ဆဲဗင်းဇူလိုင်ဆီက သင်ကြားစရာတွေ အများကြီးရှိသည်။ ကျောင်းသားသမဂ္ဂကို နိုင်ငံရေးလေ့ကျင့်ကွင်းလို ခြေစမ်းချင်သူတို့အတွက်လည်း အလွတ်ကျက်ရမည့် သင်ခန်းစာတွေရှိသလို၊ ဇူလိုင် ၇ ရက်နေ့ ရောက်တိုင်း ဘယ်အလံကို အလေးပြုရမလဲ ဗျာများနေသူတို့အတွက်လည်း မျက်နှာလွှဲခဲပစ်လုပ်လို့မရသည့် သင်ခန်းစာတွေရှိသည်။ သမိုင်းရဲ့ သွေးမတိတ်တဲ့ အနာတခုဆိုတာ အချိန်ကာလနဲ့ ကုစားလို့မရနိုင်၊ မြေအုတ်တို့နေရာ ကျောက်အုတ်တို့ဖြင့် အစားထိုးနိုင်ဖို့ကလည်း နီးမလိုလိုနှင့် ဝေးခဲ့ကြရတာ အကြိမ်မနည်း။
တိုင်းပြည်အတွက် သမိုင်းကပေးတဲ့သင်ခန်းစာတွေက လိုတာထက် ပိုနေခဲ့ပြီမဟုတ်ပါလား။ အမှန်တကယ်ကျုးလွန်ခဲ့သူတို့ကို ဖော်ထုတ်နိုင်မှသာ၊ တာဝန်ရှိသည့် အဖွဲ့အစည်းတို့ကို တာဝန်ခံခိုင်းနိုင်မှသာ တိုင်းပြည်၏အနာဂတ်သမိုင်းကို ဖြောင့်တန်းအောင် လုပ်နိုင်ကြပေလိမ့်မည်။
ဆဲဗင်းဇူလိုင်ဆိုတာ မြန်မာပြည်နိုင်ငံရေးအတွက် အရေးကြီးသည်။ ဆွေးနွေးစရာမရှိတော့သည့် သွေးကြွေးသမိုင်း၏ အဦးအစလည်းဖြစ်သည်။ အရင်က သွေးကြွေးတွေကိုမဆပ်နိုင်လျှင် နောက်ထပ်သွေးကြွေးတွေ တသီကြီးလိုက်လာတတ်တယ်ဆိုတာ ဆဲဗင်းဇူလိုင်က ပြောပြနေသည့် အမှန်တရားတခုဆိုတာ အမြဲသတိရနေကြစေချင်ပါသည်။
ဆဲဗင်းဇူလိုင်ကို မမေ့ကြနဲ့။
Be the first to comment