ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း

“ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း”

▪️မယ်စုံ

ကျမတို့ လူငယ်မျိုးဆက်တွေနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ ကျင်လည်ကြသူတွေဟာ ၇၀၊ ၈၀၊ ၉၀ ခုနှစ်ပတ်ချာလည်က တော်လှန်ရေးစာပေတွေ၊ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရပြီး ထိုဖြစ်စဥ်တွေကို ကြားဖူးရုံနဲ့ ကိုယ်တိုင်ပါဝင်သလို ခံစားရှုမြင်ကြ၊ စနစ်တည်ဆောက်ရေးဆိုင်ရာ၊ လူ့သဘာဝစံနှုန်းဆိုင်ရာတွေ၊ လူသားဖြစ်တည်မှုတွေနဲ့ ပတ်သက်လို့ အငြင်းအခုန် အပြောအဆို လုပ်လေ့ရှိကြပါတယ်။ ဒီနွေဦးတော်လှန်ရေးမတိုင်ခင်က ကျမတို့ကြားမှာ လူထုတော်လှန်ရေး၊ ခုခံတော်လှန်စစ်ဆိုတာ ဝတ္ထုတွေထဲကပဲ ခံစားသိမြင်ပြီး တော်လှန်စိတ်တက်ကြွခဲ့ရတာပါ။

ရွှေဝါရောင်တော်လှန်ရေးကာလမှာလည်း ကျမတို့တွေ တတိုင်းပြည်လုံးပမာဏနဲ့ မဟုတ်တဲ့ ခဏတာလှုပ်ရှားမှုအဖြစ်ပဲ ရှိခဲ့တယ်ပြောရမယ်။ ခုခံတော်လှန်စစ်လောက်ထိကို ပြောင်းလဲနိုင်လောက်အောင် အားကောင်းတဲ့ လူထုတော်လှန်ရေး မဖြစ်နိုင်ခဲ့ပါဘူး။ ၂၀၂၁ မှာတော့ မအလရဲ့ကျေးဇူးနဲ့ ကံမကောင်းစွာဘဲ ကျမတို့တွေအကုန် စာပေတွေ၊ ရုပ်ရှင်တွေမှာ ဖတ်ခဲ့ရ၊ ကြည့်ရှုခံစားခဲ့ရတဲ့ ကြမ်းတမ်း မှောင်မိုက်တဲ့ နေ့ရက်တွေကို ကြုံလာရတော့တယ်။ ဒီနေရာမှာ ကျမတို့တွေဟာ ထူးဆန်းအံ့သြစွာပဲ ဒီကာလက ငါတို့ကာလပဲဟေ့ဆိုပြီး ရှေ့ထွက်ခဲ့၊ အဆင်သင့်ဖြစ်နေခဲ့တာ ဒီတော်လှန်ရေးကို အသင့်စောင့်နေခဲ့ကြသူတွေလိုပါပဲ။

ကျမတို့မျိုးဆက်တွေမှာ ကျမတို့ လေးစားအားကျတဲ့ သမိုင်းထဲက တော်လှန်ရေးဟီးရိုးတွေ၊ ခေါင်းဆောင်တွေလည်း ရှိခဲ့ပါတယ်။ အထင်ရှားဆုံးဆို ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားဟာ ကျမတို့အားလုံး စနစ်အရ၊ တော်လှန်ရေး နည်းနာအရ လေးစား ပမာပေးကြတဲ့ ခေါင်းဆောင်ပါပဲ။ (သီဟတင်စိုးကြီး သွားပြေးမြင်ရင်တော့ ကျမနဲ့ မဆိုင်ပါဘူးရှင်။ – ဤကားစကားချပ်) တော်လှန်ရေးလို့ဆိုရင် ကျမပြေးမြင်တဲ့ အနောက်ဘက်က ခေါင်းဆောင်တယောက်ရှိပါတယ်။ ဒီခေါင်းဆောင်ကိုတော့ ဗမာ့နွေဦးတော်လှန်ရေးအတွင်းမှာ ပမာပေး ပြောဆိုကြတာ ရှားတယ်လို့ ကျမထင်တယ်။ သိပ်မကြားမိပါဘူး။ အိုင်းရစ်တွေရဲ့ တော်လှန်ရေးမှာ စစ်သားလည်းဖြစ်၊ နိုင်ငံရေးသမားအနေနဲ့လည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ မိုက်ကယ်ကောလင်းက ကျမ တကယ်သဘောကျမိတဲ့ တော်လှန်ရေးခေါင်းဆောင်ထဲပါပါတယ်။

ဒီတော်လှန်ရေး အစနှစ်မှာ ကျမနဲ့ ကျမရဲဘော် (အခုတော့ မော်စကိုမှာရှိနေရတယ်) တို့ တရက်သား မိုက်ကယ်ကောလင်းရဲ့ဇာတ်ကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်ပြန်ကြည့်ပြီး ကျမတို့လိုချင်တဲ့ ရန်ကုန်ကို ပုံဖော်ကြည့်၊ ပြောဆိုမိကြတယ်။ ဒီနေရာမှာ ကျမတို့နှစ်ယောက်လုံး တသဘောထားတည်းပြောမိတာက “ရန်ကုန်ကို ထိန်းချုပ်နိုင်ဖို့ဆို ဒီလိုခေါင်းဆောင်တယောက်လိုအပ်တယ်” ဆိုတာပါ။ စနစ်ကျတဲ့ စုစည်းမှု၊ မဟာဗျူဟာမြောက် ထိန်းချုပ် စီမံနိုင်မှု၊ အင်အားစုတွေကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှုနဲ့ လုံခြုံရေး စည်းမျဥ်းစည်းကမ်းများကို အသက်သွင်းပုံဖော် မှုဆိုတဲ့ ဒီလုပ်ငန်း (၄) ခုကို ဆောင်ရွက်နိုင်မယ့် ခေါင်းဆောင်ဖြစ်ဖို့ လိုတယ်လို့ ကျမတို့ ယူဆကြတယ်။ ဒါမှပဲ ပြန့်ကျဲ ကွဲပြားနေတဲ့အုပ်စုတွေ ချိတ်ဆက်ပြီး ပူးပေါင်းစစ်ဆင်ရေး ပြုနိုင်ကြမှာဖြစ်ပါတယ်။

ဒီလုပ်ငန်း (၄) ခုလုံးကို အပြည့်အဝ ဆောင်ရွက်နိုင်သူကို မတွေ့ပေမယ့် အနီးစပ်ဆုံး ပုံဖော်လှုပ်ရှားနေသူဟာတော့ ကျမတို့မျက်စေ့ရှေ့မှာ ရှိနေခဲ့ပါတယ်။ ကျမတို့နဲ့လည်း ရဲဘော်ရဲဘက်လိုရော အင်အားစုတစုလိုရော ပူးတွဲဆောင်ရွက်နေခဲ့တဲ့ ကိုကျော်ဟာ ကျမတို့ မျက်စေ့ထဲမြင်ခဲ့တဲ့ ဦးဆောင်သူပါပဲ။ မော်စကိုရောက်နေတဲ့ ကျမရဲဘော်က “ကိုကျော့်ကို ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်းလို ငါတို့ မျှော်လင့်လို့ ရသေးတယ်” ဆိုပြီး မှတ်ချက်ပြုခဲ့တယ်၊ ကျမလည်း ထောက်ခံခဲ့ပါတယ်။

တရက်သား ညဘက်ကြီး အကိုတယောက်ဆီကတဆင့် ကိုကျော့်ဆီက ဆက်သွယ်လာတယ်။ အဲဒီရက်က ကျွန်မ ရဲဘော်တွေဆီကနေ ခဏထွက်လာပြီး ကျမတယောက်တည်းနေလေ့ရှိတဲ့အိမ်ကို ရောက်နေတယ်။ အတိုချုံ့ပြောရရင် ကျမ ကင်းစောင့်ပေးရမယ့် ညပေါ့။ တညလုံး စကားတွေပြောရင်း ကင်းစောင့်ပေးပြီး မနက် ၅ နာရီခွဲပြီးမှ ကျမ စောင့်နေရာက ဖြုတ်နိုင်တယ်ပေါ့လေ။ မနက်ပိုင်း ၂ နာရီလောက် ခဏမှေးပြီးတာနဲ့ ကိုကျော့်ကို ပြန်ဆက် သွယ်၊ အခြေအနေနဲ့ လုပ်ပေးရမှာတွေ မေး၊ အဆင်ပြေမပြေမေးပေါ့။

လုံခြုံရေးကိစ္စပြောရင်း အဲဒီကာလက တော်လှန်ရေး အစဆုံးနှစ်ရဲ့ အဆုံးသတ်နား ရောက်နေပြီဖြစ်တော့ အရင်းအမြစ်တွေ ခွေးစားခံထိတာ များလာတဲ့အချိန်လည်းဖြစ်တယ်။ ဒီမှာ သူ့ဆီက စိုးရိမ်စရာစကားတခု ကျမကြားလိုက်မိတာပဲ။ အဲဒီမှာ မှတ်မှတ်ရရ ကျမ ပြန်ပြောဖြစ်တာက ကျမနဲ့ ကျမရဲဘော် ပြောဖြစ်ခဲ့တဲ့စကား “ကိုကျော်၊ ရန်ကုန်က ကိုကျော့်ကို လိုအပ်တယ်။ ကိုကျော့်လုံခြုံရေးဟာ အားလုံးလုံခြုံရေးနဲ့ ဆိုင်တာကြောင့် သေချာဂရုစိုက်ပေးပါ။ သတိလည်း ကြီးပေးပါ။ ကိုကျော့်ကို ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်းအဖြစ် လိုချင်ပါတယ်” လို့ ဆရာလုပ်ရင်း သတိပေး တောင်းဆိုခဲ့မိတယ်။ ကျမကိုယ်တိုင်ကလည်း ဒီလို လူတယောက်ဆီကို ဖွင့်ပြော တောင်းဆိုတာ အတော်ရှားတယ်။ သို့ပေမယ့် စိတ်ထဲမှာ အရေးကြီးတယ်၊ ပြောဖို့ လိုအပ်တယ်ယူဆပြီးရယ်၊ ဒီလူကို မျှော်လင့်မိတယ်ဆိုတာကို ထုတ်ပြောခဲ့တယ်။ ကိုကျော်ကတော့ “စိတ်ချပါ မ —၊ ကျနော်ကြိုးစားနေပါတယ်။” ဆိုပြီး ထုံးစံအတိုင်း အေးဆေးပဲ ပြန်ပြောခဲ့တယ်။

ဒါပြီး မကြာခင်မှာ ကိုကျော်ဖမ်းခံရတာကို လိုင်းမရှိတဲ့နေရာကနေ အချိန်အနည်းငယ် နောက်ကျပြီး သိခဲ့ရတယ်။ အဲဒီတုန်းကလည်း ကျမတယောက်တည်းပဲ။ နောက်တခေါက် ကြိုးပေးတယ်ဆိုတဲ့ သတင်းကြားတုန်းက ချောင်းတခုဘေးမှာ အတော်တုန်လှုပ်ခဲ့ရတဲ့အချိန်၊ အဲဒါလည်း ကျမတယောက်တည်းပဲ။ ကျမရဲ့ အကို ရဲဘော်တွေကို ဖုန်းဆက်ခေါ်ပြီး ဆဲမိတဲ့အထိ ရမ်းကားခဲ့မိတဲ့အချိန်လည်း ဟုတ်တယ်။

မနေ့က ကိုကျော့်မွေးနေ့ဖြစ်လို့ အားလုံး အမှတ်တရ တော်လှန်ရေးစကားတွေနဲ့ ဂုဏ်ပြုပုံဖော်နေကြတော့ ကျမခေါင်းထဲမှာ ဒီဖြစ်စဥ်တွေပဲ ပြေးလွှားနေခဲ့တယ်။ ဒီစာတွေ ချရေးဖို့တောင် အတော်အားယူရတယ်။ ကိုကျော်ဟာ ကျမတို့ မျှော်လင့်လို့ရလောက်တဲ့သူအဖြစ် လှုပ်ရှားပြခဲ့တယ်၊ တာဝန်ယူပြခဲ့တယ်၊ အင်အားကြီးပြခဲ့တယ်။ သူ ပြောခဲ့တဲ့ ကြိုးစားနေပါတယ်ဆိုသလို ကြိုးစားပြခဲ့တယ်။ ဒါကိုလည်း ကျမတို့ ကောင်းကောင်းမြင်ခဲ့သလို ကောင်းကောင်းလည်း သိခဲ့ရတယ်။ တော်လှန်ရေးအတွင်း သူ့ဆောင်ရွက်မှုတွေဟာ အံ့ချီးဖွယ်မဟုတ်တောင် ချီးကျူးရပါတယ်။ ဒီစာကနေ ထပ်မံ အလေးပြုလိုက်ရပါတယ် ကိုကျော်ရေ။

စစ်ခွေးတွေက ဦးဆောင်သူကိုဖြတ်ရင် အောက်ခြေပြတ်မယ် ထင်ပေမယ့် ကျမတို့မျိုးဆက်ဟာ တော်လှန်သွေးပါတဲ့ မျိုးဆက်၊ ဦးဆောင်သူကိုတိုက်တွန်းပြီး ကိုယ်တိုင်ပါဝင်နေတဲ့ မျိုးဆက်၊ လှုံ့ဆော်လို့ ပါလာကြသူတွေမဟုတ်တဲ့ အသွေးအသားထဲက တော်လှန်စိတ်နဲ့ တော်လှန်ကြတဲ့ မျိုးဆက်ဖြစ်တယ်။ ကိုကျော့်ကို လုပ်ကြံလို့ ကိုကျော်သေသွားတာ မဟုတ်ဘဲ သူ့ရဲဘော်တွေက သူ့ထက် နှစ်ဆ တော်လှန်နေမယ့်သူတွေဆိုတာ စစ်ခွေးတွေ စစ်ခွေးစိတ်ဓာတ်မကျွတ်မချင်း ဘယ်ဘဝရောက်လို့မှ နားလည်လာနိုင်မှာ မဟုတ်ဘူး။

တော်လှန်စိတ်နဲ့ ရှင်သန် တော်လှန်နေကြသူတွေရဲ့ တော်လှန်ရေးဟာ လက်ဖြတ် လက်ထွက်၊ ခေါင်းဖြတ် ခေါင်းထွက်လာမယ့် တော်လှန်ရေး ဆိုတာပဲ။ ဒီတော်လှန်ရေး မနိုင်မချင်း ဦးဆောင်သူတွေနဲ့ တော်လှန်သူတွေဟာ ဆက်ပြီး ဖွံ့ထွား များပြားလာနေဦးမှာပဲ။

၂၀၂၃၊ မတ်လ ၂၇

About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*