ငါတို့ဦးခေါင်းထက်ပေါ်က အဝါရောင်နွေ

“ငါတို့ဦးခေါင်းထက်ပေါ်က အဝါရောင်နွေ”
◼️ညီလင်းအိမ်
A Brighter Summer Day (1991) နဲ့ In The Heat Of The Sun (1994) ရုပ်ရှင်တို့ကို တရုတ်ပြည်က ခေတ်စနစ်အပြောင်းအရွှေ့ အချိုးအကွေ့များနောက်က လူငယ်များရဲ့ ဘဝပုံရိပ်များကို ကိုယ်စားပြုဖော်ပြကြတဲ့ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ယှဉ်တွဲ‌ပြောဆိုလေ့ ရှိကြပါတယ်။ Edward Yang တို့လို ဒါရိုက်တာတွေ Jiang Wen တို့လို သရုပ် ဆောင် ဒါရိုက်တာ လူငယ်တွေဟာ အဲဒီခေတ်တွေကို ကိုယ်စီဖြတ်သန်းခဲ့ရတော့ ကျန်ရစ်ခဲ့သော အတိတ်တွေက သူတို့တွေစိတ်ထဲ နှလုံးသားထဲမှာ မြောက်မြားစွာ ထင်ကျန်ရစ်ခဲ့ရလို့ ဖြစ်မှာပေါ့။
ဒီရုပ်ရှင်တွေကို ကြည့်မိတိုင်းမှာ သူတို့ဖြတ်သန်းခဲ့ရတဲ့ လူငယ်ဘဝတွေကို နက်ရှိုင်းပြတ်သားစွာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဆိုတော့ ဒီလို နောက်ခံဘဝ ဇာတ်အိမ်တူတဲ့ ဒီရုပ်ရှင်ကား နှစ်ကားအကြောင်းကို ငြင်းခုန်ကြတိုင်း အမြင် တွေ ကွဲပြားကြပါတယ်။ In The Heat က တရုတ်ပြည်မကြီးအောက်ကနေ ဆင်ဆာအသွယ်သွယ်ကြားက ထွက်တဲ့ကား၊ Brighter Summer ကျတော့ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရတဲ့နိုင်ငံက ထုတ်လုပ်တဲ့ရုပ်ရှင်။ ဒီတော့ နိုင်ငံရေး အက်ကွဲကြောင်းတွေကြောင့် ဒဏ်သင့်ကြရတဲ့ ပြည်သူတွေဘဝကို ဖော်ပြကြရမှာ ထိုင်ဝမ်ရုပ်ရှင်က ပိုလို့ရှုမြင်ကြရတယ်။ နာကျင်စရာတွေကို ဆင့်ကဲ ခံစားရတယ်။ ဒါ့ကြောင့်ပဲ ထိုင်ဝမ်ဖလင်ကို ရုပ်ရှင်ပရိသတ်အများစုက ပိုလို့ အမှတ်ပေးကြတယ်။ လူငယ်ဘဝတွေကို ပြဆိုရမှာလည်း ပိုလို့ပီပြင်တယ် စသဖြင့်ပေါ့။
ကျနော်ကျတော့ အဲသလို လူငယ်ဘဝအရောင်ချယ်မှုနဲ့ Nostalgia (ပြီးပျက်ခဲ့လေသော အတိတ်ငယ်ဘဝများကို တဖန်တမ်းတခြင်း) Theme မှာ In The Heat က လူငယ်တွေရဲ့ ဘဝတွေ၊ ဆယ်ကျော်သက်လူငယ်များရဲ့ စိတ်လက် အကူးအပြောင်းတွေကို ပိုလို့ လွတ်လပ်စွာ မြင်ရတဲ့အတွက် ကျနော့် တကိုယ်ရည်ခံစားမှုမှာ တရုတ်ပြည်မကြီးက ထုတ်လုပ်တဲ့ရုပ်ရှင်ကပဲ ပိုပြီး လွမ်းဆွတ်ရှုမောဘွယ် ခံစားမှုကို ပိုမိုကူးစက်စေရတယ်လို့ ခံယူမိပါတယ်။
ဒီရုပ်ရှင်ဇာတ်ကြောင်းကလည်း ထိုင်ဝမ်က ညကျောင်းတက်ကြရတဲ့ လူငယ်တွေဘဝနဲ့ အတူတူပါပဲ။ မျောက်လောင်း (Monkey) တို့လို ကောင်လေးတွေက ကျနော်တို့ ဆယ်ကျော်သက် လူပျိုပေါက်ဘဝကို ကိုယ်စားပြုပါတယ်။ သူတို့တွေက တရုတ်ပြည်မကြီးရဲ့ မွန်းကြပ် ခက်ခဲနေတဲ့ ခေတ်ကာလကိုလည်း မသိကြဘူးပေါ့။ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ လူနေမှုတခုလုံး ဂယောက်ကယက်ဖြစ်ပြီး ဒုက္ခပင်လယ်ဝေနေကြတဲ့အချိန်မှာ သူတို့စာသင်ကျောင်းရှေ့မှာလည်း သေနတ်တလက်နဲ့ လာစောင့်ကြတဲ့ လက်နက်ကိုင်တွေကို မြင်ကြရတယ်။ ကျောင်းသားတွေမှာ နေ့ကျောင်းရော ညကျောင်းရော တက်ရောက်စာသင်ကြရတယ်။
မန်းကီးတို့ကတော့ အဲဒါတွေလည်း သတိမထားနိုင်ကြ။ ကျောင်းမှာ ဘော်ဒါတွေနဲ့ ပေါက်ပန်းလေးဆယ်လုပ်မယ်။ လူပျိုစိတ်တဝက် ကလေးစိတ်တဝက်ဆိုတော့ ဆော့ကြနန့်ကြရင်းနဲ့ အပျိုလေးတွေ မြင်ရင်လည်း ငမ်းတတ်နေပြီ။ ကျောင်းတက်ရင်းနဲ့လည်း သူတို့တွေက အုပ်စုလိုက်တွေ ချိန်းပြီး ရိုက်ကြနှက်ကြနဲ့ လူငယ်ဘဝက အဲသလို လူငယ်ပီသနေကြတဲ့ အချိန်မှာ မမကို ဆုံလိုက်ရတာလေ။
အီတလီ မူဆိုလီနီခေတ်က မမမယ်လီနာကို ရူးခဲ့ရတဲ့ ကောင်လေးလို ဒီသူငယ်နှပ်စားကလေး မန်းကီးကလည်း သူ့နာမည်နဲ့လိုက်ဖက်အောင် အားအားမနေ ကမျဉ်းချင်တဲ့ကောင်လေးဆိုတော့ နွေနှောင်းတရက်မှာပဲ သူတို့အနားက တိုက်ခန်းတွေထဲကို မျောက်လို လျှောက်ကမျဉ်းရာက အချစ်ဆိုတာကို တွေ့သွားခဲ့တာ။ သူ့ဆီမှာ ရှိတဲ့သော့က အဲဒီက တိုက်ခန်းတံခါးအများစုကို ဖွင့်လို့ရတာကနေ တွေ့ရာနှိုက်စား လက်ကမျဉ်းတဲ့ကောင်လေ။ အဲသလို တခန်းပြီးတခန်း ခိုးဝင်ရင်းကနေပဲ မမတို့ အခန်းထဲရောက်သွား၊ မမရဲ့ ကုတင်အောက်ကလေး ဝင်ပုန်းရင်းကနေ အဝတ်တွေလဲနေတဲ့ မမရဲ့ ပကတိအလှတွေကို မြင်မိရာကစလို့ အခန်းထဲမှာရှိတဲ့ ပြုံးလျက်သား‌အနေအထားနဲ့ ချိတ်ဆွဲထားတဲ့ မမဓာတ်ပုံကလေး ထပ်မံမြင်မိရာကနေ အစပြုလို့ပေါ့လေ။
ပူလောင်လှတဲ့ နွေဝါဝါက ဖန်ခွက်ကြီးထဲမှာ ထည့်ဖျော်ထားတဲ့ လိမ္မော်ရည်တွေလို သူတို့ရှိတဲ့ နေရာတခုလုံးကို သွန်းလောင်း လိမ်းကျံလိုက်ချိန်မှာတော့ စပ်ဖြဲဖြဲမျက်နှာထားနဲ့ မန်းကီးက အရင်လိုမဟုတ်တော့။ နွေရက်ရှည်များထဲမှာ မမနဲ့ဆုံအောင် လမ်းသလားနေတတ်ပြီ။ သူ့ဘော်ဒါတွေကလည်း ပြောင်းလဲနေတဲ့ မန်းကီးကိုကြည့်ပြီး ပြောင်လိုက် လှောင်လိုက်နဲ့။ ခက်တာက အဲမမကို ကြိုက်တာက သူတယောက်တည်း မဟုတ်။ သူ့ဘော်ဒါကောင်ကပါ ကြိုက်နေတော့တာ။
သူက မန်းကီးလိုမဟုတ်။ သူ့ထက်စာရင် လူကြီးဆန် ရင့်ကျက်တယ်။ ရန်ဖြစ်ရင်လည်း သူက ထိပ်ဆုံးကနေ ဆော်ပလော်တီးနိုင်သူ။ လက်သံပြောင်တဲ့သူ။ ဒီလိုလူနဲ့ယှဉ်လိုက်တော့ မန်းကီးလိုကောင်လေးကို မမက အမှတ်ပိုပေးပါ့မတဲ့လား။ ကိုယ့်ဆရာ မန်းကီး အသဲကွဲရရှာပြီ။
ကျနော့်မှာ ဒီရုပ်ရှင်ကို ကြည့်ရတုန်းက ကိုယ်ပါ မန်းကီးနေရာရောက်သွားပြီး နွေရောင်တွေကဲနေတဲ့ ဂိမန္တကာလထဲ ကို သက်ဆင်းရောက်ရှိသွားသလို ဖြစ်ခဲ့ရပါတယ်။ ဒါရိုက်တာ Jiang Wen ရဲ့ တရုတ်ပြည်မက ရှေးရိုးစွဲ ရိုက်ပြမှုတွေကို တော်လှန်လင်းပွင့်လိုတဲ့ တင်ပြမှုတွေကြောင့်လည်း ဖြစ်လိမ့်မယ်။ သူက ပန်းအဖူးငုံကလေး တရစ်ရစ် လှသွေးကြွယ်နေသလို အလှတွေ ပြည့်ဝလွန်းနေတဲ့ အဲဒီကောင်မလေးရဲ့ အလှတွေကို မန်းကီးရဲ့အမြင်ကနေ ပကတိအတိုင်း ပြဆိုတာကြောင့်လည်း ပါမယ်။ ငေးရင်း နွေအရောင်တွေနဲ့အတူ ထပ်တူ လောင်မြိုက်ခဲ့ရပါတယ်။ ခေတ်ရဲ့ ဆိုးယုတ်ပုံတွေကို သူမရဲ့အလှတွေအောက်မှာပဲ သတိမထားမိသလို ဖြစ်ခဲ့ရပါတယ်။ ဒီလို အဖြစ်သနစ်တိုင်းကလည်း ကျနော်တို့လူငယ်တွေရဲ့ ဆယ်ကျော်သက် ဘဝမှတ်တိုင်များထဲမှာ ထပ်တူကိုယ်စီ ရှိခဲ့ကြတာပဲ မဟုတ်လား။
မိုးရေစက်တွေကို အငမ်းမရ သောက်သုံးခွင့်ရလိုက်လို့ ရုတ်တရက်ကြီးပဲ ဖြူဝင်းတောက်ပစွာနဲ့ ပွင့်လွှာပွင့်ချပ်ကြီးတွေကို အစွမ်းကုန်တင်းကားပြီး ပွင့်ဖူးလာတဲ့ စံပယ်ပန်းတွေလို အဲဒီအရွယ်ကလေးနဲ့ပဲ အလှတွေ အင်မတန် ပြည့်ဝလွန်းလှတဲ့ မိန်းမလှလေးတွေနဲ့ ဆုံခဲ့ရဖူးတာပဲလေ။ မိုးတွေတဖွဲဖွဲ ကျလာတဲ့အချိန်မှာ သူမက ကျနော့်ရဲ့ရှေ့က စက်ဘီးကလေးကို အားသွန်နင်းလို့။ နွေရက်ဝင်ချိန်မှာပဲ ဆိုင်းမဆင့် ဗုံမဆင့် ရွာချလာတဲ့မိုး။ ထီးအကာမပါတဲ့ ကျနော်တို့ကိုယ်ပေါ်ကို ရုတ်ချည်း ရွှဲစိုသွားစေတယ်။ အဖြူရောင်ကျောင်းဝတ်စုံနဲ့ အစိမ်းရောင် ထဘီအသားကပ်ကို ဝတ်ထားတဲ့ သူမရဲ့ကိုယ်ပေါ်က လုံချည်စတွေကို ချက်ချင်းပဲ စိုကပ်သွားတယ်။ မိုးရေကြောင့် နဂိုက ဝင်းလဲ့နေတဲ့ လက်မောင်းသားတွေက ပိုလို့ အရောင်လက်နေတယ်။ မိုးရေတွေကြောင့် ကပ်နေတဲ့ လုံခြည်အောက်မှာ အလှကောက်ကြောင်းတွေက တားမရဆီးမရ မို့‌မောက်တင်းရင်းစွာနဲ့ ထွက်ပေါ်လာနေခဲ့တာ။ ကျနော့်မှာ စက်ဘီးကို ဆက်မနင်းနိုင်။ စက်ဘီးထိုင်ခုံပေါ်က ထပြီး အားသွန်နင်းနေတဲ့ သူမကိုငေးရင်း ကိုယ်ပေါ်ကို စီးကျနေတဲ့ မိုးရေစက်တွေက ရှဲခနဲ ရှဲခနဲ မြည်နေသလို ခံစားခဲ့ရတဲ့ အရွယ်ဝင် မွတ်သိပ်မှုတွေ။ ဒီအရာတွေကလည်း ကိုယ်နဲ့ သက်ဆိုင်ခဲ့တဲ့ အရာတွေ ဖြစ်မလာခဲ့ဘူးလေ။ ယူနီဖောင်းမြင့်မြင့်အောက်က မွေးဖွားလာတဲ့ သူမအတွက် အရာရာက အဆင်သင့်ရှိနေခဲ့တာ။ ကိုယ်တို့တွေနဲ့ တကမ္ဘာစီ တဘဝစီ ဘာမှာမှ မသက်ဆိုင်ခဲ့ရတာဘဲ။
ဒီတော့လည်း အခုရုပ်ရှင်ထဲက မန်းကီးကို နားလည်နိုင်ခဲ့တယ်။ လူပျိပေါက်တယောက်ရဲ့ ဒိန်းတလိန်းနတ် ပူးဝင်ခံစားရခြင်းရဲ့ဖီလင်တွေကို ထပ်တူမြင်နိုင်ခဲ့ပါတယ်။ အဲသလို အရာရာ တိုက်ဆိုင်စွာ တူညီရသကဲ့သို့ပါပဲ။ အချစ်ဦးဆိုတဲ့ ကျိန်စာကရော ကျနော်တို့ ပုရိသများရဲ့ ဘဝဦး ခံစားမှုမှာ ဘာကြောင့်များ ကျိန်စာဆူးတွေ ဖြစ်ခဲ့ရသလဲ။ လူငယ် များရဲ့ နှလုံးသားအကြောင်းကို သင်ယူမှုအတွက် ဒဏ်ရာတွေ ဖြစ်ရစေလို့ပဲ ကမ္ဘာဦးကတည်းက အမိန့်တော်တွေ ချမှတ်ခဲ့သလား မပြောတတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ဟာလည်း ဒဲ့တိုး ထုတ်ဖော်မပြောဦးတောင် Jiang Wen တို့ဖော်ပြချင်တဲ့ ခေတ်ဆိုးထဲက လူငယ်များရဲ့ ဘဝတွေ။ ရှားပါးမှုတွေ။ စက်ဘီး‌ကလေးတောင် အိမ်တိုင်းမစီးနိုင်ခဲ့ရလောက်အောင် ဆင်းရဲ ခေါင်ခိုက်ခဲ့ရတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ခဲ့ရပါတယ်။
ကိုးဆယ်နှောင်းပိုင်းဖွား ကျနော်တို့လူငယ်တွေ ဘဝတွေလိုပဲပေါ့။ အာဏာရှင် ခေတ်ဆိုးအောက်မှာ စက်ဘီးတောင် အိမ်တိုင်းစေ့မရှိခဲ့တဲ့ ဘဝတွေ။ မိုးခေါင်လွန်းတဲ့ နှစ်တွေဆို စားစရာ ဆန်မရှိလို့ ဝက်စာကျွေးတဲ့ ပြောင်းဖူးစေ့တွေကို ပြုတ်ပြီးပဲ စားခဲ့ရတဲ့ အညာမိသားစုများရဲ့ ဘဝတွေ။ ဒါတွေကလည်း ခေတ်အဆက်ဆက်က လူတွေရဲ့ ဦးခေါင်းတွေပေါ်ကို အညှာအတာမဲ့ ထိုးကျ လောင်ကျွမ်းစေခဲ့တဲ့ ခေတ်ဆိုးထဲက နေရောင်ပြင်းပျတွေ မဟုတ်ဘူးလား။ မန်းကီးတို့ကဲ့သို့ပဲ အဲဒီခေတ်ဆိုးထဲမှာပဲ ပျောက်ဆုံး နစ်ဝင်သွားကြတဲ့ လူငယ်တွေကလည်း ယခုကာလတိုင် ဒုနဲ့‌ဒေးမဟုတ် ဘူးလား။
In The Heat Of The Sun က နှစ်နှစ်ဆယ်ကျော် ကြာခဲ့ပြီးပြီ။ A Brighter Summer Day ရုပ်ရှင်တွေက အနှစ်သုံးဆယ်ပြည်ခဲ့ပြီ။ သူတို့ဆီမှာ အရာရာပြောင်းလဲသွားခဲ့ပြီ။ ရုပ်ရှင်ထဲက မန်းကီးတို့လို၊ Sir တို့လို လူငယ်တွေ မရှိနိုင်တော့။ မော်ဒန်ခေတ်သစ်ထဲမှာ အခွင့်အလမ်းသစ်ပေါင်းများစွာနဲ့ ရှေ့ကို ရင်ကော့လျှောက်လို့ရပြီ။ မြန်မာပြည်က ကျနော်တို့လူငယ်တွေမှာပဲ မျိုးဆက်နှစ်ဆက်တိုင်အောင် Jiang Wen ခေတ်ကနေ ယခုထက်တိုင်အောင် မျိုးဆက် သုံးဆက်စာမျှ ဒီနိုင်ငံဆိုးကြီးထဲက ဆိုးမွေတွေကို ပုခုံးထမ်းနေကြရတယ်။ နောက်မျိုးဆက်တွေ ခုလိုမဖြစ်ကြရဖို့အတွက် အသက်တွေစတေးပြီး ပြောင်းလဲနေကြရတယ်။ ဘယ်လောက် ရင်နာဖွယ် ကောင်းလွန်းလိုက်လေသလဲ။
ရုပ်ရှင်ရည်ညွှန်း – In The Heat Of The Sun Movie (1994)
.
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*