
“ဂင်္ဂါမြစ်ထဲက ပြာတွေ”

(1)
ဂင်္ဂါမြစ်နံဘေးက မီးသင်္ဂြိုလ်ရာ မြင်ကွင်းကြီးသည် သူ့အတွက်တော့ အဆန်းတကြယ်မဟုတ်နိုင်။ ကျနော့်အတွက်ကတော့ အံ့အားသင့်စရာပင်။ ဗာရာဏသီဝယ် လူတွေကွယ်လွန်ပြီးလျှင် မြှုပ်နှံတာမျိုး သိပ်မလုပ်ကြ။ မီးသင်္ဂြိုလ်သည့် စက်ထဲသို့လည်း မပို့ဆောင်ကြ။ ယင်းနေရာဝယ် မီးရှို့လိုက်ကြပြီး ကျန်ရစ်သော အရိုးပြာတွေကို မြစ်အတွင်းသို့ မျှောပစ်ကြခြင်းဖြင့် သေလွန်သူသည် ကောင်းမွန်ရာ ဘုံဘဝကို ရောက်ရသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် မြစ်မင်းဂင်္ဂါကို နောက်ဆုံးခန္ဓာဖြင့် ပူဇော် ဦးခိုက်ခြင်းဟု မှတ်ယူနိုင်သည်။
ဗာရာဏသီပြည်သည် စည်ကားသောအရပ်ဖြစ်၍ သေသူနှင့် မွေးသူသည် နှင်းဆီပန်သူများနှင့် သွေ့ခြောက်သွားသောကြောင့် စွန့်ပစ်ခံရသော ပန်းခြောက်များသဖွယ်သာလျှင် ဖြစ်သည်။ နှင်းဆီပန်းများသည် ဝေနေဆဲခဏဝယ် စိုရဲလှပသလောက် ခြောက်သွေ့သောချိန်မှာမူ လွှင့်ပစ်ရုံကလွဲပြီး ဘာမှအသုံးမဝင်တော့ဘူး မဟုတ်လား။ ဗာရာဏသီပြည်တွင် စိုရဲနှင်းဆီများနှင့် သေဆုံးသွားသော နှင်းဆီအဝါများတွင် ဘယ်ပန်းကလေးတွေက ပိုများနေသလဲဆိုသည်ကို မသိနိုင်ပေမဲ့ ပန်းခြောက်အဝါများနှင့် ဆင်တူလှသည့် သက်မဲ့ခန္ဓာတွေကတော့ စဉ်ဆက်မပြတ်ပင်။ သည်နေရာမှာ လူဖြစ်မှတော့ သေလူကိုမှ မီးရှို့မပေးတတ်လျှင် ဘယ်အလုပ်ဖြင့် ထမင်းအိုးတည်၍ ရနိုင်ပါအံ့။
လင်းအရုဏ်ပျို့စတွင် ယင်းနေရာသည် သာ၍စည်ကားသည်။ အဆိုင်းသဘောမျိုး အလှည့်ကျ မီးရှို့ပေးရခြင်း ဖြစ်တာမို့ မိမိတို့အလှည့်ရောက်လျှင် အရုဏ်ဆွတ်စ ဖြစ်နေပါလည်း အိပ်ရာမှ ထရသည်။ တစပြင်တွင် အဝတ်ဖြူဖြင့် ထုပ်ပိုးထားသော အလောင်းများသည် စီရရီ။ အနားတွင်မူ သေသူနှင့် သက်ဆိုင်သူများက မျက်ရည်လည်ရွဲ ငိုကြီးချက်မနှင့် သက်ဆိုင်သူ၏ရုပ်ကလပ် ပြာကျသည်အထိ စောင့်ကြည့်နေကြသည်။ မီးရှို့ပေးရသူများအတွက်တော့ ထင်းများဖြင့် မီးဖိုမည်။ မီးရှိန်ရလာလျှင် အလောင်းကို ပစ်တင်ပြီး ပြာကျသည်အထိ မီးရှိန်မြှင့်ပေးရသည်။ လွယ်လင့်တကူနှင့် မလောင်ကျွမ်းနိုင် သော ဦးခေါင်းခွံမျိုးဆိုပါက ပင်ပန်းရတော့သည့် အခန်းကဏ္ဍ။ သေချာ မီးအုံရသည်။ အရိုးခွံကို ညက်ညက်မွကြေအောင် တုတ်ချောင်းအမာသားမျိုးဖြင့် ထုချေပေးရသည်။ နေရောင်ပျို့စအချိန်တွင် ယင်းနေရာသို့ ရှုမျှော်ကြည့်လျှင် ပွဲတော်ကြီးပမာကဲ့သို့ပါပင်။ ထင်းသားလောင်ကျွမ်းသံ ဖျိုးဖျိုးဖျစ်ဖျစ်မြည်သံများနှင့်အတူ ဂင်္ဂါမြစ်ဆိပ်သည် အရုဏ်ဦးအလင်းလျှံရဲရဲများနှင့် ထပ်တူပြု ထိန်လင်းနေသည်။ အုံ့ဆိုင်းကောင်းကင်ပြာသည် မီးခိုးမှိုင်းများဖြင့် မှုန်ရီဝေဝါးနေတတ်၏။
နောက်ဆုံးအတန်းတင်စာမေးပွဲအတွက် လုံးပမ်းနေသော သူ့မှာတော့ အလျဉ်မပြတ်စည်ကားလှသည့် မီးလောင်ပြင်ပွဲတော်ကြီးဆီကို ဂရုမပြုနိုင်။ ငယ်စဉ်ကတည်းက မြင်ဖူးလာခဲ့သည် ဖြစ်၍ လူသေလျှင် မီးရှို့မည်။ ပြီးလျှင် ပြာဖြစ်သွားမည် ။ နောက် ဂင်္ဂါမြစ်ထဲကို မျှောပစ်မည် ဆိုသည်လောက်ကိုပဲ မြင်မိတော့မည်။ မိသားစုထဲမှာ သူက ရှားပါးသည့်သားထွေး၊ ပညာတတ်ကလေးမို့ ဖခင်ကြီးက တန်ဖိုးထားရှာသည်။ ‘သားရေ ပညာတတ်အောင်သင်၊ ပြီးရင် ဒီနေရာကနေ ရအောင်ထွက်သွားကွာ’ ဟု မိသားစု လက်ဆုံစားတိုင်း ပြောနေကြ။ နေ့စဉ်ရက်ဆက် အလောင်းတွေမီးရှို့ပြီး သက်မွေးဝမ်းကြောင်းပြုရသည့် အနိဌာရုံအလုပ်ကြီးကို ဘယ်သူမဆို ငြီးငွေ့စိတ်ပျက်ကြမှာပင်။ ထို့ကြောင့်ပင် ဖခင်ကြီးက သူ့အား ပညာတတ်ကြီးဖြစ်စေချင်တာကို သူတို့၏ ဖြစ်ပျက်ပြုမူနေပုံတွေကနေတဆင့် ရှု့မျှော် ခံစားနေသော ကျနော့်အနေနှင့်လည်း နားလည်သဘောပေါက်ပါသည်။
သည်လို ဆိုလိုက်တော့ သူရို့မိသားစုထဲက သားကြီးဖြစ်သူက ဖခင်ဖြစ်သူကို မကျေနပ်လှ။ သူက အငယ်ကောင်လို ပညာမတတ်စာမတတ်ဖြစ်၍ ခွဲခြားသည်ဟု ထင်မြင်သည်။ နေ့ညရယ်လို့မရှိ အိပ်ကောင်း၍နေလည်း ကုန်းရုန်းထရပြီး ပုပ်အဲ့နံစော်စပြုနေသည့် အလောင်းတွေကို ပင်ပန်းတကြီးဖြင့် မီးရှိုပြာချပေးနေရချိန်မှာ အငယ်ကောင်ကမူ အခန့်သား ကျောင်းတက်စာသင်ရသည်။ သေသူများသော နေ့အချို့လောက်တွင်သာ ဒိကောင့်ကို ခေါ်ခိုင်းသည်။ သည်တော့ သူမကျေနပ်ဖြစ်ရတာ တရားမျှတသည်ဟု ထင်မြင်ထားသည်။ သူလည်း သက်ရှိလူသားတယောက်သာဖြစ်သောကြောင့် ခုလိုရွံရှာစိတ်ညစ်ညူးဖွယ် နေရာကြီးကနေလည်း ရုန်းထွက်ပိုင်ခွင့် ရှိတာပဲမဟုတ်ပါလား။
အငယ်ကောင် Deepak Kumar မှာတော့ အဲဒါတွေလည်း တွေးနိုင်ပုံမရ။ သူ့အိပ်မက်ကလေးသည် ပို၍ ထင်ရှားစပြုနေပြီဖြစ်သည်။ ထို့ကြောင့် ခုကာလရောက်မှ ပျောက်ပျက်မခံနိုင်။ နှစ်ကုန် အင်ဂျင်နီယာစာမေးပွဲကို အမှတ်များများရအောင် ဖြေဆိုပြီးမြောက်စေမည်။ အလုပ်ရပြီး အခြေခိုင်ပြီ ဆိုပါက ချစ်ရသူ ကဗျာဆရာမလေးကို သွားခေါ်မည်။ ကောင်မလေးကလည်း သည်အတိုင်း ခွင့်ပန်ထားသည်။ သူမအတွက် အမျိုး ဇာတ်အနိမ့်အမြင့်တွေ ၊ ချစ်ရသူ Deepak Kumar ၏နောက်ခံဘဝတွေကို ခေါင်းထဲ မရှိပါ။ အသည်းနှလုံးထဲကလာသည့်ခေါ်သံသည် သူ၏အမည်သာဖြစ်သည့်အကြောင်းကို ရှင်းပစွာ နားလည်ခဲ့ပြီးပြီ။ ကောင်လေးကို အရမ်းချစ်မိရှာသည်။ ဘဝ၏ညှိုးငယ်မှု အထောက်အပံ့မဲ့မှုများကြောင့် ရီဝေတိမ်ဖျော့နေရှာသော သူ၏မျက်ဝန်းကလေးတွေကို မြင်မိရခြင်း အဖို့တို့သည်လည်းကောင်း ၊ သူမ၏ သွားတက်ကလေးပေါ်သည်အထိ ပြုံးမိလိုက်တိုင်း အတိုင်းအဆမဲ့ငေးနေတတ်သည့် သူ့မျက်နှာလေးကို မြင်မိရခြင်း အဖို့သည်လည်းကောင်း၊ အဲသည်လို ဘဝမျိုးထဲကနေတောင် ပညာရေးကို အာရုံစိုက်နိုင်ပြီး ထူးချွန်နေတာကို မြင်ရခြင်းသည်လည်းကောင်း ၊ သူမအဖို့ နှလုံးသည်းပွတ်ထဲတွေအထိ ချစ်မက်ရခြင်းကတော့ သူ၏အတိုင်းအဆမဲ့စွာ ရိုးသားဖြူစင်ရမှုကို မြင်မိရခြင်းကြောင့် ပို၍ဖြစ်နိုင်ပါသည်။
ဗာရာဏသီ၏ ဈေးပွဲတော်ထဲမှာ အချင်းချင်း လည်ပြန်ကလေးငေးကြရင်း မျက်ဝန်းကိုယ်စီတွေထဲကို ကြယ်ကလေးတွေ စေလွှတ်တောက်ပစေခဲ့ကြသည်။ မိုးပျံပူစီဖောင်းကလေးတွေကို လူအုပ်ကြားထဲကနေ လွှတ်လိုက်ကြတော့ သူတို့နှစ်ဦးစလုံး တကယ်ပင် မွန်းကြပ်ကမ္ဘာကြီးထဲမှ ကင်းလွတ်သွားကြရသလို ခံစားလိုက်ကြရပုံတွေ။ သဟာတွေကြောင့်လည်း ကောင်လေးကို သတ္တိရှိဖို့ အားပေးခဲ့သည် ။ ဘဝတွေ ဘယ်လိုခြားနေပါစေ။ ပညာတတ်လျှင် ပညာ၏ ထောက်ပံ့ကုံလုံစေမှုကနေ အရာအားလုံးကို ရင်ဆိုင်နိုင်သည်။ ဖြတ်သန်းကြမည်ဟု ကောင်လေး၏ လက်တွေကို တင်းကြပ်စွာကိုင်ဆုပ်ပြီး ကတိနှင်းအပ်ခဲ့ပါသည် ။
( 2 )
ရုပ်ရှင် ဝါသနာအိုး ကျနော့်အဖို့က အိန္ဒိယပြည်၏ ရုပ်ရှင်တွေကို ကြိုက်ရသည်အထဲမှာ ပါသော်လည်း အများအားဖြင့် ပရိသတ်နောက် လိုက်ရသည်ကများသည့် သူတို့ရုပ်ရှင်လက်ရာတွေကို ပျင်းရိငြီးငွေ့တာမို့ ရှောင်ဖယ်တာကများသည်။ Massan ( 2015 ) ရုပ်ရှင်ကိုတော့ Indie Film လည်း ဖြစ်သည့်အပြင် ပြင်သစ်ရုပ်ရှင်ရပ်ဝန်းနှင့် ပူးတွဲထုတ်လုပ်တာဖြစ်သည့်ကြောင့်လည်း စိတ်ပါလက်ပါဖြင့်ပင် ကြည့်ရှု့ဖြစ်ခဲ့သည်။ ထိုသို့ ရွေးချယ်မှုသည် ရှူ့ထောင့်အားဖြင့် ရာနှုန်းပြည့် မှန်ကန်ထိုက်တန်သည်။ ခံစားမှုအားဖြင့်မူ ရာနှုန်းပြည့် မှားသည်။
ကြည့်ရှု့ပြီးချိန်၌ ကျနော်တယောက် ဝေဒနာအပြည့်နှင့် ကျန်ရစ်ခဲ့ရပါတော့သည်။ အိန္ဒိယလိုပြည်မျိုးမှာ နိမ့်ပါးလူတန်းစားအဖြစ်ကို ရရှိရခြင်းအဖြစ်သနစ်ဟာ ယင်းသို့ မွေးဖွားလူဖြစ်ရခြင်းအဖို့ထက် လွတ်လပ်သော နေထိုင်မှုနှင့် ရှင်သန်ရသည့် ခွေးတွေ၊ကြောင်တွေ ဘဝကမှ သာ၍ကောင်းသေးသည်ဟု မချိတင်ကဲ တွေးမိသွားသည်။ ဟောသည်မှာ ကြည့်ပါဦး အရပ်ကတို့ ။
မိမိဘာသာ အသက်ပြည့်အရွယ်ရောက်ပြီ ဖြစ်သောကြောင့် စိတ်မင်မိသူတဦးတယောက်နှင့် လွတ်လပ်စွာချစ်ရည်လူးဖို့ ကြံရွယ်တာကို ရာဇဝတ်မှုဆိုပြီး ဝင်ဖမ်းပါသတဲ့။ သည်ဖြစ်ရပ်ကြောင့် အတူနေကောင်လေးက ယင်းနေရာမှာပင် ဆူဆိုက်လုပ်သွားခဲ့သည်။ ကျန်ရစ်ခဲ့သူ ကောင်မလေး Devi Pathak ခမျာမှာလည်း လူ့အဖွဲ့အစည်း၏ ပစ်ပေါက်ဖိနှိပ်မှုကိုပါ ခံရသည်။ အရှက်မရှိသော ၊ စောင့်စည်းရမည့် ကျင့်ဝတ်သိက္ခာမဲ့သော သူမ၏ဖခင်ကစ၍ သူမဘက်မှာ မရှိ။ ကြားထဲမှာ ရဲအရာရှိက ငွေညှစ်သောကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ရပြန်သည်။
သူမ၏ ဘဝဇာတ်ခုံနှင့်အတူ တူယှဉ်တွဲသွားနေသည့် Deepak Kumar တို့ စုံတွဲ၏ ဘဝလမ်းကရော။ ယင်းသို့ ဇာတ်အနိမ့်အမြင့် မတူညီတာတွေ ၊ ဆင်းရဲချမ်းသာ မိသားစုကွာခြားမှုတွေ စလို့ မထူးခြားနားပဲ မဟုတ်ပါလား။ ကျနော်တယောက်မှာတော့ Deepak Kumar တို့၏ ဘဝကိုရော ။ ဘဝမှာ အရှုံးပေးလွတ်မြောက်ချင်တော့သည် အထိ ဖြစ်သွားနိုင်သည့် အခြေအနေအခက်အခဲတွေကို ကြုံတွေ့ရသော်လည်း အရှုံးပေးနောက်တွန့်ခြင်း မရှိဘဲ ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပညာတတ်ပီသစွာနှင့် ရှေ့ကိုဆက်လှမ်းနေသည့် အမျိုးသမီးလေး Devi Pathak ၏ဘဝကိုပါ ငေးမောရင်း ရင်ဆို့နာကျင်နေခဲ့ရသည်။ မျက်ရည်တွေ ဝဲရပြန်ပါသည်။
စစ်မှန်သော ချစ်ခြင်းမေတ္တာ၏တွန်းအားသည် ဟောသည်ကမ္ဘာပေါ်ဝယ် စွမ်းအားအကြီးဆုံး တန်ခိုးအာနုဘော်စစ်စစ်။ Deepak Kumar သည် ယင်းတွန်းအားတွေရှေ့ကနေ စွမ်းအားအပြည့်နှင့် ဘဝရည်မှန်းချက်တွေကို ပုံဖော်နေခဲ့သည်။ အလောင်းသင်္ဂြိုလ်ပွဲကြီးကို ငေးရင်း အားကြိုးမာန်တက်နှင့် စာတွေကျက်နေခဲ့သည်။ သင်ကြားတွက်ချက်နေခဲ့သည်။
သို့ပေမဲ့လည်း ယင်းကာလအတွင်းက အရုဏ်မနက်ထဲမှာပဲ အက်ဆီးဒင့်တခုကြောင့် သက်မဲ့အလောင်းတွေ အများကြီးရောက်လာသည် ။ သူ့ဖခင်နှင့်အစ်ကိုဖြစ်သူ ဦးဆောင်သောအဖွဲ့မှာ နိုင်နင်းအောင် မလုပ်ဆောင်နိုင်တော့တာမို့ သူပါ ထသွားရသည်။ မြစ်ကမ်းစပ်ကိုရောက်တော့ ရဲဌာနက ဖြစ်သလိုထားပစ်ခဲ့သော အလောင်းတွေက အတုံးအရုံး။ ကြားစကားတွေအရ ဘုရားဖူးကားတိမ်းမှောက်ခြင်းဖြစ်ပြီး အကုန်နီးပါး သေဆုံးသွားသည်ဟု ဆိုသည်။
သူ့မှာတော့ ဘာမှထူးထွေအာရုံမစိုက်နိုင်။ လုပ်စရာ ရှိသည်ကို မြန်မြန်ဆန်ဆန် လုပ်ကိုင်ပြီးနောက် စာကျက်ရဦးမည်။ သူကလေးနှင့် ဖုန်းဆက် စကားပြောရဦးမည်။ သည်လိုအတွေးနှင့်ပင် အဝတ်ပါးကလေး လွှမ်းထားသော အလောင်းတခုအနားကို သွားခဲ့သည်။ သူမီးရှို့ပေးရမှာကလည်း သည်အလောင်း။ လေအဝှေ့ဝယ် အဝတ်ပါးကလေးထဲမှ လက်ကလေး တဖက် တိုးထွက်လာတာကို တွေ့လိုက်သည်။ သူကြည့်လိုက်မိတော့ ကျောက်နီလက်စွပ်ကလေး စွပ်ထားသော လက်ကလေး ။ သူ၏ချစ်ရသူ ပြောခဲ့သော စကားတွေကို ရုတ်ချည်း ကြားယောင်သွားသည်။
“ဒီလက်စွပ်ကလေးက ငယ်ငယ်ကလေးထဲက အိမ်က စွပ်ပေးထားခဲ့တာလေ။ ခု လက်ကကြီးလာတော့ လက်စွပ်နဲ့ လက်ချောင်းနဲ့က အံကိုက်ဖြစ်ပြီး ချွတ်လို့ မရတော့လို့ အမြဲစွပ်ထားတော့တာ”
သူ ချက်ချင်းပင် ဖုံးထားသော အဝတ်ပါးကလေးကို ဖယ်ချလိုက်ပြီး မျက်နှာကလေးကို မြင်လိုက်ရချိန်မှာတော့ ။
( 3 )
နစ်ကိုးလ်ကစ်မန်းန်နှင့် ဂျုတ်လောဒ် ဖြစ်သူတို့ ပါဝင်ထားသည့် Cold Mountain ထဲက ဇာတ်သိမ်းခန်းကို သတိရကြသလား။ နာမည်ကျော် Titanic ရုပ်ရှင်ထဲက ဇာတ်သိမ်းအတွက် ငိုမျက်ရည် ဝဲဖူးကြသလား။ စစ်အတွင်းကချစ်ခြင်း ဖြစ်သည့် Atonement ရုပ်ရှင်ဇာတ်သိမ်းမှာ ထပ်တူငိုဖူးကြသလား။ Green Mile ထဲက ဘုရားသခင် တမန်တော်ကိုကြည့်ရင်း သနားဖူးခဲ့ကြပါသလာ။ Once In A Summer ထဲက မိန်းကလေးအတွက် လီဗြောင်ဟွန်းနဲ့အတူ သနားဂရုဏာသက်ဖူးခဲ့ကြသလား။
နိုင်ဝင်းဆွေ ဝတ္ထုထဲက ထန်းလျက်သည်မလေး၏ အဖြစ်သနစ်အတွက် ဘယ်နှစ်ခါ ငိုကြဖူးသလဲ။ နေနော် လက်ရာ ‘ယုန်ကလေးရဲ့ကိုယ်’
ဇာတ်ကောင်အတွက် ကျနော့်တို့တွေ မျက်ရည်ဝဲပေးဖူးခဲ့လား။ မင်းလူ လက်ရာ ‘သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့’ ထဲက မမခင်လေးခင်နှင့် ပေါ်ဦးတို့ ဇာတ်သိမ်းကို သိမိဖူးကြပါသလာ။ မြသန်းတင့်ရေးသည့် ‘ကံကောင်း’ ဝတ္ထုထဲက ဇာတ်သိမ်းခန်းအတွက်ရော မည်မျှ ကြေကွဲနာကျင်ခဲ့ကြဖူးပါသလဲ။ ‘မာယာဘုံ’ ထဲမှ ယမားချောင်းရေစီးများအတွက်ရော ဒေါသထွက် ရင်နင့်ခဲ့ကြဖူးလား။
ကျနော့်မှာ အဲသည် ဇာတ်သိမ်းခန်းတွေကို တွဲလျက်မြင်ယောင်ရင်း ရုပ်ရှင်ကို ဆက်မသွားစေနိုင်တော့ဘဲ ခေတ္တရပ်ထားလိုက်မိပါသည်။ ရုပ်ရှင်နှင့်မသက်ဆိုင်သော ဇာတ်ကြောင်းတခုကလည်း တားဆီးခြင်းငှာမစွမ်းသာဘဲ စိတ်အာရုံအတွင်းသို့ တိုးဝင်လာပြန်ပါသည်။
နုစဉ်က ကာလတခုဝယ် မမတယောက်နှင့် ခင်မင်ခဲ့ပါသည်။ သူ၏ ကြင်နာနွေးထွေးမှုများသည် ကျနော့်အပေါ်တွင် များပြားနွေးမြစေခဲ့ဖူးပါသည်။ နွေနှောင်းတရက်မှာတော့ မမသည် ခွေးကိုက်ခံခဲ့ရသည်။ သာမန်ခွေးတကောင် ကိုက်သည်ဟုသာ ထင်မှတ်ပြီး ကာကွယ်ဆေးထိုးဖို့ မေ့လျော့ခဲ့သည်။ ယင်းအဖြစ်ကို ပြန်မြင်မိသောအခါတွင် ကျနော်သည် ချစ်ရသူ၏ သက်မဲ့ခန္ဓာကိုယ်ကို ငေးကြည့်နေသည့် Deepak Kumar ဖြစ်သွားခဲ့ပါသည်။ မမ၏ အသက်ကုန်ဆုံးချိန်ကိုမြင်ရတော့ အိပ်ရာထက်ပေါ်ဝယ် ညှိုးခြောက်သော ပန်းကလေးတပွင့်ကို ပစ်ချထားပုံမျိုးနှင့် ဆင်တူပါသည်။ မမခမျာမှာ ထွက်သက်မတိုင်မီဝယ် ခွေးရူးပြန်ဝေဒနာ၏နှိပ်စက်မှုကို အလူးအလဲခံစားရင်း ဝေဒနာအားကြီးစွာနှင့် လူ့လောကကြီးထဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရသည်။
Deepak Kumar တို့၏ အဖြစ်မှာရော။ သူ၏ချစ်သူ ကဗျာဆရာမလေးမှာလည်း စိတ်ကူးယဉ်အိပ်မက်များနှင့်ထပ်တူ ပျော်ရွှင်လို့နေပေလိမ့်မည်။ သူမ၏ ဘုရားဖူးခရီးမှာလည်း လူ့ဘဝအတွက် နောက်ဆုံးနှုတ်ဆက်ရာလမ်းအဖြစ် တွေးထားမိမည် မထင်။ လာမယ်လာတော့လည်း ချစ်ရသူထံကို သက်မဲ့ခန္ဓာအဖြစ်နှင့် အရောက်လာခဲ့ရှာပါသတဲ့။
“ခင်ဗျား သိလား။ ကျုပ်တို့အလုပ်က အဲအလောင်းကြီးတွေကို ပြာမဖြစ်မချင်း မီးနဲ့ရှို့ပေးရတာ။ မီးမလောင်လွယ်တဲ့ ခေါင်းခွံကြီးတွေဆို ကြေမွမသွားမချင်း အားကုန်ထုနှက်ပေးရတာ။ အဲလို အလုပ်လုပ်ရတဲ့သူကို ခင်ဗျား လက်တွဲချင်သေးလား “
သည်လိုစကားတွေ ပြောမိခဲ့ရသည့် ချစ်ရသူကို ခုတော့ အဲသည်အတိုင်းပဲ လုပ်ပေးရတော့မည့် သူတို့နှစ်ဦးသား၏ အဆုံးသ_တ် ဇာတ်သိမ်းခန်း။
ခံစားသက်ဝင်နေသူ ကျနော်တယောက်မှာဖြင့် ဘယ်သို့ဘယ်ပုံ ရင့်ကျက်မှုမျိုးရယ်နှင့် ဆက်လက်ပြီးတော့ ကြည့်ရက်နိုင်ပါလိမ့်။
Be the first to comment