ခွေးသားဆိုင် ဆိုင်းဘုတ်ထိပ်မှာ ဆိတ်ခေါင်းချိတ်လို့ ရောင်းချင်သူ

‘ခွေးသားဆိုင် ဆိုင်းဘုတ်ထိပ်မှာ ဆိတ်ခေါင်းချိတ်လို့ ရောင်းချင်သူ’
◼️ ရီနေနိုင်
ဒီနေ့ ပြည်သူ့အချစ်တော် ကျော်မျိုးမင်းက သူ့ NP media ကနေ ဒေါ်စန္ဒာမင်း အင်တာဗျူး ထုတ်လွှင့်တာ နားထောင်လိုက်ရပါသဗျာ။ နားထောင်ကြည့်တော့ မကြာခင်က ဘောမ တယ်လီဂရမ်ချယ်နယ်ကနေ ပေါက်ကြားလာတဲ့ပုံစံနဲ့တင်လာတဲ့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင် ထွက်ဆိုချက် မှတ်တမ်းများ” ကိစ္စကိုးဗျ။ ဒီမှတ်တမ်းထဲက ဒေါ်စုက CRPH၊ NUGနဲ့ PDF ဆိုတာတွေ မသိပါကြောင်း ဆိုတဲ့ “လော်ဘီ”ကို သူတို့တော်ကီတွေနဲ့ အရောင်ထပ်တင်ရင်း တဆက်တည်း တော်လှန်ရေးကို သွေးခွဲပုံဖျက်ဖို့ ဇာတ်တိုက်သရုပ်ဖော်တဲ့ “ဘောမ”လောက သဘောကျ “ဖေါ”ပြကြတာပဲဆိုတာ မြင်ကြရပါတယ်။
​ဒီနေရာမှာ သြချရမှာကတော့ ခိုးထုတ်ခိုးထည်နဲ့ လူပုံလည်ထွက်ရဲသူလို ဗြောင်ကျကျလုပ်ရဲတဲ့ မစန္ဒာမင်း ပါပဲ။ ဘာကြောင့်ဆိုတော့ ဒီနွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စုက ပုံစံအမျိုးမျိုးနဲ့ သွေးခွဲဖို့ တမင်ဖန်တီးထားတဲ့ အွန်လိုင်းမီဒီယာအမျိုးမျိုး ရှိသကိုးဗျ။
ဥပမာ YouTube မှာ ပုံမှန်သတင်းတင်နေတဲ့ တချို့မီဒီယာတွေက တော်လှန်ရေးသတင်းတို့ သီချင်းတို့ အားပါးတရတင်ပြီး လူစု၊ ပရိသတ် အခိုင်အမာရလာတော့ ကြားလူလိုလို သွေးခွဲတဲ့အယူအဆတွေ အင်တာဗျူးတွေ ထိုးထည့်၊ ပြီးတော့ တော်လှန်ရေးသတင်းတွေ ဆက်ဆက်တင်< တချက်တချက်မှ တော်လှန်ရေးနဲ့ ခေါင်းဆောင်တွေကို အပုတ်ချ ဖေါင်းထုတာတွေ မသိမသာ ညှပ်ထည့်< သူတို့ပုံဖော်ပုံက “ဘက်မလိုက် မီဒီယာ”ပေါ့ဗျာ။ ငြင်းမရတဲ့ တော်လှန်ရေး‌အောင်ပွဲကျတော့ ခမ်းခမ်းနားနားတောင် ဖော်ပြလို့ပေါ့။ တကယ်ဆို အဲဒီ မီဒီယာမျိုးကမှ အခုလို အင်တာဗျူးမျိုးနဲ့ ပြည်သူကိုဂျင်းထည့်ဖို့ အကောင်းဆုံးနေရာပဲဗျ။
ဒါပေမဲ့ အဲဒီဟာတွေ ကလည်း လူပါးတွေပဲလေ။ ဒီ … အင် … အင်… အင်တာဗျူးမျိုး ဘယ်လုပ်ပေးချင်မလဲ။ ပြီးတော့ သူတို့ကကို ကြောင်မျိုးမင်းလို လူသိမများ၊ အတို့အထောင်မတတ်၊ အရှက်မဲ့ ‘ဆွဲချ’ မလုပ်ရဲဆိုတော့ မစန္ဒာမင်းလည်း မကြိုက်လောက်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အခုအင်တာဗျူးမှာ “ကျော်မျိုးမင်း မေးသည်” ဆိုတာနဲ့ကို အဖြေ က ပေါ်နေပြီဗျ။ ‘ဘယ်သူဖြေ.. ဘာကိစ္စ’ဆိုတာတောင် အရေးမကြီးလှတော့ဘူး။ “အိမ်သာ”လို့ လူ တိုင်းသိတဲ့နေရာမှာ ကော်ဇောခင်းပြီး အမွှေးနံ့သာ ဘယ်လိုဖျန်းဖျန်း ထမင်းစားခန်းလုပ် မရသလိုပါပဲဗျာ။
​ထားပါတော့၊ ကျွန်တော်တို့ကသာ ဒီလိုမြင်တာ၊ မစန္ဒာမင်းကဖြင့် ဒီပြဇာတ်ကို ကျေကျေနပ်နပ်ကြီး ရွေးချယ် ကပြခဲ့တာပါ။ ဘာကြောင့်ဆိုတော့ အင်တာဗျူးအစမှာကို သူက “ကိုကျော်မျိုးမင်းနဲ့ တွေ့ရင်တော့ ပြောပြဦးမယ်လို့ စဥ်းစားထားတာ၊ ကိုကျော်မျိုးမင်းက ခေါ်လိုက်တော့ အတော်ပဲ ဖြစ်သွား..” ဆို ကိုး။ (ဟဲ..ဟဲ၊ သူတို့ ဒီလိုပဲ ခေါ်နေကြ..လှော်နေကြ..ထင်ပါ့ဗျာ)။ ထားတော့၊ မစန္ဒာမင်းက ဒေါ်စု မွေးနေ့ကျမှ ဟိုဖက်က တမင်ထုတ်ရှိုးလာတဲ့ တရားခွင်မှတ်တမ်းတွေက “အစစ်”တွေပါလို့လည်း သက်သေထူပြီး သူ့လက်ထဲမှာလည်း အစောကြီးကတည်းက ရှိပါ့ဆိုပဲ။ ပြီးတော့ ဒါတွေက “လဝ” မဟုတ်ပါဘူးတဲ့။ (အဲဒီ “လဝ”ဆိုတာ “လျှို့ဝှက်”နော်၊ ဖေ့ဘုတ်ခေတ်မို့ လတို့ စတို့ပါရင် ဆဲတာမှတ်တတ်လို့ပါ၊ ဟဲ..ဟဲ..) “လျှို့ဝှက်” မဟုတ်တဲ့အပြင် တရားရုံးထွက်ဆိုချက်ဖြစ်လို့ သိလို့လည်းရပါသတဲ့။ “စောစောလေး သိသွားတော့ အကျိုးရှိတယ်”တောင် ဆိုလိုက်ပါသေးသဗျာ။
ဒါဆိုရင် ဒေါ်စန္ဒာမင်းက လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက သူ့လက်ထဲရှိတဲ့ အကျိုးရှိမယ့်ဟာကြီး လုံးလုံးချမပြဘဲနေတာ အတော်ထူးဆန်းမနေဘူးလား။ ဒါ့အပြင် လျှို့ဝှက်လည်းမဟုတ် အများပြည်သူသိခွင့်ရှိပြီး သိရင် အကျိုးရှိမယ့်ဟာကြီးကို စကစကြီးကလည်း လေးငါးနှစ် တိတ်တိတ်သိမ်းထားပြီး အခုတောင် သူတို့ကိုယ်တိုင် ဗြောင်ချမပြရဲဘဲ လော်ဘီချယ်နယ်ကနေ “မရဲတရဲ” ကလေး ဟပြတာကလည်း အတော်ဆန်းတယ် ဆိုရမှာပေါ့နော်။ (ဒီလို ဆိုရှယ်မီဒီယာက မရဲတရဲပြတာတောင် ဘယ်မီဒီယာကမှ မဖော်ပြလို့တဲ့။ ကိုကြောင်က အပြစ်ဖို့နေသေးဗျား)။
​ထားပါတော့။ သူတို့ အင်တာဗျူးမှာ ပထမ စပြောတာကတော့ နွေဦးတော်လှန်ရေးအစမှာ ဦးဝင်းထိန်က “ဒေါ်စုရဲ့စာ”ဆိုပြီး စီဒီအမ်လုပ်ဖို့၊ တနိုင်ငံလုံးအုံကြွဖို့ စတာတွေ ပါတဲ့စာဟာ ဘယ်နည်းနဲ့မှ ဒေါ်စုစာ မဟုတ်နိုင်ဘူးလို့ မစန္ဒာမင်းက ဆိုပြန်တယ်။ ဒါတင်မက “အခုလို မာထန်သွားတဲ့လေသံမျိုးဖြစ်အောင် ပြင်ထားတာများလား”လို့တောင် စွပ်စွဲလိုက်ပြီး “CDMလုပ်ဖို့အထိ” မာမာထန်ထန်ပြောတာ ဒေါ်စုစကား မဖြစ်နိုင်ဘူးလို့ ဆိုပါသေးတယ်။ ဒီနေရာမှာ အံ့သြစရာက မစန္ဒာမင်းလို နိုင်ငံရေးသမားတယောက်က CDM ကို ‘မာမာထန်ထန်’လို့ ဖွင့်ဆိုတာပါ။ တကယ်တော့ CDM (Civil Disobedience Movement) ဆိုတာ အလွန်သိမ်မွေ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းလို့ လူသိများပြီး အခု CDM ဝန်ထမ်း တွေကလည်း ရာထူးကိုသာစွန့်ခဲ့ကြပြီး ရုံး၊ ကျောင်း၊ စက်ရုံတွေ ဖျက်ဆီးတာလည်း မရှိဘူးခင်ဗျ။
ပြီးတော့ CDM သမိုင်းကိုပြန်ကြည့်ရင် ၁၈၄၈ လောက်က အမေရိကန်မှာ ဟင်နရီဒေးဗစ်သရိုး ဆိုသူရဲ့ လူခွန်မဆောင်လှုပ်ရှားမှုက ဒီစကားလုံးစပေါ်ခဲ့ပြီး ၁၉၃၀၊ အိန္ဒိယကဂန္ဒီကြီးရဲ့ ဆားသပိတ်၊ ၁၉၅၅ အမေရိကန် မောင်ဂိုမာရီဘတ်စ်ကားသပိတ် စတဲ့ စတဲ့ သမိုင်းဝင် CDM လှုပ်ရှားမှုတွေကို အကြမ်းဖက်လို့ ဘယ်သူမှ တံဆိပ်မကပ်ပါဘူး။ နာဇီဟစ်တလာတောင် ဒိန်းမတ်ရထား CDMကြောင့် နိုင်ငံအနှံ့ သိမ်းပိုက်ရေး နှေးခဲ့ပြီး ရထားဝန်ထမ်းတွေ အသစ်ခန့်ပြီးဖြေရှင်းခဲ့ရသတဲ့။ ဒီလိုပဲ ၁၉၈၈ ဝန်ထမ်းသပိတ်တွေကလည်း CDM လှုပ်ရှားမှုတွေပဲဖြစ်ပြီး အဲဒီကာလ၊ သမ္မတ ဒေါက်တာမောင်မောင်ကတောင် ဒီလှုပ်ရှားမှုတွေက ဥပဒေနဲ့အညီမို့ အ‌ရေးယူလို့မရဘူး လို့ မိန့်ခွန်းထဲ ထည့်ပြောဖူးပါတယ်။အခုကျမှ မစန္ဒာမင်းက စကစက လေသံတူ “မာမာထန်ထန် အကြမ်းဖက်”လို စွပ်စွဲနေပုံက ဆွဲချအတူ ဝင်ကူလုပ်နေသလိုပါပဲဗျာ။
ဆက်ပြောတာကတော့ “ဒေါ်စုက CRPH၊ NUGနဲ့ PDF ဆိုသည်များ မသိပါဘူးလို့ ထွက်ဆိုတဲ့ အကြောင်း”။ ဒီကိစ္စမှာ တရားခွင်မှာတော့ ခုခံစစ်ဆင်နွှဲသူတွေနဲ့ ဒေါ်စုကိုချိတ်တွဲပြီး ပြစ်မှုကြီး စွဲချက်တင်လိုတဲ့သဘောဖြစ်မယ်။ ဒီအင်တာဗျူးမှာကျတော့ တော်လှန်‌ရေး ပင်မအဖွဲ့အစည်းတွေဖြစ်တဲ့ CRPH၊ NUGနဲ့ PDF တို့ကို ဒေါ်စုအသိအမှတ်မပြုဘူးဆိုပြီး ဒီအဖွဲ့တွေနဲ့ပြည်သူကြား၊ ပြည်သူနဲ့ဒေါ်စုကြား သွေးကွဲမှုတွေဖြစ်အောင် အကြံကြီးကြံတာပါပဲ။ ကဲ၊ ဒါဆို ဒေါ်စုကို အာဏာသိမ်းကတည်းက ဖမ်းထားပြီး ပြင်ပနဲ့အဆက်ဖြတ်ထား၊ ဘယ်သူနဲ့မှလည်း မတွေ့ရ။ ဒီတော့ သူမရှိတုန်းပေါ်လာတဲ့ ဒီအဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေကို မသိပါဘူး ပြောတာက ဘာများမှားလဲဗျာ။ ကျမ မထောက်ခံဘူး၊ သဘောလည်း မတူဘူးလို့ ပြောတာမဟုတ်သလို သဘောတူမတူ၊ ထောက်ခံ မထောက်ခံလည်း ပြောရမယ့်အနေအထားလည်း မဟုတ်ဘူးလေ။
ပေါ့ပေါ့ပါးပါး ဥပမာတခုပြောရရင် လူတယောက် ထိခိုက်မှုတခုကနေ ကိုမာရပြီး ဆေးရုံမှာ ကာလရှည်ကြာရှိခဲ့တုန်း သူ့သမီး အိမ်ထောင်ကျတယ်ဆိုရင်.. သူသတိရလာချိန် “သားမက်”ကို သိလားဆို မသိဘူးပဲ ပြောမှာပေါ့။ သဘောတူလား လက်ခံလား ဆိုရင်တော့ မတွေ့ဖူးဘဲ ဘယ်လို ပြောမလဲ။ နောင်တွေ့ဖြစ်မှ အကဲခတ်ဆုံးဖြတ်ပြီး ပြောရမှာလေ။
ဒီလိုပဲ သူ့မျက်ကွယ်မှာ ဖြစ်တည်လာမှုမှာ မသိဘူးပြောတာ ဘာမှားလဲဗျာ။ ပြီးတော့ တရားခွင်မှာ CRPH ဖွဲ့ဖို့ ကြိုပြင်ဆင်ထားတာလို့ စွပ်စွဲချက်ကတော့ ရူးလို့ပြောတာပဲ ဆိုရမယ်။ ရုတ်တရက်အာဏာသိမ်းပြီး ဒေါ်စုကိုဖမ်း၊ လွှတ်တော်ကျင်းပခွင့်တွေပိတ်ထားလို့ လွှတ်တော်တွေရှင်သန်ခွင့်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဝိုင်း ရုန်းကန်ကြရာကနေ CRPH ​ပေါ်လာတာ အားလုံးသိရက်နဲ့ ထောင်ချောက်ဆင်မေးတာက ပေါ်နေတယ်လေ။ ​​ပြီးတော့ “NUGမှာ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ထုတ်ပြန်ထားတာကို ဘယ်လိုသဘောရသလဲ”လို့ မေးတာကို ဒေါ်အောင်ဆန်းစုကြည် က “NUG ဆိုတာဘာလဲ” လို့ပြန်မေးလိုက်ပြီး “CRPH က ခန့်တဲ့အဖွဲ့” ဆိုတော့ CRPH ဆိုတာ ဘာလဲ လို့ မေးခွန်းပြန်ထုတ်ပုံတွေက အတော်ပညာပါတယ်လို့ ဆိုရပါမယ်။ နင်တို့ကန့်သတ်ပိတ်လှောင်ထားတာ ဒါတွေ ငါဘယ်လိုသိမှာလဲလို့ ပြန်ပြောလိုက်တာပါ။
ဒီနေရာမှာ ပြင်ပ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းမြင့်တို့ကို ချိတ်တွဲအပြစ်ရှာမယ့် ထောင်ချောက်အဖြေမျိုးရော၊ ဒီအဖွဲ့အစည်းတွေဖွဲ့တာ သဘောမတူ၊ လက်မခံကြောင်းဖြေပြီး တော်လှန်ရေးနဲ့ ဒေါ်စုတို့ခေါင်းဆောင်တွေနဲ့ သွေးခွဲ‌အောင်လုပ်နိုင်မယ့်အဖြေပါ သူတို့ကို မပေးခဲ့ပါဘူး။ ဒီလောက် အစွန်းလွတ်ဖြေထားတဲ့ “မသိဘူး” ဆိုတာကြီးကိုပဲ အသိအမှတ်မပြုဘူးဆိုတဲ့ သဘောရောက်အောင် ဇွတ်ဆွဲတံဆိပ်ကပ်ဖို့ ဒီအမှုတွဲတွေ ဖော်ထုတ်၊ အခုလို လူစိတ်ဝင်စားအောင် ထပ်လုပ်နဲ့ တမင်ရှုပ် တမင်ယုတ်.. အဲလေ..တမင်လုပ်တာ ပေါ် နေပါတယ်ဗျာ။ တကယ်တော့ “မသိဘူး”ဆိုတာနဲ့ အသိအမှတ်မပြု၊ သဘောမတူဘူး ဆိုတာနဲ့ မတူပါဘူး။
တကယ်လို့ တရားခွင်မှာ ကုလသမဂ္ဂက သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖြစ် ဆက် အသိအမှတ်ပြုထားတာ သိသလားလို့မေးခဲ့ရင် ဒေါ်စုက မသိပါဘူးပဲ ဖြေမှာပါ။ သူမှ မသိပဲကိုး။ ဒီလို မသိတာဟာ ဒီအသိအမှတ်ပြုမှုကို လက်မခံတာမဟုတ်သလို ကျေနပ်တယ်လို့ မဆိုလိုပါဘူး။ မသိဘူး ပြောတာ အစွန်းလွတ်ပါတယ်။ တကယ်လို့ ဦးကျော်မိုးထွန်းကို NLD အစိုးရ သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂက ဆက်လက်ခံထားတာ သိလားမေးလည်း မသိဘူးဖြေမှာပါပဲ။ ဒါက သဘောမတူတာ မဟုတ်ဘူးလေ။
အမှန်တော့ ဒီ တရားခွင်မှတ်တမ်းတွေက (သူတို့ ၂၀၀၈ အခြေခံဥပဒေအရတောင် နိုင်ငံတော်သစ္စာဖေါက် ဖြစ်နေတဲ့) တရားမဝင်အစိုးရက မတရားစွဲချက်တွေနဲ့ ဖမ်းဆီးပြီး “ပြည်သူ့ရှေ့မှောက် တရားစီရင်ရ” မယ့် အခြေခံမူကို ဖေါက်ဖျက်၊ မတရားဆွဲချလုပ်တဲ့ မှတ်တမ်းပါပဲ။ ဒါပေမဲ့ ဒေါ်စုကတော့ ခပ်အေးအေးပဲ ဘောင်ထဲကရတဲ့နည်းနဲ့ တုံ့ပြန်ပုံက မှတ်တမ်းအစမှာကို သူ့လာဖမ်းပုံကို “စစ်အကြမ်းဖက်အဖွဲ့နဲ့ ဗိုလ်ချုပ်တယောက်” ရောက်လာတယ်ဆိုပြီး စ ထွက်ဆိုတာပါပဲ။ အဲဒီမှာ အမှုလိုက် ဥပဒေအရာရှိက “စစ်အကြမ်းဖက်”အသုံးကို ကန့်ကွက်တော့ ဒေါ်စုက ခပ်‌အေးအေးပြန်ရှင်းပြပုံက လုံခြုံရေးယူတဲ့ အထဲမှာ စအဖနဲ့ “စစ်အကြမ်းဖက်” ဆိုပြီး သူတို့အချင်းချင်းသုံးနှုန်းတဲ့အတိုင်း ပြောတာပဲလေတဲ့။
ပြီးတော့ ဆန္ဒပြတာတို့ ဝန်ထမ်းတွေ အလုပ်မတက်တာတို့ကို ဒေါ်စုက ပါတီကတဆင့် စာဖတ်ပြပြီး တားဖို့ လုပ်ချင်ပုံမျိုးလည်း ဒီထဲမှာ တွေ့ရတယ်။ ဒေါ်စုကတော့ ပထမက စဥ်းစားမယ်ဆိုပေမယ့် နောက်တော့ အစိုးရဖြစ်ပြီးနောက် ပါတီနဲ့မပတ်သက်ခဲ့လို့ မဖတ်တော့ဘူးလို့ ပြောခဲ့တာလည်း တွေ့ရပါတယ်။ ပြည်သူကိုတော့ ဒေါ်စုနဲ့ခွဲထားပြီး ပြည်သူကို ဒေါ်စုသြဇာရှိမှုကိုတော့ တလွဲသုံးချင်ကြသေးတယ်နော်။ ပြီးတော့ ဒီအင်တာဗျူးက အမှုတွဲကို အခြေခံ မေးတာပေမယ့် လိုသလိုပုံဖော်မေးနေတာ တွေ့ရသဗျ။ ဥပမာ PDF က ဗုံးခွဲတာ၊ စစ်တပ်ကို ပစ်ခတ်တာ၊ ပြည်သူတွေကို ဒလန်စွပ်စွဲသတ်ဖြတ်တာတွေ သိပါသလားလို့ မေးတဲ့အခါ ဒေါ်စုက “ပြင်ပနဲ့အဆက်ဖြတ်ထားလို့ မသိကြောင်း ’နဲ့ ထပ်မေးတဲ့ မေးခွန်းကိုလည်း NLD က နိုင်ငံမတည်ငြိမ်‌အောင် လုပ်မယ်လို့ မယုံကြည်ပါလို့ပဲ ဖြေတာ။ အဖြေက ရှင်းနေတာပါ။
အဲဒါကို ကိုကြောင်မျိုးမင်းရဲ့မေးခွန်းက “ဒီလို ကြားလိုက်တော့ ဒေါ်စုဘယ်လိုတောင်ဖြစ်သွားမလဲ၊ ဒီစာကို မကြည့်ဘဲ ဖြေပါ” ဆိုပဲ။ ဒီစာဆိုတဲ့ သူတို့မှတ်တမ်းအရတောင် မပြောရဲဘဲ ဇွတ် အတိုင်အဖေါက်လုပ်ပြီး မစန္ဒာမင်းက “ဟာ၊ ဒေါ်စု ရှော့ခ်ရသွားမှာပေါ့” ဆိုတာမျိုး.. လုပ်တာ..လုပ်တာ။ ကလေးကွက်တွေပါဗျာ။
ပြီးတော့ မစန္ဒာမင်းက ပြည်တွင်းမှာ NLD ပါတီဝင်တွေ အများကြီး ရှိသေးတယ်လို့ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့သူအားလုံးက “ကျမနဲ့တသဘောတည်းပေါ့” ဆိုရင် မဟုတ်ဘူးနော်။ အမှန်က ပြည်တွင်းကနေ တော်လှန်ရေးမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေသူ ပါတီဝင်တွေ အများကြီးပါ။ ကိုယ့်အိမ် ကိုယ့်ရပ်ကွက်မှာတော့ နေမရဘူးပေါ့။ (ကျနော်တို့ကိုယ်တိုင်လည်း ပြည်တွင်းမှာ ကိုးလဆယ်လကြာပြီးမှ လုံခြုံရေးပေါက်ကြားလို့ ထွက်လာရတာပါ)။ ပြည်တွင်းမှာ ကျန်ခဲ့သူတွေထဲမှာ ဒီလိုလှုပ်ရှားနေသူများအပြင် တော်လှန်ရေးကို ထောက်ခံပေမယ့် ပါဝင်ဖို့မဖြစ်နိုင်ဘဲ ကျန်းမာရေး၊ မိသားစု၊ လုံခြုံရေး၊ လူမှုရေးတွေကြောင့် အလိုက်သင့်နေရသူတွေလည်း ရှိတယ်။ ဒါ့အပြင် နိုင်ငံရေးနည်းများနဲ့ ကိုယ့်နည်းကိုယ့်ဟန် လှုပ်ရှားနေသူတွေလည်း ရှိတယ်။ သူတို့တွေက ဒေါ်စန္ဒာမင်းကို ဝိုင်းရံသူများတော့ မဟုတ်နိုင်ဘူးနော်။
ကဲပါလေ၊ မှတ်တမ်းထဲကရော၊ အင်တာဗျူးထဲကပါ အမြင်မတော်တာတွေ လျှောက်ပြောနေရင် “ကိုယ်ပါသုံးကောင်ဖြစ်တော့မှာမို့” သိပ်ရှည်ရှည်ပြောမနေတော့ပါဘူး။ တခု ပြောချင်တာက ဒီမှတ်တမ်း ထုတ်ပြလိုက်ရင် ဒေါ်စုက တော်လှန်ရေးကို သဘောမတူ၊ တော်လှန်ရေးအင်အားစုတွေကို အသိအမှတ် မပြု.. ဆိုတဲ့သဘော ပေါ်မယ်ထင်တာလား။ ဒေါ်စုက ဒီသဘောရှိတယ်ဆိုတာကရော တကယ် သေချာနေတာလား။ ဒါဆိုရင် လွယ်ပါတယ်။ NUG တို့ CRPH တို့ PDF တို့ ဟက်တက်ကွဲအောင်၊ ဒါမှမဟုတ် ဒေါ် အောင်ဆန်းစုကြည်နဲ့ သူတို့ထိပ်တိုက်တွေ့ရအောင် ဒေါ်စုကို မြန်မြန်လွှတ်ပေးလိုက်လေ။ အဲဒါဆို ပွဲသိမ်းပေါ့ဗျာ.. ဟဲ..ဟဲ။ ကိုကျော်မျိုးမင်းပြောသလို ဒေါ်အောင်ဆန်းစုကြည် စကားတောင် နားမထောင်ဘဲ ပုန်ကန်ချင်သူများ၊ ပြီးတော့ ဒေါ်စုကို အကြမ်းဖက်ဖြစ်စေချင်သူများ တခါတည်း ဇာတ်သိမ်းသွားအောင် ပေါ့ ..ဟဲ..ဟဲ။ နောက်တခုက မစန္ဒာမင်းက သူ ဒေါ်စုကို တွေ့ခွင့်ရပြီး ဒေါ်စုနဲ့သူက တသဘောတည်း ဖြစ်တဲ့သဘော၊ ဒေါ်စုက သူပြောတာလက်ခံပြီး “ပြည်တွင်းမှာ ပါတီမူဝါဒနဲ့ပဲ ရပ်တည်ပါ”လို့ မှာလိုက်တယ်လို့ ဆိုပါတယ်။ ကဲ၊ ဒီစကားမှန်မမှန်ကို ဒီစာဖတ်တဲ့သူ အများစုထဲမှာ သိသူတွေအများကြီး ရှိပါလိမ့်မယ်။ ဒါပေမဲ့ သူ့ပြောတာကိုပဲ ကျွန်တော်တို့ ကောက်ချက်ဆွဲကြရအောင်။ ဟုတ်ပြီ၊ ဒါဆိုရင် မစန္ဒာမင်းနဲ့ ဒေါ်စုတို့ သဘောထားကိုက်ညီပြီး ဒေါ်စုက ပြည်တွင်းမှာပဲ အလိုက်သင့်ကလေးနေပြီး ပါတီမူဝါဒ အတိုင်းပဲ ရပ်တည်တာသဘောကျတယ်ဆိုရင် ဒါကလည်း စကစကြီးက ကြားချင်တဲ့ စကားဖြစ်မှာပါပဲ။ “ပြည်တွင်းမှာနေ”ဖို့ ဆိုတာ ဖေ့ဘွတ်မှာ ပန်းပန်ရုံနဲ့တောင် ထောင်ချနေတဲ့ စကစအောက်မှာ ဘယ်လိုနေမှ ရမယ်ဆိုတာ အားလုံးလည်း သိနေတော့ ဒီလိုနေတာကို ဒေါ်စုကမှန်တယ်လို့ ပြောခဲ့တာဆိုရင် ဒီလောက် အဆင်ပြေနေတာကို စကစကလည်းကြိုက်မယ့်ဟာကို ဒေါ်စုနဲ့သူ ဘာကြောင့်ခဏခဏ မတွေ့ကြတာလဲ။ တခါလေးတွေ့ပေမယ့် အဆင်အလွန်ပြေခဲ့ပြီး ဒါကလည်း သူ့အပြောအရဆိုရင် စကစကစိတ်ဆိုး စရာမပါတော့ ခဏခဏတွေ့ဖို့လည်း စီစဥ်တောင် ပေးချင်မယ်ထင်တာပါပဲ။ တကယ်ကတော့ ဘာကြောင့် တခါတည်းနဲ့ တပ်လန်သလဲ အားလုံးလည်း သိပြီးသားပါဗျာ။
အမှန်တော့ ဒီအင်တာဗျူးမှာပြောတဲ့ ဒီနေ့ ပြည်သူတွေသေနေတာ “NLDကြောင့်၊ ဒေါ်စုကြောင့်” ဆိုတာ ဘယ်သူတွေပြောနေတာလဲ၊ အားလုံးသိပါတယ်။ ပြည်သူအများက အမှန်ကိုသိနေတာပဲဟာ ဘာကြောင့် အရှက်မရှိ ပုံဖျက်ပြောရတာလဲ။ ထားပါတော့။ ပြီးတော့ ဒေါ်စုက အခုလိုဖြစ်နေတာသိလို့ ‘ရှော့ခ်’ ရစရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်ဆိုတော့ Council of Foreign Relations က ကမကထလုပ်တဲ့ ဗီဒီယိုကွန်ဖရင့်မှာ “စစ်တပ်က အာဏာသိမ်းဖို့ရှိမရှိ”ဆိုတဲ့ မေးခွန်းဖြေတော့ “လူတွေက မခံစားခဲ့ရစဖူး ဒီမိုကရေစီအရသာကို ခံစားရပြီးမို့..လို့ အစချီပြီးတော့ “ ..such a coup lead to an extremely violent political reaction and unbelievable riot” လို့ ဖြေခဲ့ပြီး အလွန်ဆိုးဝါးကြမ်းတမ်းတဲ့ နိုင်ငံရေး တုံ့ပြန်မှုနဲ့ မယုံနိုင်စရာ ကသောင်းကနင်းဖြစ်မှုတွေကြုံလိမ့်မယ်လို့ ကြိုနိမိတ်ဖတ်ခဲ့ သိထားခဲ့ပြီးသားမို့ပါပဲ။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ မစန္ဒာမင်းက ဒီလိုပဲ ဒေါ်စု မပြောတာတွေ လိမ်ပြောတတ်တယ်ဆိုတာ နိုင်ငံခြားပညာရှင် ရှောင်တာနယ်လ်လိုလူကတောင် ထုတ်ပြောဖူးပါတယ်။ အခု ဒီအင်တာဗျူးမှာတော့ အတော်ဗြောင်ကျပုံက စစ်လော်ဘီမီဒီယာမှာ စစ်အုပ်စုအလိုကျ တော်လှန်ရေးကို ပုတ်ခတ် စော်ကားတဲ့စကားတွေကို ဒေါ်စုကို အသုံးချပြီး ပြောတာပါပဲ။ ဒါက ဘာနဲ့တူသလဲဆိုတော့ “Hanging up goat head and selling dog meat ဆိုတဲ့ မြန်မာလိုလည်း လူသိများလှတဲ့ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း”တာကို လုပ်တာပါပဲ။ အတော်ဗြောင်ကျကျနဲ့ အရှက်မရှိလုပ်ပုံက “ခွေးသားရောင်းသည်” ဆိုတဲ့ ဆိုင်းဘုတ်ထိပ်မှာကို ဆိတ်ခေါင်းချိတ်ပြီး ကျမကဖြင့် “ဆိတ်သားသည်ပါရှင်”လို့ ဇွတ်လုပ်တာဗျ။ ယုတ္တိရှိရှိ မရှိရှိ၊ မျက်နှာပြောင်နဲ့ ဇွတ်ပြောတာပါပဲ။ နဂိုက “ခွေးသားစျေး”လို့ နာမည်ပျက်သားပြီး ဆိုင်ရှင် တချို့ကလည်း တို့စျေးက “ဆိတ်သားလိုချင်လည်း ဝယ်နိုင်အောင် လုပ်ပေးထားပါသဗျာ”ဆိုတဲ့ ဂုဏ်ရဖို့ သူတို့ဆိုင်းဘုတ်ထိပ် ဆိတ်ခေါင်းလာချိတ်သူကို နေရာပေးပြီး ခွေးသားကန်ထရိုက်တာကိုတောင် ခွေးသားကို ဆိတ်သားလုပ် ကူရောင်းခိုင်းလိုက်သေးသပေါ့။ ဒီလိုလုပ်လို့ သူတို့ပြောတာ ယုံကြမှာလား၊ တော်လှန်ရေး ရပ်သွားမလား၊ လူတွေ ယုံထင်ကြောင်ထင် ဖြစ်ကြမှာလား။ အဲဒါတွေ ဘာမှဘာမှ မဖြစ်ပါဘူး။
သူတို့ဖြစ်ချင်တာက ခွေးသားစျေး၊ စျေးခေါင်းနဲ့ ခွေးသားဆိုင်ရှင်တချို့က ငါတို့စျေးမှာ “ဆိတ်သား လိုချင်လည်း ဝယ်လို့ရတယ်”လို့ လူကြားထဲဂုဏ်ဖော်နိုင်ဖို့ ခွေးသားကိုပဲ ဆိတ်သားလုပ်ရောင်းနိုင်အောင် ဝိုင်းလုပ်ပေးချင်တာ၊ ရောင်းတဲ့သူကလည်း ဆိတ်ခေါင်းချိတ်ပြီး အဲဒီလိုရောင်းချင်တာ။ အဲဒါပါပဲ။ အရင်ကလည်း ၂၀၁၀ မှာ ဒါမျိုး ရောင်းခဲ့ဖူးတော့ အခုလည်း ရောင်းကြည့်မလားလို့ ကြံတာပါပဲ။ ဒါပေမဲ့ ခေတ်က မတူတော့ဘူး။ ၂၀၁၀ နဲ့ ၂၀၂၅ က ဘာမှမဆိုင်တော့ဘူး။ ၂၀၁၀ မှာက ဆိတ်သားမစစ်ဘူးဆိုသော်ငြား ခွေးသားချည်းလည်းမဟုတ်ဘူး ဆိုပြီး လက်ခံကြတာ။ အခုဟာက ခွေးသားညှီစော် အတော်နံနေတာ။ ပြီးတော့ ၂၀၁၀ လို ရွေးကောက်ပွဲမဖြစ်မှန်း အားလုံးသိပြီးသားပါဗျာ။ ဒီထက်ထူးခြားတာက ခွေးသား ဆိုင်ရှင်ထဲမှာကို “ဆိတ်ခေါင်းလာချိတ်”တာကို လုံးလုံးမခံနိုင်တာမျိုး မြင်နေရတာပဲဗျ။ ဘာကြောင့်ဆိုတော့ ကြံ့ပါတီ ခေါင်းဆောင်တချို့က NLD ဆို ဘာ NLD မှ မမြင်ချင်ဘူးလို့ အသံထုတ်နေကြတယ်အပြင် မင်းကင်း ဦးမောင်မြင့်ကဆိုရင် ကျော်မျိုးမင်းကိုတောင် ခင်ဗျားက ဒီအင်တာဗျူးမှာ ပင်နီလက်တိုဝတ်ပြီး “NLD” ကို အသက်သွင်းဖို့ ကြိုးစားနေတာလားလို့ စွပ်စွဲလိုက်တဲ့စကားကြားလိုက်ရလို့ပါဗျာ။
ဒီတော့မှ စဥ်းစားမိတာက ခွေးသားဆိုင်တွေကြား ခွေးသားဆိုင်းဘုတ်ထိပ် ဆိတ်ခေါင်းချိတ်ပြီး လိမ်ရောင်းဖို့ ကြံမိသူခမျာလည်း သိပ်တော့ လွယ်လှမှာမဟုတ်ဘူးလို့ပါ။ ဘာကြောင့်ဆိုတော့ ဆိတ်သား ကြိုက်သူတွေက “ခွေးသား”ဆို ရွံရှာခါးသည်းသလိုပဲ “ခွေးသား”ကိုမှ အားရ မြိန်ယှက်သူများကျ‌တော့ “ဆိတ်သားနံ့မွှေးမွှေး”ဆို (အသံကြားနဲ့တောင်) နည်းနည်းလေးမှ သည်းမခံနိုင်အောင် ဖြစ်ကြရှာဟန် တူပါကြောင်းကိုပါ မဖုံးနိုင်မဖိနိုင် မြင်လိုက်ရလို့ပါပဲ ခင်ဗျား။ ။​​​​​
About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*