◼️မောင်နွေဦး
တောကျီးကန်းတစ်ကောင်လို
မိုးတိမ်တွေမဲမှောင်နေတဲ့ ရက်တစ်ရက်မှာပေါ့ ။
သူမ ရွက်လာတဲ့ခေါင်းတလားကိုအသာချ
ကျမပါ ၊ ကြူကြူလှပါ တဲ့
ခေါင်ရမ်းပန်းဝတ်ဆံလို
တွဲလောင်းကျနေတဲ့လျှာနဲ့ သူ့ကိုယ်သူ
မိတ်ဆက်တယ် ။
မြေကြီးကိုတောင် ကောင်းကင်ဖြစ်အောင်
လိမ်ညာနိုင်တဲ့မိန်းမပါ ၊
ဝံပုလွေအလှနဲ့ မုဿားမလေးပါ ၊
ပြည့်တန်ဆာရဲ့ ဧည့်ဝတ်ကျေနည်းနဲ့
စိဥ္ဇမာနရဲ့ နေနည်းထိုင်နည်းအထိ ကျွမ်းကျင်တဲ့
တသွေမတိမ်းသူ မိန်းမပျက်ပါ တဲ့ ။
သံသရာအဆက်ဆက်မှာ
ရမ္မက်ပင်လယ်ရဲ့ ရွှေငါးလေးဖြစ်ခဲ့ပြီးတော့
ဒီတစ်ဘဝမှာတော့ဖြင့်
ငရဲမင်းရဲ့ အလိုတူအလိုပါပေါ့ရှင် တဲ့ ။
ကျွန်တော်လည်း တအံ့တသြနဲ့
ပြန်ပြောမိတယ်
မင်းအလာခက်သမျှ အပြန်လည်းခက်တော့မယ် ။
မင်းသီသမျှပန်းတွေ ရနံ့ထုံလွှာခမ်းတော့မယ်
မင်းဆိုသမျှတေးလင်္ကာတွေ
သွေးညှီပုတ်အက် နံတော့မယ်
အချီအချမတင့်တယ်တဲ့ မင်းရဲ့အကဟာ
ငိုချင်း ညတာရှည်တော့မယ် ။
ကဲ လာ လာ
ဒီနေရာမှာ ထိုင်ပါ
ဒီသစ်သီးတစ်ခိုင်ကို သုံးဆောင်ပါ ၊
ဒီရေကြည်တစ်ပေါက်ကို သောက်လိုက်ပါ ၊
ငါအလိုရှိတာပြောရရင် မင့်အပြုံးတွေကိုရပ်လိုက်ပါ ဟောဒီလောကကြီး သာယာမှာ ။
စကားလုံးတိုင်းက သူ့ကိုလောင်မြိုက်နေပုံရ ၊
ဂရုဏာအကြည့်တိုင်း သူ့ကိုဖျစ်ညှစ်နေပုံရ ၊
ငြိမ်းချမ်းတိတ်ဆိတ်နေခြင်းကပင်
သူ့ကို ထုထောင်းနေပုံရ ၊
ရိုးရိုးသားသားဖြတ်သွားဖြစ်လာလုပ်နေကြတဲ့
လေပြည်လေညှင်းလေးကိုတောင်
သူ့မှာ ခြောက်ခြားကြောက်လန့်နေပုံရ ။
ဒီလောက်သွေးနဲ့ သူရေငတ်မပြေသေးကြောင်း
ဆက်ပြောပြန်ပါတယ်
ဟိုးအဝေးကလွင်ပြင် ၊ ဟိုးဖက်ကပင်လယ်
ဟောဟိုကတောင်တန်း ၊ ဟိုအနားက ခင်တန်းရိပ်ညို
လိုသမျှ ကျမ ရ ရစေ့မယ်လို့
ကတိတစ်ခုရထားတယ်ရှင့် တဲ့ ။
တောကြောင်ရဲ့နှလုံးသားမှာ
သူ့ကိုချစ်ဖို့နေရာသာ ရှိပါသတဲ့
လူ့အန္ဓတစ်ယောက်ရဲ့ အရှိုက်သည်းချေမှာ
သူမရဲ့ အမိုက်အမှောင်သာ ရှိပါသတဲ့ ။
အို ဒီလိုမှဖြင့်
မင်းတို့အချစ်က အံ့လောက်စရာပေပ
ပြန်တက်လို့မရတဲ့ချောက်ထဲ
တစ်ယောက်ကိုတစ်ယောက်တွန်းချရဲတာက
အချစ်တဲ့လားကွယ် လို့
ကျွန်တော် ရေရွတ်နေလိုက်တယ် ။
ဝင်္ကပါလို
ရှုပ်ထွေးလွန်းတဲ့သွားတွေပေါ်အောင်
မျက်နှာတော် ဖရိုဖရဲနဲ့
သူမ ရင်ကွဲပက်လက် ဆက်ပြုံးနေပြန်ပါတယ် ။
အပိတ်အဖွင့်ခက်တဲ့ မျက်လုံးတွေက
ငလိပ်စွန်တစ်ကောင်ရဲ့မျက်ဝန်းလို
သားပျက်ကျထားတဲ့မြွေတစ်ကောင်ရဲ့ မျက်ဆံလို
မလှုပ်မယှက် ။
ကဲ ဒီလိုဆိုမှဖြင့်
ကျွန်တော့်ထံလာရင်းအကြောင်းကိုသာ ပြောပါလို့
စကားနည်းရန်စဲရတော့တယ် ။
သူ့အတိတ် သူအရိပ်ကို
ရင့်ကျူးတေးချို သီချင်းလိုဆိုချင်ပါသတဲ့ ၊
သူ့အကြောင်း သူအကောင်းကို
စာစီသီကုံး အပြောင်မြောက်ဆုံး ထုံးဖွဲ့ချင်ပါသတဲ့ ၊
သူ့အလှ သူဘဝကို
ကဗျာတစ်စောင် လင်္ကာတစ်ဖွဲ့
ကျွန်တော့်ထံ အပ်နှံချင်ပါသတဲ့ ။
အဖိုးအခအတွက်
စိန်နဲ့ ရွှေထွက်ရာကုန်းမြေ ၊
လိုတိုင်း တတိုင်းရနိုင်သည့် ပဥ္စလက်နှင်တံ ၊
ပန်းမန်ဥယာဉ်တို့နှင့် ကမ္ဘာကုန်ကျယ်သ၍ စိမ်းညို့သစ်ရိပ် ၊
နေရိပ် လရိပ်ကျသမျှ
မြေ ရေနှင့် ကန္တာရပါမကျန် ရစေ့ပါမယ်တဲ့ ။
ဒီ၍ ဒီမျှနဲ့
မလုံလောက်ပါကြောင်း
နှုတ်ခမ်းနှစ်ခုထိရုံမျှနဲ့ အနမ်းမမည်ကြောင်း
ကျွန်တော်ကပြောရင်း ငြင်းလိုက်ပါတယ် ။
သူမ အကြာကြီးကိုငြိမ်သက်တွေဝေသွားပါတယ်
အမုန်းခံရပါများလို့
အမှောင်ထဲမှာ ပုန်းနေတတ်တဲ့ကြွက်လို
ခိုးကြောင်ခိုးဝှက်ပြန်ကြည့်နေတတ်တာလေးကိုက
သူမရဲ့အလှလို့ ဆိုရပါလိမ့်မယ် ။
ကဲ ကဗျာဆရာ
သင်အလိုရှိရာပြောပါ တဲ့
ငှက်ဆိုးတစ်ရာရဲ့ အာခေါင်ခြစ်သံနဲ့
အပေါ့သွမ်းဆုံးသော မိန်းမယုတ်ရဲ့စကားအဆုံးမှာ
ကျွန်တော် မတ်မတ်ရပ်လိုက်တယ် ။
ဟေ့ ငရဲမင်းရဲ့ကိုယ်လုပ်တော်
သင့်သွေးသည်ပင်
ပုတ်သိုးဆွေးမြေ့နေသည့်တိုင်းပြည်ကို
ကယ်တင်မည့်ဆေး ဖြစ်တော့တယ် ။
ငါလိုချင်တဲ့
အဲ့ဒီ့အဖိုးအခ ရသည့်တစ်နေ့နေ့မှာ
နင့်အတွက်စာ ငါစီမယ် ၊ နင့်ဖို့ကဗျာ ငါရေးမယ်
ထိုအရာသည်ပင်
ငါ့အတွက် မြတ်သောတာဝန်ဖြစ်တော့တယ် ။ ။
Be the first to comment