ငါတို့ အိမ်ပြန်ကြတဲ့နေ့မှာ

◼️မောင်တိမ်ဘားမား
သေနတ်ပြောင်းမှာ ချည်ထားတဲ့
ဇာပဝါဖြူဖြူ*တွေကို အိမ်သူတွေက
ဆံပင်မှာစည်းလို့
လမ်းတွေမှာ ပန်းတွေ
မခြောက်သေးတဲ့ သွေးတွေအပြည့်နဲ့
ကတ္တရာလမ်းမကို ငါဟာ ကုန်းနမ်းလိုက်တယ်။
တမြို့လုံးက ကားဟွန်းသံတွေဆူညံလို့
ငါတို့နိုင်ပြီလို့ အသံမြည်တဲ့
အပြုံးတွေဟာဝေလို့
မျက်ရည်တွေအားလုံးဟာ
စုစည်းသွားပီး
အုတ်ဂူတလုံးဖြစ်သွားတယ်။
ကျဆုံးလေပြီးသော
အညတရအားလုံးအား အလေးပြု လို့
ငါ ထ,အော်လိုက်တယ်။
သစ္စာဖောက်တွေဟာ
ခေါင်းတောင်မထောင်နိုင်ကြဘူး။
စစ်ပြန်ကြီးနာမည်နဲ့ ဘားတွေ
တမြို့လုံးအနှံ့ပေါ်လာတယ်။
အမေတွေက မျက်လုံးလေးတွေကိုပွတ်လို့
အဖေတွေ စိုက်ထားတဲ့ပန်းကို
လက်မှာကျစ်ကျစ်ပါအောင်ကိုင်လို့
နွေဦး လို့ နာမည်ပေးခံရတဲ့
ကလေးတွေအားလုံးဟာ
မတ်တပ်ရပ်တတ်နေကြပြီ။
သမိုင်းရေးမယ့်သူတွေက
အစီအရီတန်းစီလို့
သူတို့မသိတာက
သမိုင်းဟာ ဘယ်တော့မှ
ရေးလို့မရသလို
ဖျက်လို့မရဘူး ဆိုတာပါပဲ။
ဇွန်၊ ၂၀၂၄
(ကျဆုံးလေပြီးသော နှင့် မသေမရှင် ရဲဘော်များအားလုံးသို့)
* လဲဝါစိုင်အောင်၏ ကဗျာတပုဒ်မှ
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*