
‘စစ်က ခင်ဗျားကို’

တကယ်တော့ စစ်ဟာ တစ္ဆေလိုပဲ ခင်ဗျားနားမှ ပေါ်လာလိုက်ပျောက်သွားလိုက် ခင်ဗျားစစ်ဆိုတာမရှိနိုင်ဘူးလို့ယုံကြည်တဲ့ဝန်းကျင်မှာ စစ်ဆိုတာတိတ်တဆိတ် ရှိနေတတ်ပြီး ခင်ဗျား စစ်ရှိမယ်ခံစားရတဲ့ အခင်းအကျင်းမှာ စစ်က တကယ်မရှိနေနိုင်တာမျိုးပေါ့။
ဒါဟာ ခင်ဗျား စစ်အပေါ်နားလည်ထားမှု/ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ဆိုင်မှာပဲ။
တကယ်တော့ ခင်ဗျားကိုယ်တိုင်စစ်ပွဲအများကြီးတိုက်ပီး နိုင်ခဲ့/အောင်မြင်တယ်လို့ပြောလို့ရတဲ့သတစ်ယောက် ဖြစ်ချင်လည်းဖြစ်ခဲ့မယ်။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် မသိလိုက်မသိဘာသာ ရှုံးခဲ့တဲ့စစ်ပွဲတွေလည်း ဒုနဲ့ဒေးပဲ။
ခင်ဗျားက ဒုတိယကမ္ဘာစစ်လို စစ်ပွဲကိုကြုံချင်မှကြုံလိမ့်မယ်၊ ဒါမှမဟုတ် ပြည်တွင်းစစ်လိုဟာမျိုးကို အကြိမ်တစ်ရာမှာတစ်ကြိမ်မှမကြုံခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ခင်ဗျားဟာ စစ်ပွဲအလီလီကိုကြုံခဲ့တယ်ဆိုတာလည်း ခင်ဗျားသတိမထားလိုက်မိတာဖြစ်ကောင်းဖြစ်မှာပါပဲ။
ယေဘုယျအားဖြင့်တော့ ဘက်နှစ်ဘက် လက်နက်ကိုင်ဆွဲ စစ်ပွဲထဲမှာ ခင်ဗျားကိုယ်တိုင် ဘက်တစ်ဖက်မှာ ပါဝင်တိုက်ခိုက်နေရတာကိုပဲ စစ်ပွဲကြုံတွေ့နေရတယ်လို့ သတ်မှတ်မယ်ဆို အဲ့လိုကြုံတွေ့ခွင့်ရတဲ့ခင်ဗျားဟာ ကြီးမြတ်တဲ့လူသားပဲ (ဒါမှမဟုတ်) ခင်ဗျားဟာ ကံအတော်ဆိုးတဲ့လူသားပဲ။ ခင်ဗျား တစ်ဖက်ဖက်မှာရပ်တည်တိုက်ခိုက်ရင်း တခြားတစ်ဖက်ကလူကိုလိုအပ်ချက်အရ ဇီဝိန်ချုပ်ဖို့၊ နှိပ်စက်ညှင်းပန်းဖို့၊ ဖမ်းဆီးတုပ်နှောင်ဖို့၊ စစ်ဆေးမေးမြန်းဖို့၊ ပြုစုစောက်ရှောက်ဖို့၊ ဖျောင်းဖျနားချဖို့၊ ကြင်နာသနားဖို့၊တစ်သီးပုဂ္ဂလဘဝတစ်ခုကိုလွတ်ရာလွတ်ကြောင်းဖြစ်ဖို့ (သို့မဟုတ်) မလွတ်ရာမလွတ်ကြောင်းဖြစ်ဖို့ ခင်ဗျားဆုံးဖြတ်တွေဝေရတော့မယ်။ ခင်ဗျားတစ်ဖက်ဖက်အပေါ်မှာ ယုံကြည်မှု မြင့်ရင်မြင့်သလောက်ခင်ဗျား ဆုံးဖြတ်ချက်ကပြတ်သားမယ်။ ခင်ဗျားတွေဝေနေရင်ခင်ဗျားဖက်ကတခြားသူတစ်ဦးကခင်ဗျားကိုလှောင်ပြောင်သရော်မှာ၊လှောင်ပြောင်သရော်ဖို့အချိန်မရရင်ခင်ဗျားကိုပစ်သတ်မှာပဲ။ ဒါပေမယ့်ခင်ဗျားအရမ်းပြတ်သားစွာဆုံးဖြတ်လိုက်တဲ့ဘယ်ဆုံးဖြတ်ချက်ကိုမဆို နောင်နှစ်ပေါင်း တစ်ရာ(ဒါမှမဟုတ်)နှစ်ရာ/တစ်ထောင် ကြာတဲ့အခါ ဝေဖန်ခံရတာမျိုးသော်လည်းကောင်း၊ ချီးကျူးထောပနာပြုခံရတာသော်လည်းကောင်း တစ်ခုခုဖြစ်မယ်၊ မသေချာဘူး။ ဘာပဲဖြစ်ဖြစ်ခင်ဗျားအဲ့နေရာမှာရှိနေတဲ့အတွက်(ဝါ) အဲ့လိုဆုံးဖြတ်လုပ်ကိုင်ခွင့်နေရာမှာခင်ဗျားရှိနေတဲ့အတွက် လတ်တလော အဲ့ဆုံးဖြတ်လုပ်ကိုင်ခွင့်မရှိတဲ့သူတွေကတော့ ခင်ဗျားကိုအားပေးအားမြှောက်(သို့မဟုတ်) ဝေဖန် ကဲ့ရဲ့တာတွေလုပ်ဖို့ရှိနေမှာပဲ။ ဆိုတော့ ခင်ဗျားကိုယ်ခင်ဗျား မပိုင်တော့ဘူး။ ဒါမှမဟုတ်၊ ခင်ဗျားက ကမ္ဘာကြီးကိုပိုင်တယ်။ ခင်ဗျားကသမိုင်းကိုပိုင်တယ်။ ခင်ဗျားကခေတ်နဲ့ အနာဂါတ်ကိုပိုင်နေတဲ့ အခိုက်အတန့်မျိုးလည်းဖြစ်နိုင်တယ်။
လူမျိုး/လူအဖွဲ့အစည်းတစ်ခုရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်ယုံကြည်မှုကို အချိုးအကွေ့တစ်ခုဖန်တီးနိုင်စွမ်းရှိသူလည်း ဖြစ်နေနိုင်တယ်။ ဆိုတော့ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျားထက် တခြားသူတွေကပဲခင်ဗျားကိုပိုင်တော့တယ်။ (ဒါမှမဟုတ်) တခြားသူတွေဘဝကို ခင်ဗျားပိုင်တယ်။
စစ်ပွဲတစ်ခုမှာ ပါဝင်ပတ်သတ်ခြင်းဟာ ခင်ဗျားကိုယ်ခင်ဗျားပိုင်စိုးမှုကို ချဲ့ထွင်ခြင်းလား (or) တုပ်နှောင်ခြင်းလား ခင်ဗျားမသဲကွဲတော့ဘူး။ (လွယ်လွယ်ပြောရရင် စစ်ပွဲတစ်ပွဲက ခင်ဗျားကိုကြီးထွားစေတာလား ကျုံလှီစေတာလား မသဲကွဲတော့တာ)
ခင်ဗျားက ခင်ဗျားတစ်ယောက်တည်းကို ကိုယ်စားမပြုနေဘဲ လူ့အဖွဲ့အစည်းတစ်ရပ်ကို ကိုယ်စားပြုနေခြင်းက ခင်ဗျားကိုမွန်းကြပ်စေတာလား/ ပျော်မွေ့စေတာလား မသဲကွဲတော့ဘူး။ ခင်ဗျား က ခင်ဗျားရဲ့အတ္တကိုလူ့အဖွဲ့အစည်းအတွက်ဆိုပြီး ပုံချလွှဲပြောင်းခြင်းလား ၊ လူ့အဖွဲ့အစည်းရဲ့ဆန္ဒကို ကိုယ်စားဝင်အနစ်နာခံခြင်းလား ခင်ဗျားမသဲကွဲတော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ (စစ်ပွဲကြောင့်) ခင်ဗျားဟာ ခင်ဗျားကိုယ်ခင်ဗျားပျောက်ဆုံးလာတာသော်လည်းကောင်း၊ ဟိုးအတွင်းထဲက ခင်ဗျားအစစ်အမှန်ကိုပြန်တွေ့လာတာသော်လည်းကောင်းဖြစ်နိုင်တာပဲ။ တကယ်တော့ ခင်ဗျားပြန်တွေ့လာတာကလည်း အစစ်အမှန်မဟုတ်သလို ခင်ဗျားပျောက်ဆုံးနေတယ်ဆိုတာလည်း တကယ်မဟုတ်တာမျိုးဖြစ်နေနိုင်တာပဲ။ ကျနော်တစ်ခါရေးခဲ့ဖူးတဲ့စာတစ်ပုဒ်ထဲကလို “ဒါပေမယ့် ကံဆိုးတဲ့ငါက အဲ့ဘက်အိမ်မှာ ပစ္စည်းတစ်ခုမေ့ကျန်ခဲ့လေရဲ့။ ဒေါင်းတောက်အောင်ရှာရင်းနဲ့မှ ငါသိလာတာက ငါဘာပစ္စည်းမှမကျန်ခဲ့ဘူးဆိုတာပဲ။ ငါပြန်မယ်လုပ်တော့ အဲ့အိမ်ကဦးလေးကြီးက ငါ့ခြေထောက်ကို လှမ်းဆွဲထားတယ်။ပြီးတော့ ငါ့မျက်နှာကို ဝါးအောင်လုပ်ပစ်လိုက်တယ်၊ ဂျပန်ပွန်းကားထဲကအင်္ဂါတွေလို။ အားလုံးကငါ့က်ိုထားခဲ့တယ်။ ငါကမျက်နှာဝါးလျက်ကြီးနဲ့ ကျန်ခဲ့” ဆိုသလိုပေါ့။ နောက်ဆုံးတော့ ခင်ဗျားက မျက်နှာအဝါးကြီးနဲ့ ကျန်ခဲ့တာမျိုး (ဒါမှမဟုတ်) ခင်ဗျားကလွဲရင် အားလုံးက မျက်နှာအဝါးကြီးနဲ့ ကျန်ခဲ့တာမျိုးပေါ့။ စစ်ကြီးပြီးရင်ပေါ့….
2nd July 2024
Be the first to comment