2
ညီလင်းအိမ်
“ဂန်းစတား ကောက်ကြောင်း”
ဂန်းစတားလို့ ပြောမိတာနဲ့ လူငယ်တွေ အများစုရဲ့ စိတ်ထဲမှာဆိုရင် ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်များ အဖြစ် မှတ်ယူကြလေသလား မပြောတတ်။ ဒီဘက်ခေတ်မှာ ဂန်းစတားဖက်ရှင်ကလည်း ကျမသွားဘဲ ထင်ပေါ်နေတာကို တွေ့ရတယ်။ ဂန်းစတား ( Gangster ) အဓိပ္ပါယ်ကို ဘယ်လိုတွေ ဘာသာပြန်ကြသလဲ၊ စိတ်အတွင်းသားမှာ ဘယ်လို ခမ်းနားတဲ့ တင်စားမှုများနဲ့ လက်ခံကြလေသလဲ စောကြောဖို့ ခက်ပေမယ့် ကျနော်ကတော့ ဂန်းစတားဆိုတာဟာ လူ့အဖွဲ့အစည်းကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးစေတဲ့ လူတွေ၊ သူခိုးကြမ်းပိုး လူတန်းစားတွေလို့ပဲ ဘာသာပြန်နိုင်စရာ ရှိပါတယ်။ သို့ပေမယ့်လည်း ရုပ်ရှင်အနုပညာရှင်တွေဟာ ဒီလိုသူခိုးကြမ်းပိုး လူတွေကို ရုပ်ရှင်ဇာတ်ကောင်များအဖြစ် ဖန်တီးပြီး ဇာတ်လမ်းဆင် တင်ဆက်ကြတာမျိုး၊ ဝတ္ထုဇာတ်လမ်းများအဖြစ် ရေးသားဖန်တီးလာကြတဲ့အခါမှာ အနုပညာအဆိပ်သင့်လာတာမျိုး ဖြစ်လာရတယ်။ ကိုးကွယ်အားကျရမယ့် လူတွေအဖြစ် အသိမှားစေပါတယ်။
ဂန်းစတားရုပ်ရှင်တွေဟာ မျက်မှောက်ခေတ် ရုပ်ရှင်ဖျော်ဖြေရေးမှာလည်း ဟောလိဝုဒ်၊ အာရှ အစပြုလို့ ဝင်ငွေကောင်း လူကြိုက်များနေသေးတာကို တွေ့ရပါတယ်။ ဂန်းစတား အခြေပြု ရုပ်ရှင်တွေထဲမှာ ဆိုရင် Godfather ရုပ်ရှင်ကားက နာမည်အကြီးဆုံးလို့ ပြောလို့ရတယ်။ အမေရိကကို ရွှေ့ပြောင်းဝင်ရောက်လာကြတဲ့ အီတလီသားများရဲ့ ရာဇဝတ်မှုများအကြောင်းကို ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကြောင်း ဖြစ်တယ်။ အမေရိကမှာ ဂိုဏ်းဂဏ အဖွဲ့အစည်းတွေ ထူထောင်ပြီး ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်းတွေကို အင်အားကြီးအောင် လုပ်ဆောင်ကြပုံတွေကို တင်ဆက်ရိုက်ကူးတာ ဖြစ်တယ်။ သူတို့လူဆိုးလူမိုက်တွေအကြားက သစ္စာစောင့်သိပုံတွေအကြောင်း၊ ခေါင်းဆောင်ဖြစ်သူကို အသက်နဲ့လဲ ကာကွယ်ကြပုံများ စလို့ ယင်းပြကွက်တွေဟာ ပရိသတ်များ အကြားမှာ အကြိုက်တွေ့စေပြီး အားကျဖွယ်ရာအတွေးမျိုးတွေ ဖြစ်လာစေပါတယ်။ သို့ပေမဲ့လည်း အဲဒီရုပ်ရှင်တွေရဲ့ ဇာတ်ကြောင်းအတွင်းသားစစ်စစ်ထဲကို ကြည့်ရှု့သုံးသပ်မယ်ဆိုရင် အားကျဖို့ ရိုက်ကူးထားတာမျိုးတော့ မဟုတ်ဘူးဆိုတာကို သိရလိမ့်မယ်။ Corleone တို့ မိသားစုမျိုးဆက်တခုလုံးဟာ ဓနဂုဏ်သိမ်ပိုင်းဆိုင်ရာ ပြည့်လျှံကြွယ်ဝနေတာကို မြင်ရတာ မှန်ပေမဲ့လည်း ဒီလိုဘဝတွေကို ဖြစ်လာရစေဖို့ မိသားစုဝင် အချင်းချင်းကိုတောင် ရှင်းလင်းပစ်တာ၊ မိမိတို့ မျိုးရိုးထဲက သားသမီးတွေအထိ အသက်ကို ပေးဆပ်ကြရတာ စလို့ ဒီလို စိတ်ဒဏ်ရာ ဗလပွတွေနဲ့ အသက်ဆက်ရှင်သန်ကြရသူတွေရဲ့ ဘဝခရီးလမ်းဟာ ဘာတွေများ ပျော်ရွှင်ရစေမှာတဲ့လဲ။ ဂန်းစတား နောက်လိုက် လူဆိုးလူမိုက်ကလေးတွေရဲ့ ဘဝရှေ့ရေးကရော ဖြောင့်ဖြောင့်တန်းတန်းနဲ့ အသက်ရှင်သန်ကြရလို့တဲ့လား။ လူပြတ်နေတဲ့ လမ်းထောင့်တနေရာရာမှာ ဖြစ်ဖြစ်၊ ကမ်းခြေ ကမ်းစပ် တနေရာရာမှာ ဖြစ်ဖြစ်၊ လေးဘက်လေးတန် ကာရံထားတဲ့ နံရံကျဥ်းကျဥ်းလေးထဲမှာ ဖြစ်ဖြစ် မိမိက ဘယ်သူဘယ်ဝါရယ်လို့တောင် မသိကြရတဲ့ အခြေအနေများနဲ့သာ လူ့လောကထဲကနေ ထွက်ခွာကြရပါတယ်။ ဂန်းစတားရုပ်ရှင် ရိုက်ကောင်းကြတဲ့ ဒါရိုက်တာ ကော်ပိုလာ၊ ဒီ ပါးလ်မာ၊ မာတင်စကော့စဆေးလ် တို့ရဲ့ ရုပ်ရှင်တွေကို ကြည့်ရတိုင်း အားကျဖို့ထက် ယင်းအခြေအနေများကို မြင်ရဖို့လည်း ဇောင်းပေးပြသတာကို သတိချပ်စေချင်ပါတယ်။
အာရှစီနီမာမှာတော့ ဂန်းစတားအကြောင်းပြောကြမယ်ဆို ဂျပန် ယာကူဇာအကြောင်းတွေကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေက အထင်ရှားဆုံး ဖြစ်တယ်။ ဆာမူရိုင်းအကြောင်း မပါရင် မပြီးသလိုမျိုး ယာကူဇာအကြောင်း မပါရင်လည်း ဂျပန်စီနီမာမှာ မဖြစ်သကဲ့သို့ အရေးပါတယ်လို့ ပြောလို့ရပါတယ်။ ယာကူဇာဆိုလို့ အဓိပ္ပါယ် ပြန်ဖွင့်ချိန်မှာ အရမ်းခမ်းနားတဲ့သူတွေလို့တော့ မှတ်ယူမရပါဘူး။ ဂန်းစတား (ဝါ) လူရမ်းကား သူခိုးကြမ်းပိုးများလို့သာ မှတ်ယူရမှာပါပဲ။ ရှေးရာဇဝင်ခေတ်က ဆာမူရိုင်းစစ်သည်များရဲ့ ဒဏ္ဍာရီကို ပြန်ပြောင်းကောက်ယူထားပြီး သစ္စာစောင့်သိသော နောက်လိုက်အခြံအရံများအဖြစ် ပြန်လည် အသွင်ယူကြပါတယ်။ သူတို့ရဲ့ အဓိကတာဝန်ကတော့ သခင်ဖြစ်သူကို အသက်နဲ့လဲပြီးတော့ ကာကွယ်ရတဲ့ တာဝန်ဖြစ်တယ်။ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရတယ်။ ဒီလိုမျိုး တင်းကြပ်တဲ့ စည်းစနစ်တွေရှိသော်လည်း သူတို့အလုပ်တွေက လူ့အဖွဲ့အစည်းအပေါ်ကို ကောင်းကျိုးပေးတာမျိုး မဟုတ်ဘဲ လက်နက်အားကိုး လူအုပ်စုအားကိုးနဲ့သာ ခြိမ်းခြောက်အနိုင်ကျင့်ကြသူများသာ ဖြစ်ကြတယ်။ ယင်းသို့ ရာဇဝတ်မှုနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေကို လုပ်ကိုင်ကြရင်းနဲ့ ဒုတိယကမ္ဘာစစ်အလွန်မှာတော့ ဂျပန်ယာကူဇာဂိုဏ်းတွေဟာ အင်အားကြီးထွားလာခဲ့တယ်။ သူတို့အဖွဲ့အစည်းအား ဝေဖန်ပြစ်တင်တဲ့ မည်သည့်လူပုဂ္ဂိုလ်မျိုးမဆို ခြိမ်းခြောက် သတ်ဖြတ်တာမျိုးအထိ ဖြစ်လာခဲ့လို့ နောက်ဆုံးမှာတော့ တာဝန်ရှိအာဏာပိုင်များရဲ့ တင်းတင်းကြပ်ကြပ် ဖိနှိပ်အရေးယူမှုများကြောင့် အင်အားလျော့နည်းသွားခဲ့ပါတယ်။ ဒီလို လျော့နည်းသွားရခြင်းရဲ့ အကြောင်းမှာတော့ အစိုးရတာဝန်ရှိသူတွေရဲ့ အရေးယူဖိနှိပ်နိုင်စွမ်းကြောင့် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတာကို ဒီ 2021 ထုတ် Yakuza And The Family ရုပ်ရှင်မှာ ဖော်ပြထားတာတွေ့ရတယ်။ အရင်က ဂျပန်ဒါရိုက်တာ အများစုရိုက်ပြတဲ့ ဂန်းစတားများရဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေကိုပဲ အဓိကထားဖော်ပြတာမျိုး မဟုတ်ဘူး။
ဆိုလိုတဲ့သဘောက ဂန်းစတားများရဲ့ ဘဝမှန်ဆိုတာ ဘာလဲပေါ့။ ရုပ်ရှင် ဇာတ်ကြောင်းကလည်း အကြောင်းကြောင်းကနေ ယာကူဇာဂိုဏ်းထဲကို ရောက်ရှိသွားရတဲ့ လူငယ်တယောက် အကြောင်း ဖြစ်တယ်။ ဂိုဏ်းဝင်တယောက် ဖြစ်လာရတဲ့ အခါမှာ ယာကူဇာ ဂန်းစတားတယောက် ပီသအောင် အမှုတော်ထမ်းရွက်ခဲ့တယ်။ ဆရာသခင်ရဲ့ အမိန့်အတိုင်း တသွေမဝေတိမ်း ဆောင်ရွက်တတ်လို့ ဆရာဖြစ်သူရဲ့ အထူး ယုံကြည်ကိုးစားမှုကိုလည်း ခံရတယ်။ ထုံးစံအတိုင်း ဂန်းစတားများရဲ့ တိုက်ပွဲကနေ သူလည်း ထောင်ကျသွားတယ်။ ထောင်က ပြန်လည်လွတ်မြောက်လာရတဲ့ အချိန်မှာ သူတို့ ယာကူဇာဂိုဏ်းတွေရဲ့ အခြေအနေက အရင်လို ဘုန်းမီးနေလ မတောက်ပတော့။ ဆရာသခင်ဖြစ်သူဟာ ညှိုးငယ်တဲ့ မျက်နှာထားနဲ့ သူကို ကြိုဆိုပါတယ်။ ဆရာ့မှာ အရင်လို မာန်တွေလည်း မတွေ့ရတော့။ ဇရာရဲ့ ဖိနှိပ်မှုက သူ့ကို ပြောင်းလဲသွားစေခဲ့ပြီ။ တကယ်ဆို အိုမင်းမစွမ်း ဖြစ်လာရတဲ့ အချိန်မှာ ဒီလို ငွေကြေးတွေ၊ အစဥ်အလာ ရိုးရာတွေ၊ သစ္စာစောင့်ထိန်းမှု စတာတွေက ဘာမှကိုယ့်အတွက် ကောင်းတဲ့အရာတွေ ဖြစ်မလာစေဘူး ဆိုတာကို သိလာရတယ်။ ဇရာအို တယောက်ရဲ့ တောင့်တမှုဟာ လူသားချင်း တဦးမေတ္တာ တဦးမှာ ဆိုသကဲ့သို့ နွေးထွေးဖေးမမှုတွေ၊ အမှီသဟဲပြု စောင့်ရှောက်ကြခြင်းတွေကိုပဲ လိုချင်လာတာ မဟုတ်ပါလား။ အခုတော့ ဆရာသခင်ဘေးမှာ ဓါးတဝင့်ဝင့်နဲ့ပဲ တခုခုဆိုတာနဲ့ သတ်မယ်ဖြတ်မယ်ဆိုတဲ့ လူတွေပဲ ရှိလို့နေတယ်။ ဆရာဖြစ်သူက သူ့ကို ဆုံတော့ ယင်းအရာတွေအတွက် ဝမ်းနည်းနာကျင်စွာ စကားဆိုတယ်။ ပုံမှန်ဘဝလေးကို ရှာဖွေဖို့နဲ့ သူ့လိုမျိုး ဘဝကို မကုန်ဆုံးဖို့။
ခေတ်တွေကလည်း လုံးဝဥဿုံပြောင်းလဲသွားပြီ။ သာမန်ဘဝနဲ့ ရိုးသားအေးချမ်းလှတဲ့ လူနေမှုဘဝကိုသာ အလိုရှိကြတဲ့ လူနေထုအများစုက သူတို့တွေကို လုံးဝ Social Punishment ( SP ) လုပ်လိုက်ကြပြီလေ။ ယာကူဇာ ဂန်းစတားဆိုရင် မပေါင်းသင်းဖို့၊ လူရာသွင်း မဆက်ဆံဖို့၊ သူတို့သားသမီးမျိုးဆက်အထိ ရှောင်ကျဥ် ဖယ်ခွာပစ်ကြဖို့၊ အလုပ်လုပ်ခွင့်မပေးဖို့ စလို့ အဲဒီလို လုပ်လိုက်ကြတော့တဲ့အခါမှာ သူတို့တွေအတွက် လူ့အဖွဲ့အစည်းထဲမှာ ရပ်တည်ဖို့ နေရာမရှိကြတော့ပါဘူး။ အရင်က မကောင်းမှုလုပ်တာမှန်ပေမဲ့ မူးယစ်ဆေးနဲ့ ပတ်သက်တာဆိုရင် လုံးဝ ရှောင်ကျဥ်ခဲ့ကြတဲ့ ယာကူဇာစစ်စစ်ကြီးတွေလည်း အရင်ကလို ရပ်တည်လို့ မရတော့တဲ့အခါမှာ ဆေးရောင်းသမားဘဝတွေဖြစ်ကုန်ကြတယ်။ ထောင်ကထွက်လာတဲ့ သူ့ကိုလည်း ဆရာသခင်ဖြစ်သူက မိသားစုဘဝလေးတခု တည်ဆောက်ဖို့ ပြောပါတယ်။ သူ့အနေနဲ့ကတော့ ရွေးချယ်မိခဲ့တဲ့ ဒီလိုဘဝကြောင့် မိသားစုအသိုက်အမြုံကလေးနဲ့ စိတ်ရွှင်လန်း ချမ်းမြေ့တဲ့ ဘဝကို မရနိုင်တော့ဘူး။ ချို့ချို့ငဲ့ငဲ့၊ လူတောမတိုးတဲ့ ဘဝနဲ့ပဲ အဆုံးသတ်ရ တော့မှာ။
ရုပ်ရှင်က အဲဒီလိုမျိုးနဲ့သာ ပကတိလူသားများရဲ့ ဘဝအခြေအနေကို ချဥ်းကပ်ပြဆိုပါတယ်။ ကျနော်တို့ သွေးဆူခါစအရွယ် လူတဖက်သားအပေါ်ကို ရိုက်လားပြုလား ထိုးလား လုပ်ရဲတဲ့သူတွေ၊ ဒီလိုလုပ်ရဲတဲ့သူကမှ ယောကျ်ားပီသတာ စလို့ အားကျအတုခိုးမိကြတဲ့ ဂန်းစတား လူမိုက်ကြီးတွေဘဝက အခုလိုမျိုး တွေ့လိုက်ရတဲ့ အချိန်မှာတော့ တကယ်ပဲ အားကျစရာကောင်းရဲ့လား။ လူအချင်းချင်း နိုင်ရာစား တိုက်ခိုက်ရန်ပြုကြရင်းနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျဥ်းထောင်ထဲမှာပဲ ကုန်ဆုံးလိုက်ကြရတယ်။ ပြင်ပဘဝကို ရောက်လာကြတော့လည်း ထောင်ထဲမှာ နေရတာထက် ပိုလို့တောင်ဆိုးဝါးရတဲ့ အခြေအနေ။ လူ့အဖွဲ့အစည်းက သူတို့ကို လက်သင့်မခံတော့။ ဘယ်နေရာရောက်ရောက် အော့နှလုံးနာ ရွံရှာတဲ့ အကြည့်တွေနဲ့သာ ရင်ဆိုင်ကြရတယ်။ ခမ်းနားကြီးကျယ်လှတဲ့ အဖွဲ့အစည်းတခုလို့ ထင်မှတ်မိခဲ့ကြတဲ့ ယာကူဇာဂိုဏ်းဆိုတာကြီးကလည်း မျက်မှောက်မှာ ကလေကဝတွေ ရရာလုပ်ကိုင်စားနေကြရတဲ့ အနေအထားထက် မပိုလွန်တော့ဘူး။ လက်တွေ့ဘဝထဲမှာ လုပ်ပိုင်ခွင့်ရှိသူ လူအချို့ရဲ့ နောက်လိုက် လက်ကိုင်တုတ်၊ သခင်အလိုကျ ကြိုးဆွဲလိုက်တိုင်း ဟောင်ပေးကြရတဲ့ ခွေးသာသာ ဘဝများသာ ဖြစ်နေရတော့တယ်။
ဒိနောက်မှာ ဒါတွေကို ပြည်ဖုံးကားချကြည့်ပြီး ချစ်ရတဲ့သူနဲ့ သာမန်မိသားစုဘဝထူထောင်ဖို့ ကြိုးစားမိတဲ့ အခါကျတော့ရော။ ရှိရင်းစွဲ လူ့အဖွဲ့အစည်းကြီးက သူတို့ကို ဝင်ဆံ့နေရာပေးဖို့ လက်ခံကြရဲ့လား။ Social Punishment လုပ်ခံရတဲ့ အခြင်းအရာဟာ ဘယ်လောက်အထိ တာသွားစေတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာ ဖြစ်ပါတယ်။
သို့ပေတဲ့လည်း နိုင်ငံတကာက အနုပညာရှင်တွေဟာ ဘယ်လိုပဲ မြင်အောင်ပြပြ ကျနော်တို့ဆီက စစ်တပ်အောက်ဆွဲ အနုပညာရှင် အမည်ခံတွေကတော့ အဲဒါတွေကိုလည်း မသိကြ။ ဂန်းစတား၊ ဂန်းစတား ဆိုတဲ့ ခေါင်းစီးကြီးတွေနဲ့ စတားဆိုတာကို တောက်ပတဲ့ ကြယ်ပွင့်လိုများ မှတ်ယူနေကြလေသလား မပြောတတ်တော့ပါ။ ယဉ်ကျေးပျူငှါတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ မြင်နိုင်စရာမရှိတဲ့ ညှင်းသိုးသိုး၊ အဆီပြန်နေတဲ့ မျက်ခွက်များနဲ့ လူ့ဗလာနံတွေကို အင်္ကျီပုဆိုးဆင်တူ ဝတ်ပေးစေပြီး မျောက်ပြ၍ ဆန်တောင်းသလိုမျိုး လူ့အဖွဲ့အစည်းရှေ့မှောက်ကို တင်သွင်းလာကြတယ်။ သူရဲကောင်းကြီးတွေသဖွယ် အမွှန်းတင် ရိုက်ကူး ပွဲထုတ်ပေးနေကြတယ်။ ကလေကချေ ဇာတ်ရုပ်တွေကို ရုပ်ရှင်ပိတ်ကားပေါ်မှာ အရုပ်ထင်စေရင်း မျိုးဆက်သစ် လူငယ်များအပေါ်ကို အဆိပ်ခပ်ပေးနေကြတယ်။ လူ့အဖွဲ့အစည်းအပေါ်ကို နည်းလမ်းအမျိုးမျိုးနဲ့အတူ နိုင်ထက်စီးနင်းလုပ် ဖျက်ဆီး ဒုက္ခပေးနေကြတဲ့ လူအမှိုက်သရိုက်တွေကို ဆင့်ပွားအားကျစေအောင် လုပ်ဆောင်နေကြတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ မျက်မှောက် ပက်ပင်းအခြေအနေမှာလည်း စစ်အာဏာရှင်ရဲ့ အသုံးချမှုနဲ့အတူ ယင်းသို့သော ပျူစောထီး ကလေကဝ လူ့ဗလာနံတွေသာ နေရာယူ ကြီးစိုးနေပြီး သာမန်လူနေထုအပေါ်ကို နှိပ်စက် ဒုက္ခပေး လျက် ရှိနေတာကိုလည်း မြင်ကြရမှာ ဖြစ်ပါတယ်။
နိဂုံးအားဖြင့် ပြောရရင် ဂန်းစတား ဇာတ်ကောင်ဆိုတာဟာ အတုယူအားကျသင့်တဲ့သူလား၊ နောက် အဲဒီကာရိုက်တာတွေကို အားပြုရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်း၊ ဝတ္ထုတွေဆိုတာဟာလည်း မိမိတို့ကို ဆင်ခြင်တတ်စေဖို့ရောအသိတစုံတရာမျိုးပေးတာ ဟုတ်ရဲ့လား။ အားပေးအားမြှောက်ပြုနေတဲ့ အဆိပ်အတောက် ဖျော်ဖြေရေး သက်သက်လား စသဖြင့် မျိုးဆက်သစ် လူငယ်များ သတိချပ်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး ဒီရုပ်ရှင်ဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။
ရုပ်ရှင်ရည်ညွှန်း- Yakuza And The Family Movie (2021)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
