ဆူးရစ်နွယ်
စစ်သီချင်း၊ တော်လှန်သီချင်း၊ နိုင်ငံရေးသီချင်း စသည်ဖြင့် ရှိကြတာကိုထောက်ပြီး နစ္စ၊ ဂီတ၊ ဝါဒိတများဖြစ်ကြတဲ့ ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ရေးသား စပ်ဆိုခြင်းတွေဟာ စစ်ကိုသော်လည်းကောင်း၊ နိုင်ငံရေးပြန့်ပွားမှုကိုသော်လည်းကောင်း၊ အမျိုးသားရေးစိတ်များကိုသော်လည်းကောင်း ပိုမိုအားကောင်းတဲ့ တွန်းအားတရပ်ကို ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးတဲ့အရာတွေဖြစ်ကြောင်း အသေအချာ သတ်မှတ်နိုင်ပါတယ်။ ဒီနေရာမှာ စစ်ကြိုခေတ်က အမျိုးသားရေးသီချင်းများအကြောင်းကို သိသလောက် ရေးပြမှာဖြစ်ပါတယ်။
“ဗမာမှာကုမ္ပဏီရှိတယ် ….. ပိတုန်းရောင်အသားက ဆီထွက်သတဲ့ မရီလိုက်နဲ့ဂရုစိုက်ကွယ် …. ကြီးပွားချင်သလားအမများရယ် … အကိုများရယ် … အစုစပ်ရှယ်ယာဝယ်”
ဒါဟာ စိန်ဗေဒါကြီးရဲ့ ဆိုင်းသီချင်းဖြစ်ပါတယ်။ စိန်ဗေဒါ အသားမဲပုံကို မြို့မငြိမ်းက ဆိုင်းသီချင်းရေးပေးထားတာ ဖြစ်ပါတယ်။ စိန်ဗေဒါကြီးရဲ့ ဆိုင်းသီချင်းတွေမှာ စိန်ဗေဒါ ဖင်ကောက်ပုံ၊ အသားမဲပုံ၊ အရပ်ပုပုံ စတဲ့အကြောင်းတွေကို တွေ့ရတာများပါတယ်။ ဦးသက်တင်၊ နန်းတော်ရှေ့ဆရာတင်၊ နန်းတော် တောင်ဆရာခင်၊ မြို့မငြိမ်း စတဲ့ တေးရေးဆရာကြီးများဟာ စိန်ဗေဒါနဲ့ အတွဲညီခဲ့ကြပါတယ်။ ဆရာမြို့မငြိမ်းကလည်း စိန်ဗေဒါနဲ့ တရပ်ထဲနေပြီး အိမ်ချင်းလည်းနီးသမို့ တူဝရီး ဦးလေးလို ဆက်ဆံရေးမျိုး ရှိပါတယ်။ အဲ့တော့ စိန်ဗေဒါ့ဆိုင်းသီချင်းတွေအတွက် ရံခါဆိုသလို မြို့မငြိမ်းဟာလည်း ရေးပေးရလေ့ရှိပါတယ်။ အထက်မှာ စာနဲ့ဆိုပြခဲ့တဲ့ သီချင်းနာမည်က ပိတုန်းရောင်လို့ အမည်ရပါတယ်။ (သံစဥ်အသွား သိချင်သူများ ယူကျုမှာ ပိတုန်းရောင်ဆိုပြီး ရှာပြီးနားဆင်ပါ)
အမျိုးသားရေး သီချင်းတွေအကြောင်း ပြောမယ်ဆိုပြီး ဆိုင်းသီချင်းအကြောင်း ပြောနေရလားလို့မေးရင် ကျနော့်မှာ ဖြေစရာအဖြေရှိပါတယ်။ ဒီ ပိတုန်းရောင်သီချင်းဟာ ဒုတိယသီချင်း နောက်မှဖြစ်တဲ့ သီချင်းပါ။ ပိတုန်းရောင်သီချင်းရှေ့မှာ သူနဲ့အလိုက်တူတဲ့ အမျိုးသားရေးသီချင်းတပုဒ် ရှိခဲ့ပါတယ်။ အဲဒီ အမျိုးသားရေးသီချင်းကို အကြောင်းပြုပြီး ပိတုန်းရောင်သီချင်း ပေါ်လာတယ်ပေါ့လေ။
သီချင်းအကြောင်းမပြောခင် သီချင်းဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခင်းကျင်းကို ပြောပြလိုပါတယ်။ ၁၉၂၀ ပြည့်နှစ်များဟာ ဗမာပြည်မှာ ဝံသာနုစိတ်ဓာတ် အတတ်ကြွဆုံးအချိန်ဖြစ်ပါတယ်။ အမျိုးသားရေး အထက်သန်ဆုံးအချိန်ပေါ့။ ၁၉၂၀ ကျောင်းသားသပိတ်နောက်ပိုင်းမှာ အမျိုးသားရေးကျောင်းတွေပေါ်လာကြတယ်။ ထို့အတူ ဝံသာနုသီချင်းတွေ၊ အလင်္ကာ တေးထပ်၊ ရတုပိုဒ်စုံ၊ လေးချိုး စသည်ဖြင့် အများကြီး ပေါ်ထွက်လာကြပါတယ်။ နောက်ဆုံး သံချပ်တွေကအစ အမျိုးသားရေးနိုးကြားဖို့ကိုပဲ ဦးတည် ပေါ်ထွက်လာကြပါတယ်။ အဲဒီ ဝံသာနုသီချင်း၊ တေးထပ်၊ ရတုများကို လေ့လာကြည့်ရင် နှစ်ပိုင်းတွေ့ရပါတယ်။ ပထမတပိုင်းက ပဒေသရာဇ်မင်းလောင်းမျှော်ပြီး တချိန်က ရွှေထီးဆောင်းကြပုံကို တမ်းတတဲ့သီချင်းများ ဖြစ်ပါတယ်။ ဒါဟာလည်း ခေတ်ရဲ့လိုအပ်ချက်အရ ပြည်သူကို ဒါ တို့ပိုင်တဲ့မြေလို့ ခွန်အားမွေးပေးတာပါပဲ။ ဒုတိယတခုကတော့ ခေတ်နဲ့အညီ အမီလိုက်တဲ့ အမျိုးသားရေးသီချင်းများဖြစိပါတယ်။ ၁၉၀၅ အိန္ဒိယသားတွေရဲ့ နိုင်ငံခြားဖြစ်ပစ္စည်းများကို သပိတ်မှောက်ပြီး ပြည်တွင်းဖြစ်ကို အားပေးဖို့ လှုပ်ရှားမှုကြီးရဲ့ဂယက် ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကို နိုင်ငံရေးနားလည်သူတွေက ပြည်သူကြား ပြန့်ပွားအောင်လုပ်ကြတယ်။ အဲသလိုလုပ်တဲ့နေရာမှာ အဆို၊ အက၊ အတီးပညာရှင်များရဲ့အား၊ သံဃာတော်များရဲ့အား၊ အမျိုးသမီးထုရဲ့အားကို ယူပြီး လှုံ့ဆော်ခဲ့ကြပါတယ်။ ပိတုန်းရောင်သီချင်းကိုမရေးခင် မြို့မငြိမ်းဟာ နေရှင်နယ်ကျောင်းသူများယိမ်းကဖို့ သီချင်းတပုဒ်ကို ရေးခဲ့ပါတယ်။ အလိုက်အတူတူပါပဲ။
“ဗမာမှာအစွဲရှိတယ် မိန်းမဖျက်ရင်ပြည်ပျက်သတဲ့ … ဒီစကားကနားခါးဖွယ် ကြားကောင်းကြသလား အမများရယ် ညီမများရယ် ဟုတ်ပါ့မှန်ပါတယ်၊ ဒီစကားပျက်အောင် ဘယ့်နှယ်ချေပါ့မယ် တို့အများရယ်၊ အမျိုးသမီးများရဲ့တာဝန်ဆိုစေ့မယ်”
အမျိုးသားကျောင်းတက်နေတဲ့ နေရှင်နယ်ကျောင်းသူလေးတွေရဲ့ ယိမ်းသီချင်းပါ။ စိန်ဗေဒါကြီးရဲ့အိမ်နဲ့ မနီးမဝေးမှာ အမျိုးသားကျောင်းတကျောင်းရှိတယ်။ ကျောင်းသူတွေက ဒီသီချင်းကိုဆိုပြီး ယိမ်းတိုက်ကြတော့ စိန်ဗေဒါကြီးက ကြားသွားပြီး နှစ်သက်သွားတယ်။ ဒီသီချင်းအသွားက လှတယ်။ ဆိုင်းသီချင်းလုပ်တီးရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါနဲ့ ဒီသီချင်း ဘယ်သူရေးသလဲလို့ စုံစမ်းတဲ့အခါ မြို့မငြိမ်းရေးမှန်း သိရပါတယ်။ ဒီတော့ စိန်ဗေဒါက မောင်ငြိမ်းရာ ဦးလေးမောင်အတွက် ဒီသီချင်းအလိုက်လေးနဲ့ ဆိုင်းသီချင်းတပုဒ် စပ်ပေးစမ်းပါဆိုပြီး အရေးခိုင်းရာကနေ ပိတုန်းရောင်သီချင်း ပေါ်ထွက်လာတာဖြစ်ပါတယ်။ စိန်ဗေဒါဟာ သူနဲ့ခေတ်ပြိုင် အနုသုခုမပညာရှင်များကြားမှာ အမျိုးသားရေးစိတ် ပြင်းထန်သူဖြစ်ပါတယ်။ အမျိုးသားကျောင်းများမှာ ပွဲလမ်းသဘင်ရှိတိုင်း အခကြေးငွေယူထားတဲ့ ပွဲကိုဖျက်ပြီး အဲဒီကျောင်းပွဲတွေမှာ မေတ္တာနဲ့ လိုက်တီးပေးလေ့ရှိပါတယ်။ ပြီးတော့ သူနှစ်သက်တဲ့ အမျိုးသားရေးသီချင်းများကိုလည်း ဆိုင်းလို ပြန်ပြီး တီးပြတတ်ပါသေးတယ်။
အဲ့တော့ မြို့မငြိမ်းရဲ့ အမျိုးသားရေးသီချင်းကို ဆက်ရရင် …
“(ညီညီညာညာကြိုးစားဆောင်ရွက်မယ်၊ ဝတ်မှုစားမှုတွေကိုလည်းပယ် ဝါမှုကြွားမှုတွေကိုလည်းပယ် ဒါမှအစစ်အမျိုးချစ်မယ်)၂ ယနေ့ကစ၍နောင်ပြင်ကာရယ် အမျိုးကိုစောင့်စည်း သမီးများဗမာမယ် …..” ဆိုပြီးဖြစ်ပါတယ်။
ပထမကမ္ဘာစစ်မတိုင်မီ ကိုလိုနီခေတ်ဦးမှာ ဗမာတွေဟာ အေးအေးနေပါတယ်။ အထူးသဖြင့် လူကုံထံအသိုင်းဝိုင်းနဲ့ လူလတ်တန်းစားများဖြစ်ပါတယ်။ ခါးကျိုးမတတ် အနင်းခံနေရတဲ့ ဆင်းရဲသားများဟာလည်း ကံကိုသာပုံချပြီး ငတ်တလှည့်ပြတ်တလှည့် စားဝတ်နေရေးကလွဲလို့ ဘာမျှ အပိုစဥ်းစားစရာမရှိပါဘူး။ ပညာတတ် လူလတ်တန်းစားများကလည်း ဆင်းရဲသားများကို ဦးဆောင်မှုမပေးနိုင်ပါ၊ဘူး။ လူကုံထံများကတော့ မင်းစိုးရာဇာတွေကလွဲလို့ ဘယ်သူ့ကိုမှ အဖက်မလုပ် အေးအေးနေပါတယ်။ ငွေရှိရင် ဘာမဆိုဖြစ်တဲ့ခေတ်မှာ ငွေရှာမယ်၊ ဇိမ်ခံမယ်ဆိုတာပဲ တွေးပါတယ်။ လူလတ်တန်းစား ပညာတတ်များကလည်း တော်လှန်ရကောင်းမှန်းမသိပါဘူး။ ကောလိပ်တက်မယ် မြို့ပိုင်လုပ်မယ်ပဲ အတွေးရှိပါတယ်။ တစတစနဲ့ အင်္ဂလိပ်ယဥ်ကျေးမှုမှာ မျောပါပြီး ဗမာတွေ indentity ပျောက်ကုန်ကြပါတယ်။
အမျိုးသမီးများဟာလည်း ကောလိပ်တက်မယ်၊ ပါတီတက်မယ်၊ ပွဲလမ်းသဘင်တက်မယ်ဆိုတာနဲ့ ဘယ်နိုင်ငံကပိတ်စကို ဘယ့်နှယ်ချုပ်ဝတ်မယ်။ ဆံပင်ကို ဘိုဆံထောက် ဘယ်ပုံထားမယ်၊ ဘရာစီယာဝတ်မယ်၊ ဒီလိုတွေ မိန်းမသဘာဝအလျောက် လှချင်ရှာတာကြောင့် Latest Fashion တွေကိုသာ စိတ်ဝင်စားလှတယ်။ အမျိုးသားများကြားမှာလည်း တောင်ရှည်နဲ့ ရှူးဖိနပ်နဲ့ ကုတ်အင်္ကျီနဲ့ အင်ဂလိုဘာမန်းစတိုင်တွေ ခေတ်စားနေပြန်တယ်။ နာမည်မှာ ဘိုလိုညှပ် ပြီး ပေးတာတွေကလည်း အဲဒီခေတ်ကာလရဲ့ သိပ်မိုက်တဲ့ကိစ္စတွေပါပဲ။
ဒီလို အမျိုးသားရေး စရိုက်လက္ခဏာတွေ ပျောက်ဆုံးနေရင် သူများအုပ်ချုပ်မှုအောက်မှာပဲ နေရတော့မယ်လို့ နိုင်ငံရေးနားလည်သူ လူငယ်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေက မြင်လာကြတဲ့အခါ ဒါတွေကိုတော်လှန်ပစ်ဖို့ ကြိုးစားကြပါတော့တယ်။ ကြိုးစားကြရာမှာ သီချင်းတွေ၊ လေးချိုးတွေ၊ ရတုတွေရေးပြီး လူထုကို အလင်းပြကြတယ်။ အမျိုးသားရေးကို အမွှန်းတင်ထားတဲ့ကောလိပ် ယိမ်းသီချင်းတွေလည်း ပေါ်လာကြတယ်။ သီချင်းတွေ၊ ကဗျာတွေတင်လားဆိုတော့ အဲဒီခေတ်က အမျိုးသားရေးသံချပ်များဟာလည်း လူထုကြားမှာ ပျံနှံ့လွယ်အောင်ကို ကောင်းခဲ့ကြတယ်။ ဥပမာ ….
“ချောကလက်စားလို့အသားပို”
“နင်တို့ကိုလူဟုတ်ကဲ့လား”
“နို့ဆီဂျမ်သုတ်ကိတ်မုန့်ဆို”
“အုန်းသီးထန်းလျက်လိုချိုကြရဲ့လား” ဒီလိုသံချပ်တွေရှိတယ်။ ပြီးတော့ အမျိုးသမီးတွေကိုထိုးတဲ့ သံချပ်များလည်းရှိသေးတယ်။
“ဒေါက်ချာဆံထုံးနဲ့မအေစီ”
“ပန်ချာပီနဲ့နီးလှချည်ရဲ့”
“အင်္ကျီပါးနဲ့ဇာဘော်လီ”
“ဗမာပြည်ပေါ်ဖျက်မယ့်မိန်းမ” စသည်ဖြင့် စကားလုံး ထိထိရောက်ရောက်နဲ့ သံချပ်တွေဟာ ဝံသာနုခေတ်ထဲ တညံညံ ကြားနေကြရပါတယ်။
ဝံသာနုခေတ်မှာ ပြည်သူကို မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးကြွလာအောင်၊ တော်လှန်လိုစိတ်ဖြစ်လာအောင် ကနဦးစည်းရုံးကြတဲ့နေရာမှာ ထင်ရှားကြသူတွေကတော့ ၁၉၁၉ မှာဖွဲ့တဲ့ ကုမ္မာရီအမျိုးသမီးများအသင်း၊ ကိုယ်တော်မှိုင်းလို၊ လှည်းတန်းဦးလူကလေးတို့လို စာဆိုများ၊ စိန်ဗေဒါလို အတီးပညာရှင်များ စတဲ့ပုဂ္ဂိုလ်များက ဦးဆောင်လှုံ့ဆော်ကြပါတယ်။ သံဃာတော်များကလည်း ချွေတာရေးလုပ်ကြဖို့ ပြည်တွင်းဖြစ်ကိုအားပေးဖို့ ဟောကြားသွန်သင်ကြပါတယ်။ နိုင်ငံရေးဘက်ကို ဦးတည်ကြဖို့ အခြေအစပဲဖြစ်ပါတယ်။ အင်္ဂလိပ်ကိုတော်လှန်ဖို့ ပြည်သူရဲ့ကိုယ်တွင်းကိုယ်ပမှာ တွယ်ကပ်နေတဲ့ အင်္ဂလိပ်ဆန်နေမှုကို ဗမာမှုနဲ့ အစားထိုးနေကြတာ ဖြစ်ပါတယ်။ ဒါသည် နိုင်ငံရေးရဲ့အစ၊ တော်လှန်ရေးရဲ့အစပဲ ဖြစ်ပါတယ်။
Be the first to comment