ့ ပြန်လာခဲ့တာကြောင့်ပါ။ သူက ရပ်ကွက်ထဲက ပိုက်ဆံချမ်းသာတဲ့ အိမ်တအိမ်ကို ဖောက် ထွင်းဖို့ လာခဲ့ပါတယ်။ ကျနော်တို့က ဝန်ထမ်းရပ်ကွက်ဆိုတော့ ရုံးဖွင့်ရက်တွေဆို ရပ်ကွက်ထဲမှာ သက်ကြီးရွယ်အိုတွေ ကျောင်းသားတွေ ရေစက်မောင်းသူတွေပဲ နေ့ခင်းဘက်ဆို ကျန်ခဲ့တတ်ကြပါတယ်။ ဒါပေမယ့် ဖောက်ထွင်းသမားအတွက် အခက်အခဲက အလီပါ။ အလီက ရပ်ကွက်ထိပ်မှာ ငုတ်တုတ်ကြီးထိုင်နေတော့ အဲ့တယောက်က အကြံထုတ်ပြီး အလီ့ကို လမ်းထိပ် ကားလမ်းမကြီးဘေးက လက်ဘက်ရည်ဆိုင် ခေါ်သွားပါတယ်။ ငယ်သူငယ်ချင်းလည်းဖြစ် သူ့အကြောင်းလည်း မသိတော့ အလီက လက်ဘက်ရည်ဆိုင် လိုက်သွားပါတယ်။ လက်ဘက်ရည်ဆိုင်မှာ မင်းကြိုက်တာ မှာစားထား အလီ၊ ငါ့အမအိမ် ခနသွားပြီး နှုတ်ဆက်လိုက်ဦးမယ် ဆိုပြီး အလီ့ကို ငုတ်ရိုက်သွားပါတယ်။
သုံးလေးနာရီကြာတော့ သူ ငုတ်ရိုက်ခံလိုက်ရတာကို အလီ သိလိုက်ပါပြီ။ လက်ဘက်ရည်ဖိုး မုန့်ဖိုးတွေကလည်း မရှင်းရသေးတော့ အလီ လက်ဘက်ရည်ဆိုင်ကနေ အသိတယောက်ယောက် သူငယ်ချင်း တယောက်ယောက် ဖြတ်သွားတာကို စောင့်ရပါတော့တယ်။ ညနေစောင်းတော့ ပိုက်ဆံရှိတဲ့အိမ် ဖောက်ထွင်းခံရကြောင်း တရပ်ကွက်လုံး သိသွားကြပါပြီ။ ဖောက်ထွင်းသွားတဲ့သူကိုလည်း ရေစက်မောင်းနဲ့ အိမ်ရှင်မတချို့ ကြောင့် အားလုံးသိသွား ကြပါတယ်။ ကူညီပါရစေတွေလည်း ရောက်လာပြီး ဖောက်ထွင်းသမားနဲ့ တွေ့ဆုံခဲ့သူ အလီ့ကို ပင့်သွားကြပါတယ်။ ကျနော်တို့ တရပ်ကွက်လုံးက အလီမပါမှန်း မလုပ်မှန်း သိကြပေမယ့် မြေနိမ့်ရာ လှံစိုက်တတ်တဲ့ ကျနော်တို့တိုင်းပြည်ရဲ့ လုပ်ထုံး လုပ်နည်းတွေက အလီ့ကို နှောင်ကြိုးတည်းသွားပါတယ်။
နောက်တနေ့ မနက်စောစောရောက်တော့ အလီ ပြန်ရောက်လာပါတယ် ကျနော်တို့လည်း အဖြစ်အပျက် အလုံးစုံသိချင်တော့ အလီ့ကို လက်ဘက်ရည်ဆိုင်ခေါ်ပြီး မေးကြတော့ သူ့ပုံစံက နာကျင်ပြီး စိတ်ရှုပ်ထွေးနေပုံဆိုတော့ မင်းကို သူတို့ အချုပ်ထဲမှာ ရိုက်လို့လားဆိုတော့ မဟုတ်ဘူးတဲ့၊ ငါ့ကို စစ်ဖို့ဆိုပြီး အခန်းတခုထဲမှာ ထည့်ထားတာ၊ ငါလည်း အဖြစ်အပျက်အားလုံး အမှန်အတိုင်းပြောတာပေါ့၊ နောက်တော့ ငါ့ မြန်မာနာမည် မေးပြီးတော့ တယောက်ပြီးတယောက် နဘန်ကျင်းလိုက် ပါးရိုက်လိုက် လုပ်တော့ တာပဲတဲ့။ အဲဒီတော့မှ ကျနော်တို့ အလီ့မှာ မြန်မာနာမည်ရှိမှန်း သိရပြီး အံ့သြနေရပါတယ်။ မင်းမြန်မာနာမည်က ဘာလဲဆိုတော့ သန်းရွှေတဲ့။ ကျနော်တို့မှာ ငိုအားထက် ရယ်အားသံပြီး တဝိုင်းလုံး ဝါးလုံးကွဲ ရယ်မိကြပါတယ်။ အဲ့နာမည် ဘယ်သူပေးသွားတာလဲ ဆိုတော့ သေသွားတဲ့ ငါ့အဖွားတဲ့။ ကျနော်တို့လည်း အလီ့ကို ကံဆိုးတဲ့အဖြစ်အပျက်ထဲက ရယ်ရခက် ငိုရခက်မို့ အားလုံး ပြုံးစေ့စေ့ ဖြစ်နေကြပါတယ်။
တကယ့်အဖြစ်အပျက်က ပူးပြင်းကျွတ်ရွနေတဲ့ နွေရာသီ ရက်တရက်မှာ ဖြစ်ပွားခဲ့တာပါ။ နေ့လည် ၂ နာရီလောက် အချိန်မှာ ခွေးရှုးတကောင်ဟာ ရပ်ကွက်ထဲ လမ်းမှား ဝင်ရောက်လာခဲ့ပါတယ်။ တဘက်ရပ်ကွက်ကနေ သွေးရူးသွေးတန်း ဝင်ရောက်လာတဲ့ ခွေးရူးဟာ စက်ဝိုင်းပုံ တည်ဆောက်ထားတဲ့ ကျနော်တို့ရပ်ကွက်ထဲမှာ ရွာလယ်ပြီး လမ်းပျောက်နေပုံရပါတယ်။ ခွေးရူးဝင်ရောက်လာတာနဲ့ ရပ်ကွက်ကလူတွေကော ခွေးတွေပါ ကြက်ပျောက် ငှက်ပျောက် ပျောက်ပြီး ကိုယ်ပိုင် ဝပ်ကျင်းတွေမှာ ပျောက်ရှသွားပါတယ်။ တမုဟုတ်ချင်း တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ လမ်းပေါ်မှာ ခွေးရူးတကောင်တည်း လမ်းသလားနေပါတယ်။
အဲဒီအချိန်မှာ အလီက ဝါရင်းတုတ်တချောင်းနဲ့ ခွေးရူးကို Battle ဆိုင် ပေါ်လာပါတယ်။ လမ်းပေါ်မှာ ခွေးရူးနဲ့ အလီ ဘတပြန် ကျားတပြန် လိုက်တမ်းပြေးတမ်း ရိုက်တမ်း ကိုက်တမ်း ကစားနေပါတော့တယ်။ ခွေးရူးဟာ နာကျင်မှုနဲ့ အသိစိတ်ပျောက်ပြီး အလီ့ကို ကိုက်ရခဲရဖို့ မနားတမ်း ကြိုးပမ်းနေသလို အလီကလည်း ခွေးရူးကို ဘယ်ဘက်က ရိုက်လိုက် ညာဘက်က ရိုက်လိုက်နဲ့ အချိန်တွေကြာလာပါတယ်။ ခွေးရူးနဲ့ အလီနဲ့ တိုက်ခိုက်တာ နာရီဝက်ခန့် ကြာမြင့်နေပါပြီ။ ရပ်ကွက်ထဲက လူတော်တော်များများက မိမိတို့ အိမ်ဝရန်တာကနေ အလီနဲ့ ခွေးရူး ပွဲဖြစ်နေတာကို ကြည့်နေကြပြီး ဟိုဘက်ပြေးသွားပြီ ဟိုဘက်ကိုလိုက် ဒီဘက်ပြေးသွားပြီ ဒီဘက်ကိုလိုက်၊ အလီ ညာဘက်က ခေါင်းကို ရိုက်။ ခါးရိုးကျိုးအောင်ရိုက် ဆိုပြီး ကိုယ်လုံခြုံရာ လွတ်မြောက်ရာကနေ အလီကို ဝိုင်းဆရာ လုပ်နေကြပါတယ်။
ကျနော်ကလည်း စာဖတ်နေရာကနေ ဝရန်တာကနေ ထွက်ကြည့်ပြီး အလီ ဖြေရှင်းလို့ရမယ်အထင်နဲ့ စာပြန်ဖတ်နေခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အလီတယောက် ခြေကုန်လက်ပန်းကျလာပါတယ်။ ကျနော်လည်း ဝင်ကူမှ ဖြစ်တော့မယ်ဆိုပြီး အိမ်က ပေါက်တူးရိုးကိုဖြုတ်ပြီး ထွက်ဖို့လုပ်ပါတယ်။ အဲဒီအချိန်မှာ ကျနော့်အဖေက တစခန်း ထလာပါတယ်။ သား ဘာလုပ်မလို့လဲ ဆိုတော့ အဖေ အလီ့ကို သွားကူပေးမလို့ ဆိုတော့ ဟေ့ကောင် အေးအေးနေစမ်းပါကွာ၊ မင်းအလုပ်လည်း မဟုတ်ဘူး၊ မင်းလည်း လုပ်တတ်တာမဟုတ်ဘူး ဆိုပြီးတားပါတယ်။
အဖေ အလီတယောက်တည်း မနိုင်တော့ဘူး၊ ကျနော် ကူမှရတော့မယ် ဆိုတော့ အဖေက အလီနိုင်ပါတယ်၊ မင်းက ဘာလုပ်မှာလဲ၊ မင်းကို ငါတို့က သေချာ အရိပ်တကြည့်ကြည့် မွေးထားတာ၊ အလီက ဘာမှမဟုတ်ပါဘူး။ မင်းတခုခုဖြစ်ရင် ငါတို့ ဘယ်လောက် ရင်ကျိုးမလဲ၊ ငါ့မှာလဲ ကျန်းမာရေးကောင်းတာမဟုတ်ဘူး၊ သားတယောက်တည်း မင်းကို အားကိုးရမှာလို့၊ အဖေ မဟုတ်တမ်းစကားတွေ လျှောက်ပြောပြီး ကျနော့်ကို တားတော့ ကျနော် တွေဝေသွားပါတယ်။ ပြီးတော့ အဖေ့ကို မလွန်ဆန်ရဲတာကော အလီ့ကို မကူညီနိုင်တာကော ပေါင်းပြီး ကျနော် ရှက်ရွံ့ တွေဝေနေပါတယ်။
သိပ်မကြာခင်မှာပဲ အလီ့ကိုကူညီဖို့ ဗေဒါကြီးဆိုသူတယောက် ရောက်လာပါတယ်။ ဗေဒါကြီးက ကျနော်တို့ ထက်ငယ်လို့ သူငယ်ချင်းမဟုတ်ပေမယ့် ဗေဒါကြီးကလည်း ကျနော်တို့ခိုင်းရင် လက်တိုလက်တောင်း အကုန်လုပ်ပေး တတ်သူ ဖြစ်ပါတယ်။ ၄၅ မိနစ်လောက်ကြာတော့ ခွေးရူးလည်း မောပန်းအားကုန်ပြီး အလီနဲ့ ဗေဒါကြီးတို့ ဝါးရင်းတုတ်တွေအောက်မှာ အသက်ပျောက်သွားခဲ့ပါတယ်။ ခွေးရူးသေပြီဆိုမှ လူတွေလည်း လွတ်ရာကျွတ်ရာက ထွက်လာကြပြီး ထင်ရာမြင်ရာတွေ ပြောဆို ဆရာလုပ်ကြပါတယ်။ အိမ်အမြင့်ဝရန်တာက လူတွေကလည်း သူတို့ လမ်းညွှန် ပေးလို့၊ ဆောင့်ကြွားကြွားကောင်တွေက ခွေးသေကို ထပ်ရိုက်ဖို့ ကြိုးစားပြီး အသံကျယ်ကျယ် ဆဲဆိုနေကြပါတယ်၊
တချို့ကလည်း ငါတို့လာတာ နောက်ကျသွားလို့ ဒီခွေး ဒီထက် စောစောကတည်းက သေသင့်တာ။ တချို့ကလည်း မင်းတို့သတ်တဲ့ခွေး မင်းတို့ပဲ မြေမြှပ်ပေးပါ။ ငါတို့ ပိုက်ဆံပေးပါ့မယ်ဆိုပြီး ပြောတဲ့လူကလည်း ရှိပါသေးတယ်။ အလီနဲ့ ဗေဒါကြီးကို ကျနော်တို့ လူအုပ်ကြားက ခေါ်ထုတ်ပြီး လက်ဘက်ရည်ဆိုင် ထွက်လာခဲ့ပါတယ်။ သေနေတဲ့ ခွေးရူးကိုတော့ ရပ်ကွက်ထဲက ကြိုက်တဲ့လူ မြေမြှုပ်ပါစေဆိုပြီး ထားခဲ့ကြပါတယ်။ အလီနဲ့ ဗေဒါကြီးတို့ သဘာဝအတိုင်း တညနေခင်း သူရဲကောင်းတွေဖြစ်ပြီး ခနနေတော့ လူတွေ မေ့ပျောက်သွားကြပါတော့တယ်။
အလီက ကံမကောင်းတတ်သူပါ။ ကံကောင်းလို့ ထီပေါက်ကိန်းပါပြီး ထီလက်မှတ် ကောက်ရရင်တောင် သူငယ်ချင်း တယောက်ယောက်ဆီမှာ လက်ဘက်ရည်နဲ့ လဲသောက်လို့ မုန့်ဖိုးပဲဖိုးလောက်ပဲ ရမယ့်ကောင်ပါ။ ရပ်ကွက်ထဲက သူငယ်ချင်းတယောက်က ၂ လုံးထီ သုံးလုံးထီ ရောင်းရာမှာ ဘောက်ချာ သွားပေး ပိုက်ဆံကောက်ပေးနဲ့ လုပ်နေရင်း ဟိုသူငယ်ချင်းက အရက်တိုက် လက်ဘက်ရည်ဖိုးပေးကို ဝိုင်းကူလုပ်နေရင်း အလီ အဖမ်းခံလိုက်ရပါတယ်။ အလီ ထောင်လေးနှစ်လောက် ကျသွားပြီး ထောင်က ပြန်လွတ်လာပါတယ်။ ထောင်ကပြန်လွတ်လာပြီး အလီ ကျန်းမာရေးဆိုးဝါးပြီး ဆုံးသွားတဲ့သတင်းလည်း ကြားလိုက်ရပါတယ်။ ကျနော်တို့လည်း ကိုယ်ပိုင်ဘဝတွေကို ရွက်လွှင့်ရင်း ရပ်ကွက်ထဲ ဆယ်စုနှစ်ကြာအောင် ပြန်မရောက်ဖြစ်ပါဘူး။ အလီ့သတင်းတွေတော့ သူငယ်ချင်းဟောင်းတွေကြားက မတော်တဆ ကြားခဲ့ရတာလောက်ပါပဲ၊ ဘာခံစားချက်မှလည်း သိပ်မရှိပါဘူး။
ဒါပေမယ် ကျနော် နှစ်ပေါင်းများစွာကြာပြီး ရပ်ကွက်ထဲ လှမ်းဝင်မလို့လုပ်တုန်း အလီ့အမက လှမ်းနှုတ်ဆက်ပါတယ်။ ဟဲ့ ကောင်လေး နင်တို့သူငယ်ချင်း အလီ ဆုံးသွားတာ သိလားတဲ့၊ ကျနော်က ကျနော်သိပါတယ် အမလို့ လှမ်းပြောရင်း အလီ့အကြောင်း ခေါင်းထဲ ဝင်လာပါတယ်။
အလီက ဘာမှ မဟုတ်ခဲ့တဲ့လူပါ။ ဒါပေမယ့် ခွေးရူးတကောင်ကို သတ်ရင်း သူ ပတ်ဝန်းကျင်ကို ကယ်တင်ခဲ့ပါတယ်။ အလီသာ အဲ့ခွေးရူးကို မသတ်နိုင်ခဲ့ရင် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် တခြားကပ်ဘေးတွေ ထပ်ကြုံရလာနိုင်ပါတယ်။ အဲဒီလို တွေးလိုက်မိတော့ အဲဒီဇာတ်ကွက်ထဲမှာ ဘာမှမဟုတ်တဲ့ကောင်က ကျနော်ဖြစ်သွားပါတယ်။ နောက် တော့ ကျနော် ဒီအကြောင်းအရာကို စာအဖြစ်ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခွေးရူးသတ်တုန်း မပါမိတဲ့ ရှက်ရွံ့မှုကို အနည်းငယ် လိပ်ပြာသန့်မယ် ထင်မိလို့ပါ။
Be the first to comment