ဂယက်တွေနဲ့ အနက်တွေ

“ဂယက်တွေနဲ့ အနက်တွေ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

ထရမ့် ဒုတိယသက်တမ်း စကတည်းက အရှေ့တောင်အာရှ၊ တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်အရေးတွေနဲ့ပတ်သက်လို့ တရားဝင် ဘာမှ တိတိကျကျ ထုတ်ဖော် မပြောကြားခဲ့တဲ့ အမေရိကန်ဟာ မေ ၃၁ ရက်နေ့က ရှန်ဂရီလာ ဒိုင်ယာလော့ခ်မှာ အသံထွက်လာတယ်။ ကျနော်တို့ အင်ဒို ပစိဖိတ်ဒေသကို ဂုဏ်ယူစွာ ပြန်လည်ရောက်ရှိလာပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတာဟက်ဆက်က ဆိုတယ်။ ဒီပွဲမှာပဲ တရုတ်နဲ့ ဖိလစ်ပိုင်အကြားက တင်းမာမှုဟာ သံတမန်စကားလုံး အနုအလှတွေကြားမှာပဲ ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့တာ တွေ့ရတယ်။

‘အာရှဟာ တရုတ်အိမ်ကွင်းလား’
ရှန်ဂရီလာမှာ တရုတ် စစ်ဘက်ဆိုင်ရာ သံတမန်တွေနဲ့ အရာရှိတွေ လှုပ်ရှားနေတဲ့ တချိန်တည်းမှာပဲ တိန့်ရှီကျွန်းဟာ ကေအိုင်အေနဲ့ အေအေကို တိုက်ပွဲတွေရပ်ဖို့ ထပ်မံ တောင်းဆိုလာတယ်။ ဒါပေမယ့် ကိုးကန့်နဲ့ တအာင်းလို တင်းတင်းမာမာ ဖိအားပေးဖို့မလွယ်တော့ တရုတ်နဲ့ အရှည်သဖြင့် ကောင်းမွန်တဲ့ဆက်ဆံရေး ပြန်လည်ရရှိမယ်လို့ မက်လုံးပေးခဲ့တာကိုလည်း တွေ့ရတယ်။

တရုတ်ဟာ ခြံစည်းရိုးနားကပ်နေတဲ့ ကိုးကန့်လို တအာင်းနဲ့ ကချင်ကို လိုသလို ဖိအားပေးဖို့ မဖြစ်နိုင်ပေမယ့် နယ်နိမိတ်တွေက ထိစပ်နေတာမို့ အတိုင်းအတာတခုအထိတော့ အမြဲလို ခြောက်လိုက် မြှောက်လိုက် လုပ်နေနိုင်မယ့် အခြေအနေကတော့ ရှိနေမှာဖြစ်တယ်။ ဒါပေမယ့် အေအေနဲ့ပွဲကတော့ ထင်တိုင်း‌ ပေါက်ဖို့ မဖြစ်နိုင်ဘူး။ အီးအေအိုတွေနဲ့ စကစ ဆွေးနွေးပွဲ အတွေ့အကြုံတွေအရ ပြောမယ်ဆိုရင် စကစဟာ ဘယ်အီးအေအိုကိုမှ အရင်သတ်မှတ်ထားတဲ့ နယ်မြေထက်ပိုတဲ့ နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမှာမဟုတ်သလို ရခိုင်တပြည်နယ်လုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ဆိုတာမျိုးကလည်း မျှော်လင့်စရာမရှိလို့ ဆိုရမှာဖြစ်တယ်။

တကယ်တော့ ဒီသဘောထားဟာ စကစ သဘောထားသာမက တရုတ်လက်ခံထားတဲ့ သဘောထားလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် ဒီချဥ်းကပ်မှု အလုပ်ဖြစ်ဖို့ မလွယ်ဘူး ဆိုတာလောက်တော့ တရုတ်လည်း သဘောပေါက်ပါလိမ့်မယ်။ အေအေနဲ့ စကစမှာ ဘယ်ဘက်က ပျော့လာမလဲ၊ ပျော့တဲ့အခြမ်းကို နင်းပြီး ညှိမှာပဲဖြစ်တယ်။ သို့သော် တရုတ်ကြမ်းခင်းစျေးက စစ်တပ် ဆက်အုပ်ချုပ်သွားနိုင်ဖို့နဲ့ သူ့အကျိုးစီးပွားကို အကာအကွယ်ရဖို့ တိုးချဲ့ဖို့ပဲဖြစ်တယ်။ တောင်တရုတ်ပင်လယ်မှာ နိုင်ငံတကာဥပေဒတွေနဲ့ တရားဆိုင်ပြီး ရှုံးနိမ့်ခဲ့တာတောင် ဖိလစ်ပိုင်ကို ကျွန်းပြန်ပေးဖို့ အခုအချိန်ထိ တင်းခံပြီး ငြင်းဆန် ထားဆဲဖြစ်တာကို ကြည့်ရင် သိနိုင်တယ်။

တရုတ်ဟာ အာဆီယံလက်မခံပေမယ့် စကစအသံထုတ်ထားတဲ့ ရွေးကောက်ပွဲဆိုတဲ့ ၂၀၂၅ နှစ်ကုန်အထိတော့ ဘာဖြစ်လာမလဲ စောင့်ကြည့်ရင်း အီအေအိုတွေကို ဖိလိုက်ဖွလိုက် ထိန်းထားဖို့ပဲဖြစ်တယ်။ တခြားရွေးချယ်စရာ တရုတ်မှာလည်း ဘာမှမရှိလှတာ တွေ့ရတယ်။ ကျောက်ဖြူနဲ့ ကချင်အထူးဒေသ ၁ ကို အေအေနဲ့ ကေအိုင်အေတို့က ထိန်းချုပ်ထားနိုင်သမျှတော့ တိုက်ရိုက် ဖိအားပေး ခြိမ်းခြောက်တာမျိုးကို တရုတ်ဘက်က လုပ်နိုင်ဖို့ မလွယ်လှ။

‘ကရင်နဲ့ အခြားစစ်မျက်နှာများ’
ဗန်းမော်နဲ့ ကျောက်ဖြူနည်းတူ တိုက်ပွဲတွေကြမ်းပြီး စစ်တပ်အထိနာနေတဲ့ နောက်ထပ်စစ်မျက်နှာကတော့ ကရင်ဘက်မှာဖြစ်တယ်။ နယ်စပ်ကစခန်းတွေတောက်လျှောက်သိမ်းနေတဲ့ ကေအင်အယ်အေဟာ ၈၈ က နာမည်ကျော် သေဘောဘိုးကို ဒီအပတ်ထဲ သိမ်းယူနိုင်ခဲ့ပြန်တယ်။ ဒီပုံစံအတိုင်း ပုံမှန် သိမ်းယူသွားနိုင်မယ်ဆိုရင် ကရင်ဟာ ၂၀၂၅ အတွင်း တပ်မဟာ ၇ ခုစလုံးမှာ ခိုင်မာတဲ့ အခြေခံစခန်းတွေနဲ့ နယ်မြေ ထိန်းချုပ်ကွပ်ကဲမှုတွေ ရလာဖို့ရှိနေတယ်။ ကရင်နယ်မြေတွေ သိမ်းနိုင်နေတဲ့သဘောဟာ စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်မှာ စစ်သားအရေအတွက် ပြန်များလာပေမယ့် မြေပြင်ခုခံမှုနဲ့ ထိုးစစ်တွေတိုးတက်မလာဘူးဆိုတာကို ဖော်ပြနေတဲ့သဘောပဲ။

တခြား ပြည်နယ်တွေနဲ့တိုင်းတွေမှာ မြို့သိမ်းတဲ့အထိ တိုက်ပွဲကြီးတွေ ရှိမလာနိုင်ပေမယ့် မကွေးနဲ့ ဧရာဘက်မှာတော့ အေအေပံ့ပိုးမှုနဲ့ ထိုးစစ်တွေ ဆက်ရှိနေမယ့်သဘော တွေ့ရတယ်။ PNLO ကို စစ်တပ်ဘက်က ဝင်ရောက်စီးနင်းလာတာတွေဟာ ရှမ်းတောင်မှာ တိုက်ပွဲကျယ်ပြန့်လာနိုင်တဲ့ သဘောဖြစ်ပြီး ကရင်၊ ကရင်နီနဲ့ ရှမ်းတောင်လမ်းကြောင်းတွေ ဆက်စပ်လာတဲ့ သဘောများလား စဥ်းစားကြည့်ဖို့ဖြစ်စေတယ်။

‘ပင်မရေစီး’
ဒီရက်ပိုင်း ထူးခြားတဲ့ သတင်းတခုကတော့ FPNCC အဖွဲ့ဝင်တွေဖြစ်ပြီး ဝနဲ့နီးကပ်တဲ့ ရှမ်း (SSPP) နဲ့ ကိုးကန့်ကြား တိုက်ပွဲတွေ ဖြစ်လာကြတာပဲဖြစ်တယ်။ မူဆယ်နဲ့ ကွတ်ခိုင်ဘက်တွေမှာ နယ်မြေပြဿနာတွေ အသံထွက်နေတာ ဧပြီလကုန်နဲ့ မေလဆန်းလောက်ကတည်းပါ။ ဆွေးနွေးပွဲတွေရှိပေမယ့် ထူးခြားမလာတဲ့ သဘောဖြစ်တယ်။ အခုဖြစ်နေ တင်းမာနေတဲ့နေရာတွေက သီပေါနဲ့ လားရှိုးတဝိုက်က ရွာတွေ စခန်းတွေမှာဖြစ်တယ်။ ကိုးကန့်နဲ့ SSPP ကြားမှာ မနှစ်က မတ်လထဲမှာလည်း တိုက်ပွဲတချို့ရှိခဲ့တယ်။

ဆိုတော့ ဒါက အသစ်မဟုတ်ဘူးဆိုပေမယ့် လက်ရှိပြဿနာတွေက လားရှိုးမြို့တွင်းကို စကစ ပြန်ဝင်အလာမှာ MNDAA တပ်တွေက အနီးတဝိုက်ကို ဖြန့်ကျက်နေရာချရင်း SSPP နဲ့ နယ်မြေအထိုင်ချ၊ စခန်းချတဲ့နေရာတွေ ထပ်လာရင်း ထိတွေ့မှုတွေ ဖြစ်တဲ့သဘောလည်း ဖြစ်နိုင်တာတွေ့ရတယ်။ နောက်တချက်က ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးဖို့ ကြိုးစားရာကနေ ထွက်ပေါ်လာတယ်လို့ သတင်းတချို့မှာ ဖော်ပြတယ်။ ဒါလည်းပဲ လားရှိုး အထိုင်ပြောင်းလိုက်တဲ့နောက်ပိုင်း တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပွင့်လာတာနဲ့ ဆက်စပ်ကောင်း ဆက်စပ်နေနိုင်တယ်။

တန်ပြန်ရေစီးတွေ၊ လှိုင်းဂယက်တွေနဲ့ ရေစီးတဝိုက်က ဒိုက်နဲ့ အမှုန်အမွှားတွေ ရှိနေပေမယ့် တော်လှန်ရေးဟာ ပင်မရေစီးအဖြစ် ဆက်လက် စီးဆင်းနေဆဲဖြစ်တာ တွေ့ရတယ်။

About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*