
‘ငြိမ်းချမ်းရေးအသံများ၊ ဘာလဲ ဘယ်လဲ’

စစ်ကိုင်းငလျင်ပြီးနောက် မြန်မာနိုင်ငံတွင်းပြည်တွင်းစစ်ပဋိပက္ခတွေကို ရပ်တန်းကရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ဆော်အောတဲ့အသံတွေ ပိုပြီး ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။ တော်လှန်ရေးနဲ့ပြည်တွင်းစစ် အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုဟာ အထွေထွေအကျပ်အတည်းကို ပိုပိုခံစားလာရတယ်။ အဲ့အနေအထားကို ပိုပြီးအသက်ရှူကြပ်လာစေဖို့ အကြောင်းဖန်လာတာက သဘာဝဘေးဖြစ်တဲ့ငလျင်ကြီးပါပဲ။ ငလျင်ကြီးကြောင့် ကျပ်တည်းလက်စပြည်သူလူထုဟာ ပိုပိုပြီး ခက်ခဲကျပ်တည်းလာဖို့ပဲရှိတယ်။ နေထိုင်စရာခက်ခဲမှုတွေ ပိုရင်ဆိုင်ရမယ်၊ စားစရာနဲ့ အလုပ်အကိုင်ဟာ ပိုခက်ခဲလာမယ်၊ ဒီအခြေခံကျတဲ့အရာတွေအပြင် တခြားစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အများကြီးရင်ဆိုင်ရမှာဖြစ်တယ်။ ဒါ့ကြောင့်ပဲ နိုင်ငံရေးအခြေအနေတည်ငြိမ်ဖို့လိုအပ်ပြီး အဲဒီလို တည်ငြိမ်မှုကတဆင့် ပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံစီးပွားရေး၊ လူမှုရေး၊ ကဏ္ဍအသီးသီးမှာ ပြန်လည်ဖွံ့ဖြိုးဖို့ လုပ်ကြမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ လက်နက်ကိုင်ပဋိပက္ခကို လျှော့ချ/ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးနဲ့အပစ်အခတ်ရပ်စဲရေးလမ်းကို သွားကြဖို့ တိုက်တွန်းကြတယ်။
ပဋိပက္ခတွေကို ပြေလည်စေဖို့သည် ပဋိပက္ခတွေဖြစ်စေခဲ့တဲ့ အကြောင်းအရင်းအခြေခံတွေ၊ ပဋိပက္ခဖြစ်စေတဲ့ မတိုက်ဆိုင်တဲ့ အမြင်သဘောထားတွေ၊ ထိုကမှတဆင့် ဘက်နှစ်ဖက်(ဒါမှမဟုတ်)ဘက်တွေက ပဋိပက္ခကိုဦးတည်သွားပုံတွေ၊ ထိုပဋိပက္ခဟာ လက်နက်ကိုင်တိုက်ပွဲ(ပြည်တွင်းစစ်)ကို ဦးတည်သွားပုံတွေ…စတဲ့ အတိတ်ကဖြစ်ရပ်တွေကို ဂဃနဏ သိဖို့လိုတဲ့အပြင် လက်ရှိ ပဋိပက္ခဟာ ဘယ်အဆင့်ရောက်နေလဲ၊ ပဋိပက္ခဆိုင်နေတဲ့ နှစ်ဖွဲ့(သို့မဟုတ်)အဖွဲ့တွေဟာ ပဋိပက္ခကို ဘယ်လိုရှုမြင်နေကြလဲ၊ ဘယ်အမြင်တွေ ဆက်လက်ကိုင်စွဲပြီး ဘယ်အမြင်တွေကို စွန့်လွှတ်လိုက်ကြပြီလဲ…ဆိုတဲ့ လက်ရှိအခင်းအကျင်းဟာ ပဋိပက္ခပြေလည်ဖို့ ရေခံမြေခံဘယ်လောက်ကောင်းကောင်းရှိနေပြီလဲ ဆိုတာတွေလည်း နားလည်ဖို့လိုတယ်။ ဒါ့အပြင် လက်ရှိပဋိပက္ခဆိုင်နေတဲ့ ဘက်တွေရဲ့ သူတို့ပုံဖော်ချင်တဲ့ အနာဂတ်ရေရှည်အကျိုးစီးပွားတွေက ဘာတွေလဲ ဆိုတာတွေအပါအဝင်ပေါ့။ ပဋိပက္ခဖြစ်နေတာ မကောင်းဘူး ၊ အခုပဲ ရပ်ကြ ရပ်ကြ အော်နေတာဟာ ပဋိပက္ခကို တကယ်ပြေလည်စေတာမဟုတ်တဲ့အပြင် တခါတရံ ပိုမိုဆိုးဝါးတဲ့ ပဋိပက္ခတွေဆီ တွန်းပို့မိလျက်သားဖြစ်သွားစေတဲ့ တင်းအားတွေကိုသာ စုဆောင်းမိစေတာမျိုး ဖြစ်တတ်တာကို သတိချပ်သင့်တယ်။
အဲဒီတော့ အဓိကကျတဲ့ မေးခွန်းက အခုလက်ရှိ အခြေအနေဟာ မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခတွေကို ပြေလည်စေဖို့ လုံလောက်တဲ့ အခင်းအကျင်းရှိလား ဆိုတဲ့မေးခွန်းပဲ။ နောက်တချက်က ပဋိပက္ခတွေကို ရပ်ဆိုင်းလိုက်ခြင်းက ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်/ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို ရရှိစေမှာလား ဆိုတဲ့မေးခွန်း။ ဒီမေးခွန်း ၂ ခုကိုဖြေနိုင်မှ (ဝါ) ဖြေစရာအဖြေမယ်မယ်ရရ စဉ်းစားထားမှသာလျှင် “ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး” ဆိုတာကို ပြောဆိုသင့်တယ်။
အခြေခံအားဖြင့် ပြည်သူလူထု ကျပ်တည်းသည်ထက် ကျပ်တည်းလာနေပြီ ၊ ထို့ကြောင့် တိုက်ပွဲတွေရပ်ပါ ဆိုတာလောက်နဲ့ မရဘူး။ ဒါဟာ ကျပ်တည်းတာကို ဂရုမစိုက်ဘဲ ဘီယာလေးချလိုက်၊ ဆေးလိပ်လေးဖွာလိုက် နဲ့ ထိုင်တွေး/ထိုင်ပြောနေတာ မဟုတ်ဘဲ တကယ့်အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုကိုယ်တိုင်က ခင်ဗျားတို့ကို မေးမယ့်မေးခွန်းပဲဖြစ်တယ်။ ငါတို့ ဒီ ၄ နှစ်တာကာလပတ်လုံး ရင်ဆိုင်စရာရှိတာတွေ မလွှဲမရှောင်သာရင်ဆိုင်ပြီးပြီ၊ ရင်ဆိုင်နေရဆဲဖြစ်တယ်။ ကျပ်တည်းတယ်၊ ဆုံးရှုံးတယ်၊ ဒီအတွက် အဖြေက မကျပ်တည်းတော့မယ့် လူ့အဖွဲ့အစည်းမဟုတ်ဘဲ၊ အဲ့ထက်ပိုတဲ့ မျှော်လင့်ချက်တွေအတွက် ဘာအာမခံချက်ရှိလဲ ဆိုတာပဲ။ ဒီလိုမှမဟုတ်ဘဲ ပိုကောင်းတဲ့လူ့အဖွဲ့အစည်းဖြစ်နိုးဖြစ်နိုးနဲ့ စမ်းလုပ်ကြည့်တာဟေ့၊ ရင်းနှီးကြည့်တာဟေ့၊ အခု ထင်သလိုဖြစ်မလာရင်တော့လည်း ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်၊ အရင်လိုပဲ ဒုံရင်းဒုံရင်းဘဝနဲ့ ပြန်နေကြရအောင် ဆိုရင်တော့ လက်ရှိအခြေအနေဟာ အဲ့လောက်လွယ်လွယ်ကူကူ အားလျှော့ဖို့ထိ မထိုက်တန်သေးတဲ့ အခြေအနေအခင်းအကျင်းပဲလို့ ပြန်ဖြေရမှာပဲ။
ဈေးတွက်နဲ့တွက်မယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေဘက်က – ငါတို့ သိန်းတရာရင်းထားရပြီဖြစ်တယ်၊ အဲ့ သိန်းတရာနဲ့ ထိုက်တန်တဲ့ အခင်းအကျင်းမျိုးနဲ့အရွေ့ကိုလည်း လုပ်နိုင်ခဲ့တယ်၊ ရည်မှန်းတဲ့ပန်းတိုင်အတွက် ရှေ့ဆက်သွားဖို့ လုံလောက်တဲ့အခြေအနေတွေကိုလည်း အတိုင်းအတာတခုထိ ပိုင်ဆိုင်ထားပြီဖြစ်တယ်။ ငါတို့က ဘာလို့ အခုချိန်ရပ်ရမှာလဲ – ဆိုတဲ့ အမြင်မျိုး ခပ်ဆန်ဆန် ရှိလိမ့်မယ်။
ငြိမ်းချမ်းရေးလှုံ့ဆော်သူတွေဘက်ကတော့ – စစ်တပ်ကိုတိုက်နေတာဟာ နံရံကိုခေါင်းနဲ့သွားတိုက်နေတာသာဖြစ်တယ်။ ခေါင်း ဘယ်နှလုံးကွဲသွားပြီလဲ၊ အဲ့အကွဲခံတိုက်လိုက်တဲ့ခေါင်းတွေကြောင့် ပြိုပျက်သွားတဲ့ နံရံတွေဟာ ကြီးမားတဲ့ အပျက်အစီးမျိုးလို့ မမြင်သင့်ဘူး။ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံရေးထဲကနေ ဖယ်ထုတ်လို့မရနိုင်ဘူး/မလွယ်ဘူး။ ဒါ့ကြောင့် နောက်ထပ်ခေါင်းတွေ ထပ်အကွဲမခံဘဲ၊ ဒီလောက်နဲ့ (ကွဲပီးသလောက်အရေအတွက်နဲ့) သာရပ်လိုက်တာက ပိုပြီး အထိအခိုက်နည်းမယ်။ ရပ်လိုက်၊ ပြီးရင်တော့ ခင်ဗျားတို့ဘယ်တော့မှဖယ်ထုတ်လို့မရမယ့် နံရံကြီးရဲ့အရိပ်အောက်မှာသာ အရင်လို စား၊ဝတ်၊နေရေး အခြေခံရှင်သန်စရာလေးတွေနဲ့ နေကြည့်ကြပါ – လို့ ဆိုတဲ့အမြင်မျိုးဆန်ဆန်ကို ကိုင်ဆွဲထားတယ်။
ဒီအမြင်နှစ်ဖက်စလုံးမှာ သူ့အမှန်တရားနဲ့သူ ရှိလိမ့်မယ်။ ခင်ဗျားတို့တွေ ဆက်လက်တွေးဆကြည့်ဖို့ ဆွဲထုတ်ပေးလိုက်တာသာဖြစ်တယ်။ ရှေ့ဆက်ကြုံလာနိုင်တဲ့ အဖြစ်အပျက်တွေကလည်း အဲ့အမြင် ၂ ဖက်ရဲ့ တဖက်ဖက်ကို တွန်းအားပေးနိုင်တဲ့ အခြေအနေမျိုးတွေ ကြုံရနိုင်တယ်။ ဥပမာအားဖြင့် ငလျင်ကြီးကြုံလာတဲ့အချိန်မှာ အထွေထွေအကျပ်အတည်းကြောင့် လက်နက်ကိုင်စစ်ပွဲတွေထပ်မဖြစ်သင့်တော့ဘူးဆိုတဲ့ အမြင်ဘက်ကို ပိုတွန်းအားဖြစ်စေခဲ့တယ်။ တကယ်လို့များ စစ်ရေးအရ တော်လှန်ရေးအင်အားစုတွေဟာ ဒီနှစ်အပိုင်းအခြားအတွင်းမှာပဲ ပိုမိုအရေးကြီးတဲ့နယ်မြေစိုးမိုးမှုမျိုးရတာ ဘာညာ ဆိုရင်လည်း ‘ငါတို့ရင်းနှီးခဲ့တာအကျိုးမယုတ်ဘူး၊ ပန်းတိုင်ကနီးလာပြီ၊ ဆက်ချမယ်’ ဆိုတဲ့အမြင်မျိုးကို တွန်းအားပေးနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။
ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး၊ အပစ်အခက်ရပ်ဆဲရေး ဘာပဲအော်အော် ဒါဟာ ဖြစ်ချိန်တန်လို့ ဖြစ်တာလို့ပဲမြင်ပါ။ ဒီအမြင်မျိုးဟာ တကွေ့မဟုတ် တကွေ့၊ တချိန်မဟုတ် တချိန်မှာ မြင်လာကြမယ့်၊ အော်လာကြမယ့် အမြင်တွေ/အသံတွေသာ ဖြစ်တယ်။ ပြည်သူလူထုဟာ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပြီ၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီ ဖြစ်တာကြောင့် သူတို့ဟာ ဘာဆက်လုပ်သင့်တယ်ဆိုတာကို သိမယ်လို့ ယူဆပါတယ်။
အော်နေတဲ့သူတွေကလည်း ပြည်သူတွေသူတို့အော်တဲ့လမ်း မလိုက်ဘူးဆို အော်ရင်းနဲ့မောရင် ရပ်သွားပါလိမ့်မယ်။
ဒါပေမယ့် အစိုင်အခဲတခုကတော့ဖြင့် ရှိနေလိမ့်မယ်။ အဲ့တာ ဘာလဲလို့ဆိုရင် “ဒီတော်လှန်ရေးဟာ မအောင်ရင် အဆုံးအရှုံးများလိမ့်မယ်၊ ဒီလောက်နဲ့ရပ်ရင်တောင် အဆုံးအရှုံးများနေတာပဲ မဟုတ်လား ဆိုတာကို ပြည်သူကသိတယ်။ ဒီ့အတွက် စေတနာရှေ့ထားပြီး ထပ်မံမဆုံးရှုံးရအောင် ပြောနေတဲ့ ငြိမ်းချမ်းရေးစကားသံတွေကို နားလည်သင့်သလောက် နားလည်ပေမယ့် သူတို့မာပါတယ်ပြောတဲ့ နံရံကြီး (ဖယ်ထုတ်လို့မရဘူးဆိုတဲ့ စစ်တပ်ကြီး)ကို ဒီလောက် ချွေးနဲ့သွေးနဲ့ နှဲ့နေတာ၊ နဲ့သင့်သလောက်လည်း နဲ့နေတာကို ကို ဒီတော်လှန်ရေးအရွေ့အပေါ် အသိအမှတ်ပြုမှု အားနည်းတာရယ်၊ မနိုင်လောက်ပါဘူးပဲ ဇွတ်ကြီးပြောနေတာရယ်ဟာ သူတို့စေတနာကို မေးခွန်းထုတ်နေကြတဲ့ အဓိကအရာပဲ” ဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်အပေါ် တကယ်စေတနာရှိလို့ပြောနေတာလား၊ ဒါမှမဟုတ် သူတို့အကျိုးစီးပွား အတွက်ပြောနေတာလား ဆိုတာအပြင် ဒီတော်လှန်ရေးအရွေ့တွေမှာ သင်းတို့ထဲထဲဝင်ဝင်မပါခဲ့ဖူးလို့ ဒီတော်လှန်ရေးများ အောင်သွားရင် ငါ့နိုင်ငံရေးသိက္ခာတော့ ကျရချည်သေးရဲ့လို့ စိုးရိမ်ပြီး မအောင်မြင်ခင် အတင်းရပ်ခိုင်းနေသလားဆိုတာကတော့ စွပ်စွဲချက်ပြင်းရင်ပြင်းလိမ့်မယ်၊ ဒါပေမယ့် ခုထိ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ခေါင်းထဲကထုတ်မရတဲ့ အတွေးပဲ။ မိုက်မိုက်ကန်းကန်းတွေးရရင် သူတို့အနေနဲ့ဆို ဒီတော်လှန်ရေးကြီး မအောင်တာကမှ ခံသာဦးမယ်လို့များ တွေးနေမလား မပြောတတ်။
နောက်ပြီး ပြည်သူလူထုဟာ ဆွေးနွေးပွဲတွေကို မကြောက်ပါဘူး။ ဒီအချိန်မှာ ဆွေးနွေးမယ့် ဆွေးနွေးမှုတွေဟာ တဖက်စောင်းနင်း မတရားသဖြင့် ခေါင်းငုံ့ခံရမယ့် ဆွေးနွေးပွဲမျိုးမို့ ဘယ်သူမှမဆွေးနွေးချင်သေးတာပါ။ အပစ်ခဏရပ်မယ်ပြောပြီး ငလျင်ဘေးသင့်ပြည်သူတွေအပေါ် ဗုံးကြဲနေတဲ့သူတော်ကောင်းကြီးနဲ့က ဘယ်လိုခန္တီတရားနဲ့ ဆွေးနွေးမလဲ ခင်ဗျားတို့ပဲပြောကြည့်။
Be the first to comment