ငါတို့ စစ်-ပွဲကြီးထဲ ရောက်ရှိပြီး ပိတ်မိနေတဲ့အကြောင်း

◼️မောင်မူ
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူချင်တဲ့ စစ်ဗိုလ်ချုပ်တယောက် ကောင်းကင်တခုလုံးကို အနက်ရောင် ဆေးခြယ်ပြီး အမှောင်ချလိုက်တာနဲ့ ဇာတ်လမ်းစတယ်။ အဲဒီနောက်တော့ ပိန်းပိတ်အောင်မှောင်တဲ့ အမှောင်အောက်မှာ ငါတို့တွေ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ဘဲ မျက်ကန်းနဲ့မခြား ဖြစ်သွားတယ်။ ငါတို့အလင်းရောင် ငါတို့ ပြန်ပေး၊ ငါတို့ကောင်းကင် ငါတို့ ပြန်ပေး၊ ငါတို့မျက်လုံးတွေ ငါတို့ ပြန်ပေး။ အလင်းကို ဆုံးရှုံးခဲ့ရတဲ့ ငါတို့တွေရဲ့တောင်းဆိုသံက ကနဦးတော့ တိုးတိုးမှန်မှန်ပဲ။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်က အဲဒီအသံတွေကို မထေမဲ့မြင်ပြု၊ လျစ်လျူရှု ဆက်အိပ်ဖို့ ကြိုးစားတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဒေါသပေါက်ကွဲလာတဲ့ ငါတို့ရဲ့အော်သံက ဝရဇိန်သွား မိုးကြိုးဓါးလို မြည်ဟည်းကျယ်လောင်လာပြီး စစ်ဗိုလ်ချုပ်ရဲ့ အိပ်စက်ခြင်းကို လုံးဝ ဖျက်ဆီးလိုက်တယ်။ အဲဒီနောက်မှာတော့ အိပ်မပျော်တဲ့ စစ်ဗိုလ်ချုပ်က သူ့အတွက် အိပ်ရေးပျက်ပြားစေတဲ့ အသံတွေအားလုံးကို ဖမ်းဆီးသတ်ဖြတ်ဖို့ သူ့စစ်တပ်ကို စေလွှတ်ခဲ့တာမှာ စစ်ပွဲတခု အစပြုတယ်ဆိုပါတော့။
ပိန်းပိတ်အောင်မှောင်တဲ့ အမှောင်ထုရဲ့အောက်၊ တယောက်နဲ့တယောက် မြင်နိုင်စွမ်းမရှိတဲ့ ငါတို့နဲ့ စစ်ဗိုလ်ချုပ် စေလွှတ်လိုက်တဲ့ တပ်သားတွေ။ ရွှီခနဲ ခရာတွတ်သံနဲ့အတူ စစ်သေနတ်တွေဆီက တဒက်ဒက် အော်သံပေး ပြေးထွက်လာတဲ့ မီးပွင့်တွေ။ အဲဒီနောက် ငှက်ပျောပင် ဓါးနဲ့ပိုင်းသလို ဗိုင်းခနဲ လဲပြိုကျသွားသူတွေ။ တယောက်၊ နှစ်ယောက်၊ သုံးယောက်၊ ကြောက်လန့်တကြား အော်ဟစ်ငိုယိုသံနဲ့ သွေးအိုင်နဲ့ မီးခိုးငွေ့တွေ။ လက်နက်မဲ့ ပြည်သူ၊ လူမဆန် တဲ့ လုပ်ရပ်တွေနဲ့ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ။ နာကျည်းတောက်ခေါက် ပေါက်ကွဲအော်ဟစ် အာခေါင်ခြစ်သလို။ ငါတို့အတွက် တရားမျှတမှု ငါတို့ ပြန်ယူရမယ်၊ ငါတို့အတွက် တရားမျှတမှု ငါတို့ ပြန်ယူရမယ်။ ကနဦး ဘောလုံးဝတ်စုံနဲ့ ကောင်လေးက သူ့လက်ထဲ ပိုက်ထားတဲ့ ဘောလုံးနဲ့ စစ်သားတွေကို ပစ်တယ်။ အဲဒီနောက် ကျောင်းသားလေးတွေက သူတို့ရဲ့ လွယ်အိတ်၊ စာအုပ်၊ ဘောလ်ပင်၊ ခဲတံတွေနဲ့ ပစ်တယ်။ အိမ်ရှင်မတွေက ဒယ်အိုးတွေ၊ ခက်ရင်းယောက်မတွေနဲ့။ ကျောင်းဆရာ/ဆရာမတွေက မြေဖြူခဲတွေ၊ အဖြူအစိမ်းဝတ်စုံတွေနဲ့။ ထန်းသမားတွေက ထန်းလှီးဓါးတွေ၊ လယ်သမားတွေက ထွန်တုံးတွေ၊ တံစဉ်တွေနဲ့။ ငါလည်း ငါ့လက်ထဲမှာရှိနေတဲ့ ဝတ္ထုတချို့နဲ့ စစ်သားတွေကို ပစ်တယ်။ ငါ့လိုပဲ သီချင်းသည်၊ ဇာတ်သမား၊ ပြဇာတ်သရုပ်ဆောင်၊ ကဗျာဆရာနဲ့ အခြားအခြားသော လူတွေကလည်း သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းတွေနဲ့ မရပ်မနား ပစ်တယ်။ တချို့က သူတို့ကိုယ်သူတို့ ကျည်ဆံအဖြစ်ပြောင်းပြီး စစ်သားအုပ်ထဲ ခုန်ဝင်တယ်။ တချို့က သူတို့ကိုယ်သူတို့ ဗုံးသီးအဖြစ် ဖန်တီး၊ သူတို့ကိုယ်သူတို့ ဖောက်ခွဲပြီး စစ်သားတွေကို ဒဏ်ရာရစေတယ်။ သေဆုံးပြီးသူတွေကလည်း သူတို့ကိုယ်သူတို့ သတင်းတွေအဖြစ် ပြောင်းလဲပြီး အရပ်လေးမျက်နှာကို ပျံ့ထွက်သွားတယ်။ ပြီးတော့ စစ်ပွဲဖြစ်နေတဲ့အကြောင်းနဲ့ စစ်ဗိုလ်ချုပ်နဲ့ သူ့ရဲ့စစ်သားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအကြောင်း သတင်းစကားကို ဖြန့်တယ်။
အားလုံးသဘောတူ ငါတို့ စစ်ပွဲကို မွေးဖွားလိုက်ကြတယ်။ စစ်ပွဲဟာ မွေးပြီးပြီးချင်းတော့ ဥမမယ် စာမမြောက် မလောက်လေး မလောက်စားပဲ။ အဖေအမေ မခေါ်တတ်တဲ့ ပီဘိ ကလေးတယောက်ပဲ။ အဲဒီအချိန်တုန်းကတော့ သူ့ကို ပြုစုစောင့်ရှောက်သူတွေ ကျွေးမွေးတဲ့ ကျည်ဆံတချို့၊ ဗုံးသီးနည်းနည်းနဲ့ အဆောက်အဦး တခုတလေကိုပဲ စားတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ကြီးထွားလာတဲ့အခါမှာတော့ စစ်ဟာ သူ့သဘောသူဆောင်ပြီး သူစားချင်တာကို စားတယ်။ ငါတို့မျက်စိရှေ့မှာပဲ စစ်ဟာ လမ်းတွေ တံတားတွေကို စားတယ်။ စစ်ဟာ ဆိုင်ကယ်တွေ၊ ကားတွေ၊ လေယာဉ်တွေကို စားတယ်။ ခွေးတွေ၊ ဝက်တွေ၊ နွားတွေ၊ ကျွဲတွေနဲ့ လူတွေကို စားတယ်။ သန်စွမ်းတဲ့ ယောက်ျား၊ နာဖျားတဲ့ လူ၊ အရွယ်အို လူကြီး၊ ကိုယ်ဝန်သည် မိန်းမနဲ့ မွေးကင်းစ ကလေး၊ တွေ့သမျှ မရှောင်၊ ဘယ်လောက်စားစား ဗိုက်ဝတယ်လို့လည်း မရှိဘူး။ သူ့ရဲ့ဗိုက်က အမြဲလို ဆာလောင်နေပြီး တဖြည်းဖြည်းနဲ့ ရွာတွေကို စားတာကနေ မြို့ကို စားတဲ့အဆင့် ဖြစ်လာတယ်။ ပထမတော့ မြို့သေးသေး၊ နောက်တော့ မြို့ကြီးကြီး။ ငိုသံ၊ အကြောက်တရားနဲ့ စစ်ဘေးဒုက္ခသည်တွေက သူ အကြိုက်ဆုံး အစားအသောက်ပဲတဲ့၊ ပြောရင်း သူ့အနီးနားက ရွာထဲကို တိုက်ပွဲတခု ပစ်ထည့်ပြီး သူ့အတွက် စားသောက်ဖွယ်ရာကို ဖန်တီးတယ်။
မီးဆိုတာ စစ်ပွဲတွေ သူတို့ကိုယ်သူတို့ အလှဆင်ဖို့ ပန်တဲ့ပန်းတဲ့၊ ပြောရင်း သူ လက်လှမ်းမီတဲ့ မြို့ကို မီးကောက်ရှို့တယ်။ ပြီးတော့ သူအားလပ်ချိန် ကြည့်ရှူဖို့ အာဇာနည်ရုပ်ရှင်၊ သူ အပျင်းပြေဖတ်ဖို့ ကွဲကွာခြင်းဝတ္ထု၊ သူ စိတ်ပါချိန်ရွတ်ဖို့ ကြေကွဲကဗျာနဲ့ သူ စိတ်ပြေရာပြေကြောင်း နားထောင်ဖို့ မျက်ရည်စိုသီချင်းတွေ။ သေဆုံးမှုများများ၊ ငိုသံကျယ်ကျယ်လောင်လောင်၊ မျက်ရည်အလျှံပယ်နဲ့ အချိုတည်းစရာတပွဲ။ ပညာရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး၊ ဒီလိုနဲ့ စစ်ပွဲဟာ သူ ဖြတ်သွားတဲ့လမ်းတလျှောက် အကောင်းပကတိရယ်လို့ ဘာတခုမှ မချန်တဲ့အထိ။ အခုတော့ စစ်ပွဲဟာ ဘီလူးကြီးဖြစ်သွားခဲ့ပြီ။ အခုတော့ စစ်ပွဲဟာ ဘယ်သူမှ ထိန်းမနိုင်တဲ့ ကြောက်မက်ဖွယ် ဘီလူးကြီး ဖြစ်သွားခဲ့ပြီ။ စစ်ပွဲကိုမြင်တာနဲ့ ခွေးတွေက မရပ်မနား အူတယ်၊ လူကြီးတွေက အိမ်တံခါးတွေကို အလန့်တကြား ပိတ်တယ်၊ ကလေးတွေကဆိုလည်း ငိုနေရင်းတန်းလန်း စစ်ခနဲ တိတ်။
စစ်ပွဲရဲ့အစက အိပ်မရတဲ့ ဗိုလ်ချုပ်။ အလင်းမဲ့ အမှောင်ထုအောက် ပျောက်ရှခဲ့တဲ့ အသက်တွေနဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်လို ဘာကြောင့် သတ်။ ထိန်းမနိုင် သိမ်းမရ ဝုန်းဒိုင်းကြွတဲ့စစ်။ ကနဦးတော့ ငါတို့ဟာ စစ်ကို မြှားခေါ်သူတွေ။ နောက်တော့ ငါတို့ဟာ စစ်က မြှားသမျှ ကြိုးဆွဲရာ ကရသူတွေ။ ပြီးချင်ပြီ၊ စစ်ပွဲကြီးကို ပြီးစေချင်ပြီ၊ တအိအိကုန်သွားတဲ့ နှစ်တွေနဲ့အတူ တယောက်ယောက် ညည်းတွားတဲ့အသံကို ငါ ကြားတယ်။ စစ်ပွဲက ငါ့ရဲ့ကလေးကို စားသွားတယ်၊ စစ်ပွဲကို ငါ ကြောက်နေပြီ၊ တအိအိကုန်သွားတဲ့ နှစ်တွေနဲ့အတူ တယောက်ယောက် ငိုရှိုက်နေသံသဲ့သဲ့ကို ငါ ကြားတယ်။ ငါ စစ်ပွဲကြီးကနေ အပြီးထွက်တော့မယ်၊ တအိအိကုန်သွားတဲ့ နှစ်တွေနဲ့အတူ တစ်စုံတယောက်ကပြောရင်း ကျောပိုးအိတ် လွယ်လိုက်တာကို ငါ သိတယ်။ ဒါပေမဲ့ အလွန်တရာ အင်အားကြီးမားနေပြီဖြစ်တဲ့ စစ်ပွဲက ငါတို့အားလုံးကို ဝင်္ကဘာတခုက မြိုသလို မြိုထားပြီး အပြင်ဘက်ထွက်ဖို့ ခွင့်မပြုတော့ဘူး။ ငါသေမှ နင်တို့ အပြင်ထွက်နိုင်မယ်လို့ အော်ပြောပြီး တဟီးဟီးတဟားဟား ရယ်တယ်။
သမိုင်းမှာ စစ်ပွဲဟာ ဘယ်အချိန် သေဆုံးသလဲ၊ စစ်ပွဲကြီးထဲကနေ ထွက်ဖို့စိတ်ကူးနဲ့ ငါ အော်မေးလိုက်တယ်။ လူနှစ်ယောက်မှာ တယောက်ယောက်က ဒူးထောက်တဲ့အခါ စစ်ပွဲဟာ သေဆုံးပါသတဲ့၊ တယောက်က ဖြေတယ်။ သေချာတာတချက် အိပ်ရေးပျက်နေတဲ့ စစ်ဗိုလ်ချုပ်က သူ့ရဲ့အမှောင်ကောင်းကင်ကို ဖယ်ပြီး ဒူးထောက်လိမ့်မယ်လို့ ငါ မထင်။ အလင်းမရှိ ဒုက္ခပွား မှောင်မိုက်နေ့ညများနဲ့ ငါတို့ပြည်သူတွေ။ လိုချင်တာက ငါတို့အလင်း၊ ငါတို့ကောင်းကင်နဲ့ ငါတို့မျက်လုံး၊ အဲဒီအတွက်ပဲ ငါတို့တွေ ဖိရင်ကြွပြီး ထိရင်ချခဲ့တာ။ ဒီတော့ ငါတို့ကလည်း လိုချင်တာမရဘဲ ဒူးထောက်ကြဖို့ မဖြစ်နိုင်။ သမိုင်းမှာ စစ်ပွဲဟာ ဘယ်အချိန် သေဆုံးသလဲ၊ ငါ ထပ်မေးလိုက်တယ်။ စစ်ဖြစ်သူနှစ်ယောက် တယောက်နဲ့တယောက် မဖောက်ပြား တသားတည်းနှုတ်ဆက် လက်ချင်းယှက်မိတဲ့အခါ စစ်ပွဲဟာ ပြီးပါသတဲ့။ ဒါပေမဲ့ ပြဿနာက ငါတို့အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြမယ့် လက်တွေအားလုံး စစ်ကြီးထဲမှာ ပါသွားခဲ့ပြီးသား ဖြစ်နေ။ ဒီတော့ လူလုံးမကွဲ အမှောင်ထုထဲ အေးစက်စက်လက်အတုတွေနဲ့ နှစ်ယောက်သား မဖောက်ပြား အချင်းချင်း ယုံကြည်စိတ်ချ လက်ချင်းဆွဲနိုင်ကြဖို့က ဖြစ်နိုင်ပါ့မလား။
သမိုင်းမှာ စစ်ပွဲဟာ ဘယ်အချိန် သေဆုံးသလဲ၊ အဲဒီမေးခွန်းကိုပဲ ငါ ထပ်မေးလိုက်တယ်။ စစ်ဖြစ်သူ နှစ်ယောက် တယောက်ယောက် သေဆုံးသွားခဲ့ရင် စစ်ဟာ သေဆုံးတာပေါ့တဲ့။ ဒီလိုဆို ငါတို့အတွက်အဖြေ ဟိုစစ်ဗိုလ်ချုပ် သေရင် သေ၊ ဒီလိုမဟုတ်ဘဲ ငါတို့ရင်လည်း သေမှ အေးမယ့်သဘော။ ဒါပေမဲ့ ပြဿနာက လတ်တလောမှာ ငါ သေမှာမဟုတ်သေး။ ဒီတော့ ငါတို့အတွက် လုပ်စရာ ဟိုစစ်ဗိုလ်ချုပ်ကိုသာ သေအောင်သတ်ဖို့။ ဘယ်လိုလဲ လုပ်နိုင်ပါ့မလား ငါ-အများ။
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*