စစ်ကြီးပြီးစ ညနေခင်းများ

‘စစ်ကြီးပြီးစ ညနေခင်းများ’
◼️ညီလင်းအိမ်
ရုပ်ရှင်ကြောင်းမပြောခင် ဒီရုပ်ရှင်ပဲ့ကိုင် ဒါရိုက်တာကြီး Rithy Panh ရဲ့အကြောင်းကို ဦးဆုံး မိတ်ဆက်ပေးရမယ် ထင်ပါတယ်။ ၁၉၆၄ မှာ မွေးဖွားခဲ့တဲ့ ခမာနွယ်ဖွားဖြစ်တဲ့ ဒါရိုက်တာကြီး Rithy Panh က ခမာနီ အရေးအခင်းကြားထဲကနေ သေကံမရောက် သက်မပျောက်ခဲ့သူ တယောက်ဖြစ်တယ်။ ပိုပေါ့ပ်ကြီးစိုးပြီးတဲ့နောက်မှာ သူ့ရဲ့မိဘတွေ ဆွေမျိုးမောင်နှမတွေအားလုံး အဖမ်းခံရပြီး လုပ်အားပေးစခန်းတွေကို ပို့ဆောင်ခံခဲ့ရတယ်။ သူ့အသက် ၁၅ နှစ်အရွယ်မှာပဲ ခမာနီများရဲ့ လက်ချက်‌ကြောင့် မိဘဆွေမျိုးသားချင်းတွေအားလုံး ဆုံးပါးသွားတယ်။ မိဘမဲ့ တကောင်ကြွက်အဖြစ် ကျန်ရစ်ခဲ့ရပြီးနောက်မှာ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေရှိရာကို လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပါတယ်။
အဲဒီကနေမှ ပြင်သစ်နိုင်ငံကို ရွှေ့ပြောင်းဒုက္ခသည်အဖြစ် ဆက်လက်ထွက်ခွာပြီး ပြင်သစ်မှာပဲ အခြေချ ကြီးပြင်းခဲ့ပြီးနောက် ရုပ်ရှင်ပညာကို လေ့လာသင် ကြားခဲ့တယ်။ ဒါရိုက်တာဘဝကို ကူးပြောင်းချိန်မှာတော့ ၁၉၈၉ မှာပဲ သူငယ်စဉ်က ခံစားခဲ့ရတဲ့ ထရော်မာတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ပြဆိုဖို့ ကြိုးစားခဲ့တယ်။ ပွဲဦးထွက် မှတ်တမ်းလက်ရာသစ်က ကမ်ပူးချားရ် ဒုက္ခသည်များအကြောင်းဖြစ်ပြီး ဆုတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့တယ်။ ပရော်ဖက်ရှင်နယ် ဒါရိုက်တာတယောက်အဖြစ် လက်ခံ အသိအမှတ်ပြုမှုကို ရရှိပြီးနောက်မှာတော့ မိခင်တိုင်းပြည် ကမ္ဘောဒီးယားကို ပြန်လာခဲ့ပြီး ခမာနီတို့ အုပ်စိုးစဉ်ကာလက ဖြစ်ရပ် တွေကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြောင်းလဲ ရိုက်ကူးခဲ့ပါတယ်။
ယခုထက်ထိ ယင်းသို့သော သမိုင်းဖြစ်ရပ်မှန်များကို ပြန်ပြောင်း အခြေခံထားတဲ့ မှတ်တမ်းရုပ်ရှင်တွေ၊ ဒရာမာ ရုပ်ရှင်တွေကိုသာ ရိုက်ကူးနေဆဲဖြစ်တဲ့ ဒါရိုက်တာကြီးဟာ ၂၀၁၃ မှာတော့ ခမာနီ ဂျီနိုဆိုက်ကိုပဲ အခြေခံထားတဲ့ The Missing Picture (2013) မှတ်တမ်းရုပ်ရှင်နဲ့ပဲ ကန်း ရုပ်ရှင်ပြိုင်ပွဲမှာ Un Certain Regard ကဏ္ဍကနေပြီး ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ပါတယ်။
ခမာ ရုပ်ရှင်ရပ်ဝန်းအနေနဲ့လည်း သူ့ရဲ့ ရုပ်ရှင်လက်ရာဖြစ်တဲ့ Rice People (1994) ရုပ်ရှင်နဲ့ပဲ (ယင်းရုပ်ရှင်နဲ့ပတ်သက်တဲ့ အက်ဆေးကိုလည်း The Call မဂ္ဂဇင်းမှာ ရေးသား‌ဖော်ပြခဲ့ပြီးဖြစ်ပါတယ်) ဟောလိဝုဒ်ရဲ့ Best Foreign Oscar Section အတွက် ပထမဆုံး တင်သွင်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။
The Call မဂ္ဂဇင်းမှာပဲ ရေးသားဖော်ပြခဲ့ပြီးဖြစ်တဲ့ Rice People (1994) ရုပ်ရှင်က ပိုပေါ့ပ်စစ်ပွဲကြီးပြီးတဲ့နောက် ရှားပါးဆင်းရဲစွာ နေထိုင် အသက်မွေးကြရတဲ့ ကျေးလက်နေ တောင်သူလယ်သမား မိသားစုတွေအကြောင်း ဖြစ်ပါတယ်။ လယ်ထဲက ဆန်စပါးကလေး ရရှိဖို့အတွက် နေထိုင်မကောင်းဖြစ်နေတဲ့ ခင်ပွန်းသည်ကိုတောင် ဆေးရုံထိ မပို့နိုင်ခဲ့ကြတဲ့ မိသားစု၊ နောက်တော့ လင်ယောက်ျား သေဆုံးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့ရသူ ဇနီးသည်ဖြစ်သူမှာလည်း ပရိသောကအပူမီးတွေကို ခါးစည်းမခံနိုင်တဲ့အခါမှာ စိတ်နောက်သွားခဲ့ရ၊ အရွယ်ရောက်ခါစ သမီးကလေးပဲ လယ်မြေတွေကို ဦးစီးဦးရွက်ပြုပြီး လုပ်ကိုင်ခဲ့ရပုံတွေ စလို့ ကြည့်ရှုရင်းနဲ့ပဲ မျက်ရည်တွေဝဲကျစေမယ့် ကရုဏာသက် နာကျင်စေရတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။
ဒီရုပ်ရှင်မှာတော့ ကျေးလက်တင်မဟုတ် မြို့ပြမှာလည်း မတည်ငြိမ်တဲ့ တိုင်းပြည်တခုရဲ့ ဒဏ်ချက်တွေကို ထပ်တူခံစားရတဲ့အကြောင်း သိစေတဲ့ တင်ပြမှုတွေကို မြင်ရစေနိုင်ပါတယ်။ စစ်ပြီးစ နေ့ရက်တွေက မိုးရွာပြီးစ ညနေခင်းတွေလို အေးမြမှ မနေတာဘဲလေ။ နှစ်ကာလပေါင်းများစွာ မီးဒဏ်သင့်ပြီးမှတော့ အဲဒီနေရာတွေ ချက်ချင်းကြီး အေးမြစေဖို့က မဖြစ်နိုင်ဘူး။ မီးငွေ့တွေက တစိမ့်စိမ့်နဲ့ ကျန်ရစ်သူ ပြည်သူပြည်သားတွေအပေါ်ကိုမှ ထပ်မံ လောင်မြိုက်နေဆဲပဲ။ မြို့ပြလူနေမှုမှာ အလုပ်ရှားပါးမှု ဒဏ်၊ စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို ခံစားနေရတယ်။
ဖနွမ်းပင်မြို့က စည်ပင်အမှိုက်ပုံကြီးသာသာပဲ။ စစ်ဒဏ်ကနေ ကျန်ရစ်ခဲ့ရတဲ့ အဆောက်အဦးတွေကစလို့ ခနိုခနဲ့၊ ရှုပ်ရှုပ်ထွေးထွေးနဲ့ ကျန်ရစ်သူ လူနေထုဟာ အုံပျက်သွားတဲ့ ပျားကောင်ငယ်များရဲ့ ရှင်သန်မှုလိုမျိုး ဖြစ်နေကြတာတွေ။ ဒီအခါမှာ ထုံးစံအတိုင်းပါပဲ အာဏာရသူနဲ့ ပနံပသင့်ကြတဲ့ လူတန်းစားတွေကပဲ ကြီးပွားနေရယူလျက် ရှိနေကြတယ်။ သူတို့တွေကပဲ ရုန်းကန်နေကြရတဲ့ အောက်ခြေလူတန်းစားကို နည်းလမ်းအမျိုးမျိုးနဲ့ ဂုပ်သွေးစုပ်ပြီး ဖိနှိပ်နေကြပါတယ်။
ဇာတ်ကြောင်းကတော့ ကျေးလက်မှာ လုပ်ကိုင်စားစရာ မရှိတော့လို့ မြို့ပြမှာပဲ ကြိုတင်ငွေနဲ့ ကုန်ပစ္စည်းတခုလို ရောက်ရှိလာတဲ့ ခမာကျေးလက်သူ လှပျိုဖြူကလေးနဲ့ ခမာစစ်ပွဲကနေ ပြန်လာတဲ့ စစ်ပြန်လူငယ်တယောက်ရဲ့ အခြေအနေကို ပြဆိုရင်း သူတို့တွေကနေတဆင့် မြို့ပြလူနေမှုရဲ့ ဘဝအခြေအနေတွေကို ဆင့်ပွားတင်ပြတာ ဖြစ်ပါတယ်။
ဆဗားနားဆိုတဲ့ စစ်ပြန်လူငယ်မှာလည်း စစ်ပွဲက အသက်မပျောက်ဘဲ ပြန်လာပေမဲ့ လက်ကျန်ဘဝသစ်တွေက စစ်ပွဲတွင်းကထက်တောင် မသေချာမရေရာ ဖြစ်နေရတယ်။ ပြန်လာတော့ မိသားစုတွေအကြားမှာလည်း ကိုယ်စီအနာတွေနဲ့။ အများစုသော မိသားစုတွေမှာ ဒီစစ်ဒဏ်ကြောင့် မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ကြရတယ်။ အချို့ကတော့ သေသလား ရှင်သလားလည်း မသိကြရ။ သူတို့ကိုလိုက်ရှာရင်း စိတ္တဇတွေနဲ့ ဘဝနေ့ရက်တွေကို ဖြတ်သန်းကြရသူတွေ။
ဆဗားနားက အဲဒီလိုအခြေအနေမှာပဲ စားသောက်ဆိုင်တွေထဲမှာ ဖျော်ဖြေသူကလေးဖြစ်နေရတဲ့ ဘားမယ်ကလေး သူမကို တွေ့ရှိလိုက်ရတာ ဖြစ်တယ်။ ချစ်ကျွမ်းဝင်ပြီးတဲ့နောက်မှာ ဘဝတခု ထူထောင်ဖို့က ပိုလို့ခက်ခဲတာကို သိလာရတယ်။ ကောင်မလေးရဲ့နောက်မှာလည်း မနိုင်ဝန်ထမ်းထားရတဲ့ မိသားစုကြီး ရှိနေတယ်။ ဆဗားနားတယောက် သူမနဲ့အတူ ကျေးလက်ကို လိုက်သွားတော့လည်း ဒီစစ်ပွဲဂယက်ကနေ မလွတ်မြောက်ကြသူချည်းဘဲ မြင်ရပြန်တယ်။ သူတို့ဖခင်ကလည်း စစ်ပွဲထဲမှာပဲ အသက်ပေးခဲ့ရတယ်။ မိခင်ကြီးက ဒါတွေကြောင့် စိတ်မမှန်ရှာတော့။ နေ့ညမဟူ ကယောင်ကတမ်းအော်ဟစ်ပြီး ရောက်ရာပေါက်ရာကို ထွက်ပြေးနေလို့ ဖြစ်မှာပေါ့။ ခြေထောက်ကို သံခြေကျင်းတပ်ပြီး သော့ခတ်ပေးထားရပါတယ်။ သမီးနဲ့ သမက်လောင်းဖြစ်သူကို မြင်တော့ သည်းလှိုက်အူလှိုက် ငိုကြွေးရှာတယ်။ ကောက်ရိုးသက်ကယ်မိုး ခြေတံရှည်နဲ့ ခနိုခနဲ့ အိမ်ကလေးထဲမှာလည်း ကျန်ရစ်တဲ့ သားသမီး မောင်နှမတွေ ဘုစုခရုတွေက တပုံတပင်နဲ့။ ဒီမွေးချင်းသားချင်းကလေးတွေ အူစိုစိုနဲ့ စားနိုင်ဖို့အတွက် ကောင်မလေးခမျာမှာ သူ့ခန္ဓာကိုယ်ကို ပေါင်နှံထားရတာ။
သူ့ရဲ့ချစ်သူက မိသားစုတာဝန်တွေကို ပုခုံးထမ်းနိုင်ဖို့အတွက် မြို့ပြထဲကို ထွက်လာခဲ့ရတာ။ သူ့ဘဝကို အသုံးတော်ခံ ပစ္စည်းတခုအဖြစ် ရောင်းချခံလိုက်ရတာ။
ဆဗားနားအနေနဲ့ ချစ်သူနဲ့အတူ လွတ်လပ်စွာ ပေါင်းဖက်ချင်ရင် သူမကို ထိန်းချုပ်ထားတဲ့သူတွေဆီကနေ ပိုက်ဆံနဲ့ပြန်ရွေးမှ လွတ်မြောက်ခွင့်ရမှာ ဖြစ်တယ်။ ဒီတော့ သူ့မှာ ပိုက်ဆံရပြီးရော လက်ဝှေ့တက်ထိုးတာတို့၊ သားသ_တ်အလုပ်တွေမှာ ဝက်ပေါ်တဲ့ သားသ_တ်သမားတယောက်အဖြစ် ဝင်ရောက် လုပ်ကိုင်တာတို့ စသဖြင့်ပေါ့လေ။
ရုပ်ရှင်ကြည့်ပရိသတ် ကျနော့်မှာတော့ အရင်လက်ရာ Rice People ကို ကြည့်ရသကဲ့သို့ပါပဲ။ ဆက်တိုက် တန်းမကြည့်နိုင်။ ကြည့်နေရင်း ဆို့နင့်နာကျင်ရပါတယ်။ ခမာပြည်သူတွေဘဝကလည်း ခုတိုင်အောင် ကျနော်တို့ ဗမာနိုင်ငံသားတွေနဲ့ ဘာများ ခြားနားသေးလို့လဲ။ ဆိုးယုတ်တဲ့လူတွေရဲ့ ဖိနှိပ်အမြတ်ထုတ်မှုအောက်မှာ ပိပြားလျက် ရှိနေကြတုန်းပဲ။ ကျနော်တို့ကဲ့သို့ ထိုင်းနိုင်ငံထဲမှာပဲ အောက်ခြေအလုပ်သမားများအဖြစ် ရွှေ့ပြောင်းအခြေချရင်း ရေကြည်ရာ မြက်နုရာ ရှင်သန်နေကြရတယ်။
ခုဆိုရင် ဆင်းရဲကြတာချင်းမှန်ပေမဲ့ သူတို့က သက်သာရာရဦးမယ်တောင် မှတ်ထင်မိပါတယ်။ တိုင်းသူပြည်သားတွေအပေါ် အနည်းအပါးကလေးမှ ကိုယ်ချင်းစာစိတ်မရှိကြတဲ့ လူစုတ်လူယုတ်တွေက ယခုအချိန်ထိ ကိုယ့်ပြည်ကို နင်းချေ ဖျက်ဆီးပစ်နေကြတယ်။ ယခုရုပ်ရှင်ထဲကပြသတဲ့ ခေတ်အခြေအနေတွေ၊ နာကျင်ဆိုးယုတ်မှုတွေဆီကိုပဲ ပြန်ပို့ဖို့ ကြိုးစားလျက်ရှိနေကြတယ်။ ဒါတွေကို မခံရပ်နိုင်ကြတော့တဲ့ မျိုးဆက်သစ်လူငယ်တွေမှာ နုနယ်သောစိတ်နှလုံးသားအပေါ်ကို ဒဏ်ရာပေါင်းများစွာ ရရှိ အနာကျင်ခံပြီး သမိုင်းဆိုးကြီး ထာဝရ ပပျောက်ဖို့ ကြိုးပမ်းလျက် ရှိနေကြတယ်။
တကယ်လို့ ပြောင်းလဲသွားရင်ကော၊ မအလဦးဆောင်သော စစ်အာဏာရှင်တွေ ပြုတ်ကျသွားခဲ့ပြီ ဆိုပါစို့။ ကျနော်တို့ပြည်မှာ ယခုရုပ်ရှင်ထဲကပြတဲ့ ဖောက် ပြန်ရေး လူတန်းစားတွေကပဲ ဆက်လက်ကြီးစိုးရင်း အနိုင်ကျင့် ဖိနှိပ်နေဦးမလား၊ တွေးရင်း ရင်မောရ။ စစ်ပွဲကပေးလိုက်တဲ့ ဒဏ်ရာတွေက အဆိပ်များသဖွယ် နုနယ်သောလူငယ်များရဲ့ ဘဝ‌တလျှောက်ထဲကို အတွင်းသားနက်နက်အထိ ထိုးသွင်းပစ်ကြပါဦးမယ်။ ဒီဒဏ်ရာတွေကို ခါးစည်းခံရင်း လူ့ဘဝကို တည့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့ ကျနော်တို့တိုင်းပြည်က မျိုးဆက်သစ် လူငယ်ကလေးတွေ ကြံ့ခိုင်နိုင်စေအောင် သင်ယူကြရပါဦးမယ်။
စစ်ကြီးပြီးစ ညနေခင်းများမှာ နှင်းတွေပဲ ဝေနေမယ်လို့ ကျနော်မထင်ပါဘူး။ မပြယ်သေးတဲ့ ယမ်းခိုးယမ်းငွေ့များထဲမှာ ဆာဗားနားတို့လို စစ်ဒဏ်ရာ ဗလပွနဲ့ လူငယ်တွေ ဘယ်လောက်တောင် လမ်းပျောက်နေကြရဦးမလဲ။ ဖောက်ပြန်ကြသူများရဲ့ သွေးသားဈေးကွက်ထဲမှာ ရောင်းချခံလိုက်ရတဲ့ လှပျိုဖြူကလေးတွေကရော ဘယ်လောက်များအထိတောင် ရှိလာကြဦးမှာလဲ။ ထွက်ခွာကြသူတွေကို တမ်းတရင်း ငိုမြည်းနေကြရသူတွေရဲ့ ညည်းသံတွေက စစ်ပြီးစ ညနေခင်းတွေထဲမှာ ဘဝဂ်ထိတိုင် ညံနေကြဦးမယ်။ နေရာပျောက်နေကြတဲ့ ဝိညာဉ်တွေဟာ တစမြေလိုဖြစ်သွားတဲ့ အိုးပျက်အိမ်ပျက်တွေအကြားမှာ ကယောင်မူးဝါးနဲ့ လျှောက်လှမ်းနေကြရဦးမယ်။ ဘာသာတရား သက်ဝင်ယုံကြည်သူတွေဟာ ငိုကြွေးသံမစဲနဲ့ပဲ ကြေးစည်ထုဖိတ်ခေါ်ရင်း နေရာပျောက်နေတဲ့ ဝိညာဉ်တွေအတွက် ကောင်းကင်ဘုံတနေရာကို ရှာပေးနေကြရဦးမယ်။ ဒီလိုနဲ့ပဲ စစ်ကြီးပြီးစ ညနေခင်းတွေက အက်ကွဲမှောင်ရီတဲ့ တိမ်မည်းညိုရိပ်တွေကပဲ ကလူဖုံးလွှမ်းနေလိမ့်ဦးမယ်။ နေရာတိုင်းဟာ မှောင်ရီတိတ်ဆိတ်ရင်း အံကြိတ်နာကျင်ရင်း ကျလာတဲ့ အပူမျက်ရည်များနဲ့ပဲ ညနက်နက်တွေထဲကို ကူးခပ်ကျော်လွှားနိုင်ဖို့ ကြိုးစားကြရလိမ့်မယ်။
အိပ်မက်တွေ မက်ကြရင်လည်း အတိတ်ထဲက ဒဏ်ရာတွေ လာရောက်တူးဆွရင်း စစ်ရဲ့မိစ္ဆာတွေ အောင်ပွဲခံနေကြသလို ရယ်မော ခြောက်လှန့်နေကြပါဦးမယ်။
ဒီရုပ်ရှင်ထဲက စစ်ပြီးစ ညနေခင်းများကတော့ ရယ်သံအသေတွေနဲ့ပဲ အတိပြီးနေရတာ အမှန်ပေါ့။
ရုပ်ရှင်ရည်ညွှန်း – One Evening After The War Movie (1998)
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*