မင်းချစ်ပိုင်
ဒုန်းခနဲပဲ။ ကောက်ကိုင်လိုက်တဲ့စာအုပ်က ခဏလေးအတွင်းမှာပဲ ကိုထွန်းလက်ထဲကနေ ပြုတ်ကျသွားတယ်။ နောက်တကြိမ် ထပ်ယူလိုက်တယ်။ ဒါပေမဲ့ ဒီတကြိမ်လည်း စာအုပ်က ပြုတ်ကျသွားပြန်တယ်။ ကျစ် .. ရှစ်ထဲမှပဲလို့ အသံထွက်ကာ ဆဲရေးမလိုဖြစ်သွားပေမဲ့ သူ သတိရသွားတယ်။ သူ့စိတ်ထဲမှာတော့ ဆဲပြီးနှင့်ပြီ။ မနေ့ညက သူ့လက်ကောက်ဝတ် နှစ်ဘက်စလုံးကနေ စကူနှစ်ချောင်းကို ဖြုတ်ထုတ်ထားတာကို ကိုထွန်း သတိရသွားတယ်။ ဒါကြောင့် သူ စိတ်ထဲ ဆဲရေးလိုက်တာက သူ့နှုတ်ဖျားကနေ မထွက်ကျလာတာ။
ဒီနေ့ ဘာမှ လုပ်စရာမလိုဘူး ဆိုတဲ့အသိနဲ့ ကိုထွန်း နိုးထလာခဲ့တယ်။ ဒီမနက်မှာ အဲဒီအသိကပဲ သူ့ကို ပေါ့ပါးနေစေတာ။ ပေါ့ပေါ့ပါးပါးရှိတဲ့ မနက်ခင်းမှာ စာအုပ်လေးဖတ်ရင်း ကော်ဖီပူပူကို ဇိမ်ဆွဲသောက်မယ်လို့ သူ စိတ်ကူးနေခဲ့တာပါ။ စကူတွေမရှိတော့တဲ့ သူ့လက်နှစ်ဘက်ဟာ စာအုပ်တအုပ်တောင် မကိုင် နိုင်တော့ရင် ကော်ဖီပူပူတခွက်ကိုလည်း ကိုင်နိုင်မှာ မဟုတ်ဘူးဘဲလေ။ ဒီနေ့ ဘာလုပ်စရာမှ မရှိတော့ဘူးဆိုတာက မနေ့ညက သူ့လက်နှစ်ဘက်ထဲက စကူနှစ်ချောင်းကို ညနက်တဲ့အထိ ဖြုတ်ခဲ့ပြီး စကူမရှိတော့တဲ့ လက်နှစ်ဘက်နဲ့ မနက်ဖြန်ကျရင် ဘာမှ လုပ်စရာမလိုတော့ဘူး၊ လုပ်လို့လည်း မရတော့ဘူးဆိုတဲ့အသိနဲ့ သူ အိပ်ခဲ့တာကြောင့်ဖြစ်တယ်။ အဲဒါကို စာအုပ်ပြုတ်ကျသွားမှ ကိုထွန်း ပြန်တွေးမိသွားတာ။ နိုးနိုးချင်းတော့ အလုပ်လုပ်စရာ မလိုဘူးလို့ အမှတ်ရနေပေမယ့် သူ့လက်နှစ်ဘက်စလုံးက ဒီလို ပျော့ဖတ်ဖတ်ကြီးနဲ့ ကိုင်မရ၊ ပြုမရ ဖြစ်နေတာကိုတော့ သူ မေ့နေခဲ့တယ်လို့ဆိုရမယ်။
ကိုထွန်းက အတွေးသမားပေမဲ့ ဘာလုပ်လုပ် တိကျတယ်၊ အသေးစိတ်ကျတယ်။ အလုပ်တခုခုကို လုပ်မယ်ဆိုရင် သေချာပိုင်နိုင်မှ လုပ်မယ်ဆိုတဲ့သူမျိုး။ အကြောင်းအရာတခုခုဆိုလည်း အကြိမ်ကြိမ် မေးခွန်းထုတ်တယ်၊ အပြန်ပြန်အလှန်လှန် ဆန်းစစ်တယ်။ ဒါကို သူ အသေအချာ ကြိုက်ပြီလား၊ ဒါကို သူ ဆက်လုပ်ချင်နေရဲ့လား၊ ဒါက သူနဲ့ ရေရှည်မှာဆို အဆင်ပြေပါ့မလားဆိုပြီး အထပ်ထပ်အခါခါ စိစစ်ပြီးမှ တခုခုကို လုပ်တဲ့သူ၊ ရွေးချယ်တဲ့သူမျိုး။ ကိုထွန်းက စန္ဒရားပညာရှင်။ သူ့ ငယ်ဘဝတောက်လျှောက် အားကစား၊ အနုပညာ၊ စာပေ၊ ဂီတ အရာအားလုံးကို သူ စမ်းသပ်ပြီး လေ့လာခဲ့တယ်။ စန္ဒရားက သူ့ရဲ့ နှလုံးသားကို အဆုံးထိ ဖမ်းစားနိုင်ခဲ့တယ်။ စန္ဒရား တီးနေရတာကပဲ သူ့ရဲ့အရာရာဖြစ်တယ်လို့ သူ ယုံကြည်ခဲ့တယ်။ ဒါကြောင့် စန္ဒရားတီးပြီး ရှင်သန်ဖို့ကို သူ ရွေးချယ်ခဲ့တာ။ သူနဲ့ ဘယ်သူတွေ ရှိနေရမလဲ ဆိုတာကိုလည်း ကိုထွန်း အသေအချာ အကျအန ရွေးချယ်ခဲ့တယ်။ အခု သူနေတဲ့မြို့ကိုလည်း သူနဲ့ သင့်တော်ပြီး အဆင်ပြေပြေ အခြေချ နေထိုင်မယ့်မြို့ဆိုပြီး တခြားမြို့တွေနဲ့ယှဉ်ကာ သူ ရွေးချယ်ခဲ့တာ။ သူရွေးချယ်ခဲ့သလိုပဲ ကိုထွန်းကိုယ်တိုင်ဟာလည်း အဲဒီမြို့ရဲ့ တစိတ်တပိုင်းဖြစ်ခဲ့တယ်။ သူ့ရဲ့ စန္ဒရားကနေ ထုတ်လွှင့်လိုက်တဲ့ ဂီတသံစဉ်တွေဟာလည်း မြို့တော်သူ၊ မြို့တော်သားတွေကိုသာမက မြို့တော်ကြီးကိုယ်တိုင်ကိုပါ ပျော်ရွှင် ကခုန်စေခဲ့ဖူးတယ်။
အခုချိန်မှာတော့လား။ ကုန်ဆုံးရက် တံဆိပ်တွေပါတဲ့ ရယ်ဒီမိတ်ပစ္စည်းတွေလိုပဲ ကိုထွန်းရဲ့ ယုံကြည်မှုတွေဟာလည်း သက်တမ်းကုန်ဆုံးသွားပြီလို့ ဆိုရမယ်။ သူ့ရဲ့ မြို့တော်ကြီးဟာလည်း အရင်လိုမဟုတ်တော့ဘူး။ သူ့ရဲ့စန္ဒရားက ဂီတအသံတွေကလည်း သူ့ကိုကိုယ်စားပြုတဲ့ အသံတွေကို မထွက်ပေးနိုင် တော့ဘူး။ သူ့ဘေးနားက သူ့ကို လုံခြုံမှု ပေးနိုင်သူတွေဆိုတာကလည်း အပြောချည်းသက်သက်သာ ဖြစ်သွားခဲ့တာ ကြာပေါ့။ သူရွေးချယ်ထားတဲ့ အရာမှန် သမျှဟာ အခုချိန်မှာတော့ သံသယအစွန်းထင်းတွေနဲ့ ဖွဲသာသာ အခွံတွေချည်း ဖြစ်သွားပြီ။ ဖွဲသာသာ အခွံတွေချည်းသာ ဆိုပေမဲ့လည်း ကိုထွန်းအတွက် ပေါ့ပေါ့လေးတော့ မဟုတ်နေဘူး။ အချိန်ကြာကြီး တည်ဆောက်၊ ဆုပ်ကိုင်ထားတာကြောင့် သိပ်သည်းဆဟာ ကြီးမားပြီး လေးလံနေခဲ့တယ်။ ဒီလေးလံမှုက သူရဲ့နှလုံးသားကို နေရာမလပ် တင်းကျပ် ဖိစီးနေတာမျိုး။ ဒါတွေအားလုံးကို ကိုထွန်း လွှတ်ချချင်နေတာ ကြာပေါ့။ ဒါပေမဲ့ သေချာပြီး မြဲမြံတဲ့ ကိုထွန်းရဲ့လက်ကို ကိုထွန်းရဲ့နှလုံးသားက မလွန်ဆန်နိုင်ဘူး။ မြဲမြံပြီး အမိအရ ဖမ်းဆုပ်တတ်တဲ့ သူ့ရဲ့လက်တွေကို ကိုထွန်း တခုခုတော့ လုပ်ချင်နေခဲ့တာ။
အခုတော့ ကိုထွန်း သူ့လက်တွေကို ကိုင်ထည့်လိုက်ပြီ။ ကံကောင်းထောက်မစွာနဲ့ပဲလို့ ပြောရမလားပဲ။ အွန်းလိုင်းဗီဒီယိုတခုမှာ လက်ကောက်ဝတ်ကနေ စကူဖြုတ်နည်းကို သူ ရခဲ့တယ်။ မနေ့ညက တော်တော် ညနက်တဲ့အထိ ခဲရာခဲဆစ်နဲ့ သူ့လက်ကောက်ဝတ်ကနေ စကူတွေရအောင် ဖြုတ်ခဲ့တာ။ အဲဒီ လက်ကောက်ဝတ်ထဲကနေ ကြေးနီရောင် စကူနှစ်ချောင်းထွက်လာတော့ သူတော်တော့်ကို ပျော်သွားခဲ့တယ်။ သူ့မှာ အဲဒီစကူနှစ်ချောင်းကို ပျော်ပြီးကြည့်နေတာ လက်ကောက်ဝတ်နှစ်ဘက်ကို ပြန်ပိတ်ဖို့ကိုတောင် မေ့တော့မလိုပဲ။ သူ့လက်တွေ တကယ်ပဲ ပေါ့ပေါ့ပါးပါး ဖြစ်သွားလား၊ မဖြစ်သွားလားတော့ သူ သေချာမသိပေမဲ့ သူ့စိတ်တွေ တော်တော့်ကို ပေါ့ပါးသွားတာကိုတော့ ကိုထွန်းသိတယ်။ ဒါကြောင့်လည်း မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပေါ့။ မနေ့ညကလို နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခဲ့ရတာ ကိုထွန်းအတွက် အတော်ကို ကြာခဲ့ပြီပေါ့။
ဘာမှ ဆုပ်ကိုင်လို့မရတော့တဲ့ လက်နဲ့ စန္ဒရားပညာရှင် ကိုထွန်းတယောက် တကယ်ပဲ ပေါ့ပါးပြီး ပျော်နေလား။ ပထမတော့ ဒီလို ပေါ့ပေါ့ပါးပါး ခံစားချက် ကို သူ နှစ်ခြိုက်သလိုလို ကျေနပ်သလိုလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီတမနက်တည်းနဲ့ ကိုထွန်း သူ့ဖာသာ စိတ်ရှုပ်ထွေးစပြုလာတယ်။ ပျော့ဖတ်ဖတ် လက်နှစ်ဘက်ကိုသယ်ပြီး အိမ်ရှေ့ထွက်လိုက်၊ အိမ်နောက်ဝင်လိုက်နဲ့ ယောင်လည်လည် ဖြစ်နေခဲ့တာ။ ခါတိုင်း သူ့နေ့စဉ်ဘဝက အဲလိုမဟုတ်နေဘူးလေ။ အိပ်ရာထချိန်၊ စားချိန်၊ သောက်ချိန်၊ စန္ဒရား တီးခတ်လေ့ကျင့်ချိန်၊ တေးသားအသစ်လေးတွေကို ဖန်တီးချိန်၊ သီချင်းဂီတတွေ နားထောင်ချိန်၊ လမ်းလျှောက်ထွက်ချိန်၊ အနားယူချိန် အားလုံးက သူ့ဟာနဲ့သူကွက်တိ။ သူ့စိတ်တွေ ဘယ်လောက်ပဲ လေးလံဖိစီးနေပါစေ၊ တေးသားအသစ်တွေ မဲ့နေပါစေ၊ မြို့တော် ကြီးရဲ့ မထော်မနန်း စည်းမျဉ်းဥပဒေတွေက သူ့ကို ဘယ်လိုပဲ အနှောက်အယှက် ပေးနေပါစေဦး ကိုထွန်းဟာ ဒါတွေအားလုံးကို ကွက်တိ လုပ်နိုင်ခဲ့တယ်။ ကိုထွန်းအတွက် အဆင်မပြေဆုံးကတော့ စန္ဒရားခလုတ်တွေအပေါ် တင်ထားတဲ့ သူ့လက်ချောင်းတွေကို သူ မခိုင်းစေနိုင်တော့တဲ့ ဖြစ်ရပ်ပဲ။ စန္ဒရားခလုတ် တွေအပေါ် အင်အားချိနဲ့ပြီး ရွေ့လျားမှုမဲ့နေတဲ့ သူ့လက်ချောင်းတွေကို ကြည့်ပြီး ကိုထွန်းရဲ့ရင်ကို ဟာတာတာကြီး ဖြစ်နေစေခဲ့တယ်။ တေးသွားတွေက ငါ့ကို ကိုယ်စားမပြုတော့ပေမဲ့ စန္ဒရားကို ငါ တီးလို့ရနေသေးတာပဲ၊ အခုတော့ စန္ဒရားခလုတ်တွေပေါ် ငါ့လက်တွေကို ရွေ့လို့မရတော့ပါလား ဆိုတဲ့အတွေးက အဓိပ္ပါယ်မဲ့ခြင်းဆိုတဲ့ ခံစားချက်တခုကို ကိုထွန်းဆီ သွတ်သွင်းပေးလိုက်တယ်။
စန္ဒရားခလုတ်တွေအပေါ် ရွေ့လျားမှုမဲ့နေတဲ့ လက်ချောင်းတွေကနေ အကြည့်ကို ကိုထွန်း ရုပ်သိမ်းပြီး စန္ဒရားကြီးဘေးက ပြတင်းပေါက်ဆီ သူ့အကြည့်ကို ပို့လိုက်တယ်။ အဓိပ္ပါယ်မဲ့ ခံစားချက်ကြောင့် ဗလာသက်သက် သူ့မြင်ကွင်းထဲမှာ မြို့တော်ကြီးက လျော့တိလျော့ရဲ။ မနက်ကိုကျော်ပြီဖြစ်လို့ တောက်ပစူးရှနေတဲ့ နေရောင်အောက်မှာတောင် မြို့တော်ကြီးဟာ အရောင်တွေလွင့်ပြယ်ကာ မှိန်ဖျော့လို့။ အရင်တုန်းက လှချင်တိုင်းလှ၊ တောက်ပချင်တိုင်း တောက်ပခဲ့တဲ့ အရောင်စုံမြို့တော်ကြီး။ အခုတော့ မြို့တော်ကြီးမှာ အရောင်တွေမရှိတော့။ မရှိဆို မြို့တော်ကြီးရဲ့ မထော်မနန်း စည်းမျဉ်းဥပဒေသစ်တခုက အရောင် တော်တော်များများကို ထိန်းသိမ်းထားဖို့ အမိန့်ထုတ်လိုက်လို့ပဲ။ အရောင်တချို့ကတော့ မြို့တော်ကြီးကနေ လွင့်သွားခဲ့တယ်။ ဝပ်သွားတဲ့အရောင်တွေ၊ ဖုံးကွယ်ခံလိုက်ရတဲ့အရောင်တွေ၊ လွင့်သွားတဲ့အရောင်တွေနဲ့ မြို့တော်ကြီးဟာ အခုတော့ မှိန်ဖျော့ဖျော့နဲ့ လျော့တိလျော့ရဲ ဖြစ်လို့ပေါ့။
မြို့တော်ကြီးရဲ့ အဲဒီ မထော်မနန်း စည်းမျဉ်းဥပဒေသစ်ဟာ အရောင်တွေပေါ်မှာတင် သက်ရောက်ခဲ့တာမဟုတ်။ အသံတွေကိုပါ လျှော့ချခံခဲ့ရတာ။ ဒါက ကိုထွန်းအတွက် ကြေကွဲရဆုံး အနေအထားပဲ။ သူ့ရဲ့စန္ဒရားကနေ အသံတွေ စုံစုံလင်လင် ထွက်လို့မရတဲ့ အနေအထားဟာ သူ့အတွက် စိတ်ထိခိုက်ရဆုံးပဲ။ သူ့ကို ကိုယ်စားပြုတဲ့ အသံတွေနဲ့ မြို့တော်ကြီးဟာ သာယာမိန်းမူးခဲ့ဖူးတယ်၊ ပျော်ရွှင်ကခုန်ခဲ့ဖူးတယ်။ အဲဒါကိုမှမထောက် မြို့တော်ကြီးဟာ ကိုထွန်းရဲ့စန္ဒရားအသံတချို့ကို လျှော့ချပစ်ဖို့ ကန့်သတ်လိုက်တယ်တဲ့လား။ မစုံလင်တော့တဲ့ အသံတွေနဲ့ တေးသွားလှလှတွေကို သူ ဘယ်လို ဖန်တီးနိုင်တော့မလဲ။ သူ စိတ်ကူးထားတဲ့ ထွင်မယ်၊ ကွန့်မယ်၊ မြူးမယ်ဆိုတဲ့ အသံစဉ်တွေကို မထွက်ရတော့ဘူးတဲ့လေ။ စန္ဒရားအသံစဉ်တွေကို လိုသလိုဖန်တီးပြီး ရှင်သန်မယ်ဆိုတဲ့ ကိုထွန်းရဲ့ ရွေးချယ်မှု၊ ကိုထွန်းရဲ့ အရာရာ၊ အခုတော့ ဘယ်မလဲ။ ကန့်သတ်ခံလိုက်ရတဲ့ ရှင်သန်မှုမှာ ကိုထွန်းလည်း မဖိစီး မလေးလံဘဲ ဘယ်နေမလဲ။
ကိုထွန်းရဲ့ မြင်ကွင်းထဲက လျော့တိလျော့ရဲ မြို့တော်ကြီးဟာ လတ်တလော ရှုပ်ထွေးနဲ့တဲ့စိတ်ကို မသက်သာစေတဲ့အပြင် စိတ်ကို ပိုပြီး နောက်ကျိလာစေခဲ့တယ်။ ဒါကြောင့် သူ့အကြည့်ကို စန္ဒရားခလုတ်တွေဆီ ပြန်ပို့လိုက်တယ်။ ဖြူလွလွ စန္ဒရားခလုတ်လေးတွေက သူတို့ကို တို့ထိလိုက်ဖို့ ဖိတ်ခေါ်နေသလိုပဲ။ သူမြင်နေရတဲ့ စန္ဒရားခလုတ်တွေဟာ စန္ဒရား ပြန်တီးချင်စိတ်ပေါက်လာအောင် သူ့ကို တစက်စက်နဲ့ ထိုးဆွနေသလိုမျိုး။ ကိုထွန်းဟာ စန္ဒရားခုံကနေ ဝုန်းခနဲ ထထွက်သွားပြီး သူ့ရဲ့အိပ်ခန်းထဲ အဆောတလျင် ပြေးဝင်သွားတယ်။ အိပ်ခန်းထဲရောက်တော့ စာကြည့်စားပွဲပေါ်က ယွန်းဗန်းလေးထဲ ထည့်ထားတဲ့ ကြေးနီစကူနှစ်ချောင်းကို ကိုထွန်း စိုက်ကြည့်နေမိတယ်။ မနေ့ညက သူ ဖြုတ်ခဲ့တဲ့အတိုင်းလေး ရှိနေပြီး ကြေးနီစကူနှစ်ချောင်းက ကိုထွန်းရဲ့ လက်ကောက်ဝတ်ထဲ ပြန်ဝင်ရောက်ဖို့ တောင်းဆိုနေသလိုလို၊ စန္ဒရားခလုတ်တွေအပေါ် စိတ်အလျဉ်အတိုင်း ပြေးလွှားနေမယ့် လက်ကောက်ဝတ်တွေကို သတိမရဘူးလားလို့ မေးနေသလိုလိုမျိုးပေါ့။ ဒီစကူနှစ်ချောင်းကို ပြန်တပ်လိုက်ချင်စိတ်က ထိန်းမရ။ အသံမစုံတော့တဲ့ စန္ဒရားကိုတီးပြီး မင်း ပျော်နေမှာလားလို့ သူ့ရဲ့ဟာတာတာရင်ထဲကနေ အော်ပြောနေတဲ့ အသံတိုးတိုးလေးတခုကိုလည်း သူကြားနေရသလိုလို။
ကိုထွန်း မျက်လုံးကို စုံမှိတ်ချလိုက်တယ်။ ပြီးတော့ အသက်ကို ခပ်ရှည်ရှည် ဆွဲရှုလိုက်တယ်။ သူ မျက်လုံးပြန်ဖွင့်လိုက်တော့ သူ့ရဲ့အကြည့်က စကူနှစ်ချောင်းထည့်ထားတဲ့ ယွန်းဗန်းလေးဘေးက ဖုန်းဆီရောက်သွားတယ်။ ဖုန်းကို လက်နဲ့အသာတို့ကာ ဖွင့်တယ်။ တောင်ဘက်တန်ဆောင်းက ကြေးဘုရားတွေရောင်းနေတဲ့ ပန်းတဉ်းဆရာ ကိုချမ်းသာဆီ ဖုန်းခေါ်လိုက်တယ်။
ကျနော် ကြေးစကူနှစ်ခုကို ပုံပြောင်းချင်လို့ဗျာ၊ ဘာပုံစံပြောင်းချင်တာလဲ၊ ဘာဖြစ်ဖြစ်ရလား၊ ရပါ့ဗျ .. ကြေးတလိုင်းကတော့ ချမ်းသာတို့ လုံးဝအပိုင်ပဲ … စိတ်သာချလိုက်ဗျ၊ အင်း … ဟုတ်ပြီ … ဒါဆို ကျည်ဆံတတောင့်ဖြစ်အောင် ပြောင်းပေးစမ်းပါဗျာ၊ ကျနော်ကရတယ် … ကိုထွန်း … ဒါပေမဲ့ ဟို … ယမ်းမရှိဘူးဗျ … ခေတ်ကလည်း သိတဲ့အတိုင်း ဒါတွေက အရင်လို ဝယ်လို့မလွယ်တော့ဘူးဗျ၊ ယမ်းမရှိရင် မဖြစ်လားဗျာ၊ တို့သိသလောက်ကတော့ ယမ်းမရှိလည်းရတယ် … နို့ပေမဲ့ ပေါက်ကွဲတာတခုခုပါမှ ကျည်ဆန်က အစစ်ဖြစ်မှာပေါ့၊ ဒီလိုလုပ်ဗျာ … ယမ်းအစား ကျနော့်သွေးကို ထည့်လိုက်မယ်ဗျာ … ကျနော့်သွေးက အခုဆို အကဲဆတ်သလားမမေးနဲ့ … အပြင်းစား ပေါက်ကွဲမှာတော့ အတိအကျပဲ၊ ဒါဆို လုပ်လေဗျာ၊ ဒီလိုလုပ် … ကျနော့်ကို ကျည်ဆံခွံထဲ သွေးထည့်မယ့် အပေါက်သာဖောက်ပေး … ကျနော့်ဖာသာ အိမ်မှာပဲထည့်မယ် … ကျနော့်လက်ကလည်း အခုဆို ဘာမှ သုံးစားမရတော့ အပြင်မထွက်ချင်ဘူးဗျာ … ကြေးစကူနှစ်ခုကိုတော့ ဒေလီဗာရီနဲ့ ကိုချမ်းသာဆီ ပို့လိုက်မယ်လေ … ဒီနေ့ပဲ၊ ရပါ့ဗျာ … နို့ပေမဲ့ အခုက ဘုရားအော်ဒါတွေများနေလို့ ချက်ချင်းတော့မရဘူး … ခုနစ်ရက်အတွင်းတော့ ပြီးအောင်လုပ်ပေးမယ်ဗျာ၊ ရတယ် … ဒါဆိုကျေးဇူးပါဗျာ၊ တို့ကလည်း ကျေးဇူးတင်ပါတယ် … သတိတရနဲ့ အလုပ်တွေအပ်လို့ … ဒါဆိုတွေ့မယ်ဗျာ၊ တွေ့မယ်။
အိပ်ခန်းထဲကနေထွက်လာတဲ့ ကိုထွန်းမျက်နှာမှာ အပြုံးတခုက တွဲခိုလို့။ စိတ်ကျေနပ်မှုအပြည့်နဲ့ ကိုထွန်းဟာ စန္ဒရားဘေးက ပြတင်းပေါက်ဆီ ပြန်လျှောက်လာခဲ့တယ်။ လျော့တိလျော့ရဲနဲ့ အရောင်မှိန်မှိန်ဖျော့ဖျော့ မြို့တော်ကြီးက သူ့မြင်ကွင်းထဲ ပြန်ရောက်လာခဲ့တယ်။ လျော့တိလျော့ရဲနဲ့ အရောင်လွင့်ကာ အချိုးမကျတော့တဲ့ မြို့တော်ကြီးကိုကြည့်ရင်း သူ့စိတ်ထဲမှာ မြို့တော်ကြီးရဲ့ စကူတချောင်းချင်းကို ဖြုတ်ပစ်ပြီး မြို့တော်ကြီးကို ခေါက်သိမ်းပစ်လိုက်ချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာလို့။ ငါ့ရဲ့ အပြင်းစားပေါက်ကွဲအား ကျည်ဆန်ကိုအသုံးချပြီး အရောင်တွေစုံ၊ အသံတွေစုံတဲ့ မြို့သစ်ကြီးကို တည်ဆောက်လိုက် ရင်ရော၊ ငါ့လက်တွေ အသုံးချလို့မရတော့ပေမဲ့ ငါ့ရဲ့စကူနှစ်ချောင်းကတော့ တခုခုတော့ ဖြစ်တန်ကောင်းပါရဲ့ ဆိုတဲ့အတွေးက ကိုထွန်းကို ပိုပြီး စိတ်ကျေနပ်သွားစေခဲ့တယ်။
ကိုထွန်းဟာ အသံထွက်တဲ့အထိ ရယ်လိုက်ပြီး မြို့တော်ကြီးကို ကျေကျေနပ်နပ်ကြီး ဆက်ကြည့်နေတော့တာ။ အခုအခြေအနေက အရာအားလုံးကို ဆုပ်ကိုင်လို့မရတော့တဲ့ ကိုထွန်းအတွက် စိတ်ကျေနပ်စရာ အကောင်းဆုံး မဟုတ်ပါလား။
ဇူလိုင် ၂၉၊ ၂၀၂၄
Be the first to comment