“စစ်ကောင်စီနှင့် သေဒဏ်”
အယ်ဒီတာ့စကား
“People who are well represented at trial do not get the death penalty.”
“တရားခွင်မှာ ကောင်းကောင်းထုချေခွင့် ရသူတွေဟာ သေဒဏ်ချမှတ် မခံရပါဘူး”
– Ruth Bader Ginsburg
( ကွယ်လွန်သူ အမေရိကန်တရားရုံးချုပ် တရားသူကြီး)
ကမ္ဘာ့နိုင်ငံအသီးသီးတွင် သေဒဏ် ကျင့်သုံးနေခြင်းကို ဆိုင်းငံ့ထားရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို သိပ်မကြာသေးခင် နိုဝင်ဘာလ (၁၁) ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ စုစုပေါင်းအရေအတွက်၏ သုံးပုံ တပုံနီးပါးက ထိုဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲပေးခဲ့ကြသည်။ အတိအကျဆိုရလျှင် နိုင်ငံပေါင်း (၁၂၆) နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး (၃၇) နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကာ (၂၄) နိုင်ငံက မဲမပေးဘဲနေခဲ့သည်။
ထောက်ခံမဲပေးသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ ကုလသမဂ္ဂတွင် လက်ရှိအားဖြင့် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးမှာ ဦးကျော်မိုးထွန်းဖြစ်ပြီး သူသည် စစ်ကောင်စီကို ဆန့်ကျင်အံတုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်တွင် ရပ်တည်သူဖြစ်သည်။
နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကျောင်းသားလူငယ် (၁၁) ဦးကို စစ်ကောင်စီ၏ စစ်ခုံရုံးများက သေဒဏ်ချမှတ်ခဲ့သည်။ မည်သို့သော ပုဒ်မများဖြင့် စွပ်စွဲခဲ့သည်ဖြစ်စေ ထိုကျောင်းသားလူငယ်များသည် ဥပဒေအရ ခုခံချေပခွင့် စိုးစေ့မျှ မရခဲ့ပေ။ ဤအချက်သည်ပင် တရားဥပဒေကြောင်းအရ ခိုင်လုံမှု မည်မျှကင်းမဲ့သည်ကို ပြနေသည်။
စစ်ကောင်စီသည် နှစ်ရှည်ထောင်ဒဏ်အပြင် သေဒဏ်ပါ ချမှတ်ထားသည့် ရာဇဝတ်အကျဉ်းသားများကို ပြန်လွှတ်ပေးပြီး စစ်ကောင်စီ၏ ရာဇဝတ်မကင်းသည့် ကျူးလွန်မှုများတွင် စေခိုင်းအသုံးချနေသည့်သတင်းများ မကြာခန တွေ့နေရသည်။
တဘက်တွင်မူ ၎င်းအား ဆန့်ကျင်တော်လှန်နေသူများကို အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒပြသူပင်ဖြစ်စေ လုပ်ကြံပုဒ်မအမျိုးမျိုးတပ်ပြီး နှစ်ရှည်ထောင်ဒဏ်မှသည် သေဒဏ်အထိ ချမှတ်နေသည်။
ထိုသို့ သေဒဏ်ချမှတ်ခြင်းအတွက် စစ်ကောင်စီ၏ အဓိကရည်ရွယ်ချက်များထဲတွင် သူ့ကိုထောက်ခံကာကွယ်ပေးနေသူများကို ရဲဆေး ပိုတင်ပေးရန်၊ ဆန့်ကျင်နေသူများ တုန်လှုပ်ခြောက်ခြားစေရန်နှင့် သူ့ကိုဖိအားပေးနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဂရုမစိုက်ကြောင်း ပြသရန်တို့လည်း ပါဝင်သည်။
ကျောင်းသားလူငယ်များကို သေဒဏ်ချမှတ်ခြင်းကြောင့် သူ့ကိုထောက်ခံသူများ ရဲဆေးပိုတက်လာဖို့ဝေးစွ၊ သူတို့အလှည့် ဘယ်တော့ ပြန်ရောက်မလဲဟု တွေးပြီး အိပ်မပျော်ဖြစ်နေမှာ သေချာလှသည်။ တော်လှန်ရေးအင်အားစုများ တုန်လှုပ်ခြောက်ခြားဖို့ဝေးစွ၊ ပိုမိုခိုင်မာသည့် သန္နိဋ္ဌာန်များဖြင့် အဆုံးစွန်ထိ တိုက်ပွဲဝင်သွားမည့် အသံများသာ ကြားနေရသည်။ နိုင်ငံတကာအနေဖြင့်တော့ စစ်ကောင်စီ၏ ဇာတိသရုပ်မှန်ကို တနေ့ထက်တနေ့ ပိုသိလာသည်နှင့်အမျှ စစ်ကောင်စီကို အမြန်ဆုံးဖယ်ရှားရေးနှင့် တော်လှန်ရေးအင်အားစုများကို ပိုမို အားပေးထောက်ခံပံ့ပိုးရေး နည်းလမ်းမျိုးစုံ တိုးပြီး ရှာဖွေနေကြသည်။
စစ်ကောင်စီ၏ သေဒဏ်သည်ကား ‘၎င်းတို့အတွက်ကျင်းကို ၎င်းတို့ကိုယ်တိုင် နက်နက်တူးနေခြင်းသာ’ ဟု The Call က အခိုင်အမာ ယုံကြည်သည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
