ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ

LOON NYI

by The Call
1 views
‘ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ’
◼️ LOON NYI
(၁)
အရေးပေါ် ကိစ္စတခုနဲ့ တနေကုန် ခရီးသွားရတယ်။ အမြန်ပြင်ဆင်ရတော့ အချိတ်အဆက်တွေက သိပ်မမိ။ ရန်သူ့နေရာနဲ့ ကွင်းရမယ့်ရွာမှာ ကိုယ်တွေရောက်ခါနီးလေး လေယာဉ်နဲ့ပစ်နေလို့ ပြန်ထပ်ပြီးအဝေးနေ ဝိုက်ပြီး ပြန်ကွင်းရတော့ အချိန်တွေက တော်တော်နှောင်းရော။ မစီးတာကြာတဲ့ ကတ္တရာလမ်းမကြီးပေါ် ခပ်ကြာကြာလေးစီးရချိန်မှာ ဗိုက်ပူက အပေါ်ကတဝဲဝဲနဲ့။ ဒီလိုနဲ့ မြို့နယ်သုံးလေးခုလောက် ဖြတ်လိုက် ကွင်းလိုက် မိုးချုပ် မှောင်ရော။ ပိုဆိုးတာက ညနေမှောင်မှောင်မှာ မြစ်ကြီးဖြတ်ကူးရတာပဲ။
ညရောက်ပြီဆိုတော့ ဇက်မောင်းတဲ့ ဆရာသမားတွေက အရက်နံ့က လေးတထောင်းထောင်းနဲ့ ကောင်းနေကြပြီ။ အရင်ကတော့ အဲ့ဒီနေရာတွေမှာ နေ့ဘက် ကူးဖူးတယ်။ ရန်သူနဲ့လည်းနီးနေတော့ ခုလည်း မဖြစ်မနေဆိုတော့ ညဘက်ကြီး ကူးလိုက်ရတာပဲ။
လာကြိုသူတွေ၊ လှေသမားတွေနဲ့ ကျနော် စထွက်ကတည်းက ကွိုင်နေပြီ။ ဆိုင်ကယ်နှစ်စင်း လူခြောက်ယောက် ပစ္စည်းတွေရယ် “ရေဝင်လွယ်တာမြင်နေရတဲ့ ဒီလှေလေးနဲ့ ဖြစ်ပါ့မလား”လို့ ကျနော် မေးတယ်။ ဒီဘဲတွေကလည်း မလျှော့ဘူး “အရင်ကဆို ကျနော်တို့ဒီလှေနဲ့ ဒီလိုပဲ ကူးနေကြ”တဲ့။ “အရင်က ဘယ်လောက်တင်သလဲ ဆိုတော့ “လူသုံးယောက် ဆိုင်ကယ်နှစ်စီး ကူးတာပဲဗျာ”တဲ့။
“ဟ ခုက လူခြောက်‌ယောက် ဆိုင်ကယ်သုံးစီး ပိုများနေတယ်”ပြောတော့
“ရတယ်၊ နိုင်တယ် လာစမ်းပါ”တဲ့။
ဒီမြစ်ရေစီးကြမ်းပုံနဲ့ လှေပေါ်စထိုင်ကတည်းက ကျနော်ကတော့ တွေးရင်းနဲ့ လန့်နေပြီ။ ပဲ့ကိုင်စက်‌မောင်းမယ့်သူကလည်း မောင်းနေကြမဟုတ်တန်ရာဆိုတာလည်း ကိုယ်ကမြင်နေရတာပေါ့။
(၂)
ဒီဖက်ဆိပ်ကမ်းကနေ လှေစထွက်တော့ ည နေ ၆ နာရီ ၅၀။
ပဲ့ကိုင်နဲ့ လှေဦးကနှစ်ယောက်က အသက်ငယ်ငယ်နဲ့ ခပ်ရဲရဲလူတွေလို့ထင်ရတယ်၊ သူတို့ပြောဆိုကြပုံတွေအရပေါ့။ စက်လှေစထွက်ပြီး ခဏကြာတော့ ပဲ့ကိုင်သမားက “လှော်တက်ပါလာလား”လို့ လှေဦးကသူကိုမေးတယ်။ ဟိုကလည်း မပါလာဘူးဆိုတာကို ရယ်ရယ်မောမောနဲ့ဖြေတယ်။ အေး ကောင်းရော “တခုခုဆို ဘယ်လိုလုပ်မလဲ မသိဘူး ”ဆိုပြီး စိတ်ထဲ တွေးနေတာပဲ။
စထွက်ကတည်းက ရေလမ်းရွေးတာ စပြီးလွဲလာတယ်လို့ ကိုယ်တော့ မြင်မိတာပဲ။ ဘာလို့ဆို အရင်သွားနေကျလမ်းလည်းမဟုတ်၊ လှေက အထွက်မှာတင် လှိုင်းလုံးတွေကြားမှာ လူးနေ‌တာလေ။ လှေနံရံတွေဆီကနေ ရေတွေကျော်ဖြတ်လာတာကို အမှောင်ထဲမှာ မြင်နေရတယ်။ မြစ်ရေတွေက လူပေါ်ကို လာစင်နေတော့ ပိုသတိထားမိလာတာမျိုးပဲ။ နည်းနည်းတော့လွဲနေပြီဆိုတာလည်း အကျိုးအကြောင်းဆက်စပ်ပြီး သိလာနေတယ်။
“ဟိတ်လူ ကျနော်တို့လှေထဲ ရေတွေဝင်နေတယ်”လို့ ကျနော်သတိပေးလိုက်သေးတယ် “ရေနည်းနည်းတော့ ဝင်မှာပေါ့ သိပ်လန့်မနေပါနဲ့ဗျာ”လို့လည်း ကျနော့်ကိုပြန်ပြောတယ်။ ဒါပေမယ့် ကျနော်တော့ ဆက်ပြီး တွေးနေတာပဲ။ ပစ္စည်းကလည်းများ လူကလည်း သာမန်ထက်ပိုများ၊ ပြီးတော့ ရေဝင်များတဲ့အခါ ရေအလေးချိန်နဲ့ဆိုရင်တော့ အတော်ဆိုးမှာပဲလို့ မတွေးရဲစရာကိုပါ ရဲရဲကြီး တွေးမိလာတယ်။
(၃)
ညအမှောင်ထဲ ကောင်းကင်ပေါ်က ကြယ်တွေကတော့ ထင်းထင်းကြီးမြင်နေရပြီ ဆိုပေမယ့် ကောင်းကင်ပေါ်ကို ကောင်းကောင်းမကြည့်ရဲဘူး။
စထွက်ပြီး ဆယ်မိနစ်လောက်ကြာတော့ ကိုယ့်လှေက ရှေ့မတိုးတော့သလိုမျိုး ငြိမ်လာတယ်။ ရေစီးသန်လို့ စက်အမြန်နှုန်းလျှော့တယ်လို့ပဲ တွေးမိလိုက်သေးတယ်။ ဒါပေမယ့် နည်းနည်းကြာလာတော့ သိသိသာသာကြီး ရပ်သွားတယ်။ အဲ့အချိန်မှာ ပဲ့ကိုင်က စက်ကို ဖြတ်ခနဲရပ်လိုက်တယ်။ သူ့ပါးစပ်ကလည်း လှမ်းအော်သေးတယ်။ “ဆီပါ -ဆီပါ” ဆိုတဲ့အသံလည်း ကျယ်ကျယ်လောင်လောင်ထွက်လာတယ်။ ကျနော်ကတော့ ကိုယ့်သိမှုအတွေးနဲ့ကိုယ်ပဲ။ “ဟ သွားပြီဟေ။ ဆီကုန်သွားလို့ စက်ဆီအပိုပါခဲ့လား” လို့ မေးတာထင်ပြီး ကိုယ်လည်း ကိုယ့်အထင်ကို ပြန်မေးကြည့်တယ်။ ဘာလို့ဆို တက်နဲ့လှော်စရာကလည်း လှော်တက်ပါမလာတာလည်း သိထားတာကိုး။ အဲ့ဒီအချိန်မှာ စက်ကရပ်သွားပြီ။
လှေကလည်း ဆက်မသွားတော့ဘူး။
“ဆီပြတ်တာ မဟုတ်ဘူး သောင်မှာ လှေဦးစိုက်နေတာ၊ ရေတိမ်ပိုင်းရောက်သွားတာ”တဲ့
ဪ အဲ့ဒါကို ဆီပါလို့ ခေါ်တာလို့ပဲ ကိုယ်တော့နားလည်လိုက်တယ်။
အဲ့တာနဲ့ သောင်မှာကပ်ပြီး ရေနက်ပိုင်းထပ်ရှာပြီး ဆက်မောင်းသွားဖို့ လုပ်ကြတယ်။ ဒါပေမယ့် ‌ကိုယ့်ခန္ဓာကိုယ်အောက်ပိုင်းက အေးနေပြီဆိုတာကို သတိထားမိလာတယ်။ သေချာကြည့်မှ ဖင်ထိုင်လိုက်လာတဲ့ ကြမ်းပြင်ထိ လှေထဲမှာရေတွေရောက်နေတာ၊ အဲ့တာနဲ့ ကျနော့်ဂျင်းဘောင်း‌ဘီတွေပါ ရေကစိုနေပြီး အေးနေတာလို့သိလိုက်တယ်။
ဒါနဲ့ ဟိတ်လူတွေ ရေခပ်ထုတ်ဖို့လုပ်ပါဦးဆိုတော့ ရပါတယ်၊ ရောက်တော့မှာလို့ တခါပြောသေးတယ်။ ရောက်ဖို့ ဘယ်လောက် လိုသေးသလဲလို့ မေးတော့ ဒီသောင်ကနေ အောက်ကိုထိုးချရင် ရောက်ပြီတဲ့။ ပြောပြချက်ကတော့ မဝံ့မရဲ ဝမ်းသာစရာပဲ။
ကျနော်တော့ အတော်လန့်တာထက်ကို ပိုလာရာကနေ ကမ်းစပ်ကပ်တာနဲ့ ပြေးပြီးနေခဲ့ချင်လောက်အောင်ကို စဉ်းစားမိတယ်။ သောင်ထွန်းနေတဲ့ ကမ်းစပ်ကိုကပ်ရင် ပြေးမယ်၊ အဲ့အနားမှာတညလုံး ထိုင်စောင့်ကြမယ်။ မနက်ကျမှ စိတ်ချရတဲ့လှေသမားကိုချိတ်ဆက်ပြီး လာကြိုခိုင်းမယ်လို့ အမျိုးမျိုး စဉ်းစားနေမိတယ်။ဒါပေမယ့် ကိုယ့်ရဲဘော် နှစ်ယောက်လည်း ကျန်သေးတယ်။ ကိုယ် စီးလာတဲ့ ပဲ့ကိုင်ကိုတော့ မယုံရဲဘူး။ ဒါပေမယ့် ဒါကိုတော့ ကျော်ဖြတ်မှ ဖြစ်မယ်ဆိုတာနဲ့ ဆက်ပြီးလိုက်ခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ပဲ့ကိုင်ကို တထစ်ချ မယုံချင်သေးဘူး။ ကျနော့်မှာ လူတိုင်းကို လုံးဝ လွယ်လွယ် ယုံကြည်တာမျိုးလည်း အားမသာဘူး။ ခုလို အပြောအဆိုနဲ့ လုပ်ရပ်တွေပါ မြင်နေရတဲ့ သောင်စိုက်နေတဲ့ လှေထဲမှာတော့ ပိုဆိုးတာပေါ့လေ။ ထားပါ။
ဒီလိုနဲ့ “လှေထဲကရေတွေကို ခပ်ထုတ်လိုက်ပါဦးလား”လို့ ကျနော်ပြောလိုက်ပေမယ့်
“ရပါတယ် ရောက်တော့မှာ” ဆိုတာကိုပဲ ပဲ့ကိုင်က ထပ်ပြောသေးတယ်။
လှေဝမ်းဗိုက်မှာ လိုက်လာတဲ့ ကိုယ့်ရဲဘော်က “ရေက လှေပေါ်မှာကို ကျနော့်ခြေမျက်စိမြုပ်နေပြီလို့ပြောမှ၊ ရေခပ်ထုတ်ဖို့ကို သဘောတူသွားတယ်။ လှေဦးကလူက ဆင်းပြီး ခပ်ထုတ်တယ်။ ခုနှစ်မိနစ်လောက် ဆက်တိုက် ရေခပ်ထုတ်တာတောင် လှေထဲကရေက လျော့သွားတယ်လို့ မထင်မိဘူး။ “ရေကလျော့မသွားဘူးနော်၊ ဗိုက်များပေါက်နေသလား”လို့ ကိုယ့်ရဲဘော်ကလည်း ပြောလိုက်မိသေးတယ်။
အဲ့ဒီအချိန်မှ ပဲ့ကိုင်က ဆင်းလာပြီး လှေကိုစောင်းငဲ့ပြီး ရေကိုပတ်ထုတ်တယ်။ အဲ့ဒီမှာတင် ဆယ်မိနစ်လောက်ကြာသွားတယ်။ ခင်ဗျားတို့အဆင်မပြေရင် နောက်တစင်းထပ်ခေါ်ပြီး ခွဲတင်ကြရင် ပိုအဆင်ပြေမယ် ကျနော်အကြံပြုသေးတယ်။ ဒါပေမယ့် လက်မခံဘူး။ ရတယ် ရွေ့မယ်ပေါ့။
အဲ့ဒီမှာ လရောင်က မှောင်နေတယ်။ သဲသောင်တွေပေါ်မှာ တံငါအိမ်တချို့ရဲ့ မီးရောင်တွေက ပျောက်ကြား ပြောက်ကျားနဲ့။ ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ။ ကြယ်ကလေးတွေ မှိတ်တုပ်မှိတ်တုပ် လင်းပုံဟာ ဒီနေ့မှ ပိုအားကိုးစရာလိုပါပဲ။
လှေသာ ရေထဲမှာ တကယ် နစ်မြုပ်သွားရင် ငါတို့သေကြမှာပဲပေါ့။ ဘာမဟုတ်တဲ့အရာတဲ့ သေသွားကြမှာပဲပေါ့။ အဲ့သလို ဘာမဟုတ်တဲ့ဆိုပေမယ့် ဖြစ်နိုင်ချေအရာရာကိုတွေးရင်း အဆုံးထိရောက်ဖို့ လိုက်လာလိုက်ရတယ်။ မြို့ပြ‌မှာ ပြောက်ကျားသဘောမျိုးနေခဲ့တုန်းကစိတ်ကို ပြန်ရောက်လာလေ နှလုံးခုန်နှုန်းတွေ ပိုမြန်လာ‌ လေလေပဲ။ အချိန်တွေ မြန်မြန်ကုန်သွားပါစေ၊ ကမ်းမြန်မြန်ကပ်ပါစေလို့ တွေးရင်းလိုက်လာတယ်။
(၄)
အညာဆောင်းညရဲ့ ခပ်မှောင်မှောင်နဲ့ မြစ်ပြင်ထဲ။
သေနိုင်တာပဲ သေသွားရင် မသေခင် လို့ တွေးမိချိန်မှာ ကိုယ်ချစ်ခဲ့တဲ့သူ၊ ကိုယ့်ကိုယ်ချစ်ကြတဲ့ ပတ်သက်ရာကို ပြန်တွေးလိုက်မိသေးတယ်။ စိတ်သက်သာ ရလိုရငြား။
လှေဆိပ်ကပ်တော့ ည ၇:၄၈။
ကမ်းစပ်ရောက်တော့ ကျနော်တို့စီးလာတဲ့လှေထဲကရေတွေကိုကြည့်ပြီး လှေသမားတွေကို လှေရှင်တွေက ဆူပါလေရော။ “မင်းတို့ဧည့်သည်တွေကို ဒီလိုမလုပ်ရဘူးလေကွာ။ မသေဘဲ ရောက်လာလို့ တော်သေးတာ။”လို့ တတွတ်တွတ်နဲ့ ဒေါသတကြီးပြောနေရှာတယ်။ သူပြောမှ ကိုယ်လည်း စိတ်ပူနေတဲ့ ဒေါသအလုံးကြီးကျသွားတယ်။ ဒီလိုကောင်တွေနဲ့ အတူမသေတော့ဘဲ ကမ်းစပ်ရောက်လာခဲ့လို့။
အညာဒေသတနေရာ

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment