
“ငါတို့ဟာ သွေးမထွက်ဘူး”

ငါ့ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ဖြတ်ချခံရတယ်
နှစ်ပေါင်းများစွာငါတို့လည်ပင်းအရင်းနားကနေရစ်ပြီး တတိတိဖြတ်လာတာမျိုးပေါ့
ငါတို့ခေါင်းတွေ ဘောလုံးလုပ်အကန်ခံရတယ်
မျက်လုံးတွေဖောက်ထုတ်ခံရချိန်မှာ
အဲဒိ မျက်ခွံဟောက်ပက်တွေကထွက်လာတဲ့ မျက်ချေးကို ထိုးကလော်ပြီးငါတို့ကိုကျွေးတယ်
ငါတို့အရိပ်တွေထွက်ပြေးနေလို့
စားနေရင်းတန်းလန်း မျက်ရည်ကျရတဲ့နှစ်တွေ
ည၊ ပါးစပ်အဝတ်ဆို့ပြီး ရင်ဝစောင့်ကန်ပစ်လိုက်တဲ့ ကာဖျူးချိန်အကျော်လေးကမိုးတွေ
ကြေငြာချက်တွေနဲ့သတင်းဆိုးကြီးကြားပြီးပြီးခြင်း
သွေးစက်လက် ဒရွတ်ဆွဲနေတော့တာ
သူတို့ဖမ်းမိမိခြင်း နံရံမှာကပ် ပစ်သတ်လိုက်ကြတယ်
အစစ်ဆေးမရှိ၊ ကျင့်ဝတ်သိက္ခာမရှိ
မီးနေသည်မရှိ
သုံးလသားအရွယ်ကလေးမလေးမရှိ
ရင်ခွဲပြီးဖြစ်သလိုပြန်ချုပ်ထားတဲ့
သူ့အဖေရဲ့အလောင်းကိုစစ်ကြောရေးမှာ
သွားထုတ်ရတယ် သွားတွေမရှိတော့ဘူး
ငါတို့မှာခေါင်းတွေမရှိတော့
ခုတော့ ငါတို့ခေါင်းတွေ ဘယ်မှာလဲလို့ အော်ဟစ်မေးပိုင်ခွင့်လည်းမရှိ၊ မေးလို့လည်းမရတော့
ငါတို့အသက်ထက်ချစ်ရတဲ့ ခေါင်းတွေမပါပဲနဲ့
နေ့စဥ်မှုကို ပြုနေကြတယ်
သက်ပြင်းချရင်း မိသားစုညစာကိုပြင်နေကြတယ် မနက်ဆို ညကျန်ဟင်းတွေနွှေးမယ်
အဲဒိခေါင်းမပါတဲ့ခန္ဓာကြီးတွေနဲ့
လမ်းတွေပေါ် ဥဒဟိုသွားလာနေကြတယ်
လမ်းဆုံလမ်းခွတွေမှာငါတို့ဆုံဖြစ်တိုင်း
တယောက်လည်ပင်းငုတ်တို တယောက်ဖက်ပြီး
စိတ်တိုင်းကျ နှုတ်ဆက်ကြတယ်
ဒါငါတို့ အမှတ်အသား၊ ဒါငါတို့ သင်္ကေတ။
ဇွန် -၂၃ – ၂၀၂၁
Be the first to comment