စစ်ဆင်ရေး အပိုင်း ၃

by The Call

⁨⁩⁨”စစ်ဆင်ရေး အပိုင်း ၃”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

၂၀၂၅ ဇူလိုင် ၃၁ စကစက ကာလုံကို အာဏာပြန်လွှဲပေးပြီးတဲ့နောက်ပိုင်း တလချင်း တပတ်ချင်းစီ ရေးခဲ့သမျှကို လက်ရှိအနေအထားတွေနဲ့ ကြည့်ပြီး ပြန်လည်တင်ပြသွားပါမယ်။

‘သြဂုတ်လ’
မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာသွားခဲ့တယ်။ ကြေညာထားတဲ့ မြို့နယ်အရေအတွက်နဲ့ ပြည်နယ်တိုင်းတွေအရ စစ်တပ်ယူဆထားပုံက ရှမ်းကို တရုတ်နဲ့ ထိန်းထားနိုင်တယ်၊ ရခိုင် စစ်ကိုင်းနဲ့ ချင်းတွေမှာ တော်လှန်ရေးက အများစု ထိန်းချုပ်ထားတာကို လက်ခံထားတဲ့သဘော တွေ့ရပြီး ကချင်နဲ့ မကွေးမှာ သူတင်ကိုယ်တင် တိုက်ကြရမယ်။ ကရင်နီ၊ မန္တလေးနဲ့ ကရင်ကို တတ်နိုင်သလောက် ထိန်းထားနိုင်တယ် ဆိုတဲ့သဘောပဲ။ ဒီသဘောတရားဟာ ၃ လ ကြာလာတဲ့အထိ အပြောင်းအလဲ မဖြစ်သေးတာ တွေ့ရတယ်။ ဗန်းမော်တိုက်ပွဲနဲ့ ရခိုင်ကနေ မကွေးကိုဝင်တဲ့ တိုက်ပွဲတွေဟာ အခရာကျနေဆဲ ပြင်းထန်နေဆဲပဲ။

NRA အသံထွက်လာပေမယ့် အချိန်တိုအတွင်း တိမ်မြုပ်သွားတာ တွေ့ရတယ်။ သို့ပေမယ့် နုဂျီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ခံရမှု မြင့်တက်လာတာကို ထင်ရှားစွာ တွေ့မြင်ခဲ့ရတယ်။ မြန်မာနိုင်ငံရေးနဲ့ တော်လှန်ရေးမှာ ပါဝါအသစ်နဲ့ အဟောင်းအကြား ပြန်လည်ချိန်ဆပြီး ဟန်ချက်အသစ်ကို ရှာဖွေနေချိန်ဖြစ်တယ်လို့ သုံးသပ်ခဲ့တယ်။ ဒီဟန်ချက်ကို မရနိုင်သေးတာကလည်း အရင်လိုပဲဆိုတာ တွေ့မြင်နေရဆဲဖြစ်တယ်။

သြဂုတ်လထဲ ထူးခြားတဲ့ သတင်းတခုက ‘ဝ’ ကနေ MNDAA၊ TNLA နဲ့ SSPP တို့ကိုခေါ်ပြီး အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ်၊ ဒါ့ကြောင့် စစ်လက်နက်နဲ့ ငွေကြေးအထောက်ပံ့ ပြုမှာမဟုတ်တော့ဘူးလို့ အသိပေး ပြောဆိုလာတာဖြစ်တယ်။ တရုတ်ဖိအားဟာ ယေဘုယျမှာ တော်လှန်ရေးတခုလုံးဆီကို ဦးတည်လာပြီး အထူးသဖြင့် TNLA ကို ပိုပြီး ဖိအားပေးလာနိုင်တာ တွေ့ရတယ်။ လက်ရှိအနေအထားနဲ့ ပြောင်းလဲသွားတာတခုက ကျောက်မဲကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တယ်။ တအာင်းနဲ့ စကမ ဆွေးနွေးပွဲ အဖြေမရဘဲ ပြီးဆုံးခဲ့ပေမယ့် တအာင်းအနေအထားဟာ နယ်မြေအပေးအယူ၊ တည်ငြိမ်ရေး၊ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေးအကြား ချင့်ချိန်နေဆဲဖြစ်တယ်လို့ သုံးသပ်ခဲ့တယ်။

သြဂုတ်အတွက် အရေးကြီးတဲ့ သုံးသပ်ချက် နှစ်ခုကို ပြောပါဆိုရင်တော့ စစ်မှုထမ်းပြဿနာအတွက် စစ်မှုထမ်းစစ်သားတွေ ထွက်ပေါ်လာမှ ဖြေရှင်းတာထက်စာရင် ဂိမ်းကို ဒီ့ထက်မြင့်တဲ့ အဆင့်တနေရာကနေ ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာနဲ့ ကျောက်ဖြူနဲ့ ဗန်းမော်စစ်ပွဲတွေကို အထောက်အကူဖြစ်မယ့် တိုက်ပွဲတွေကို ဗမာစစ်တိုင်းတွေအတွင်း တိုက်ဖို့လိုမယ် ဆိုတာဖြစ်တယ်။

‘စက်တင်ဘာ’
စက်တင်ဘာလဆန်းက ဘေဂျင်းမှာ ဂျပန်ကျူးကျော်စစ် (၁၉၃၁-၄၅) ကို အောင်မြင်တဲ့ တရုတ်ခုခံစစ် နှစ် ၈၀ ပြည့် အခမ်းအနားအဖြစ် ဖော်ပြခဲ့တယ်။ တဆက်တည်းအနေနဲ့ ဒီအခမ်းအနားကနေ အသံတွေထွက်နေတဲ့ ရှီကျင်းပင်ရဲ့ ပြည်တွင်း ပါဝါအကျပ်အတည်းကို မှန်းဆကြည့်ခဲ့တယ်။ အပြောင်းအလဲတချို့ တွေ့ရနိုင်ခြေရှိမရှိကို အောက်တိုဘာလ (ဒီလထဲ) မှာ ကျင်းပမယ့် ၄ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို စောင့်ကြည့်ဖို့လိုမယ်လို့ တင်ပြခဲ့တယ်။

စက်တင်ဘာထဲ နောက်ထပ် သတင်းတပုဒ်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့အသံလွှင့်ဌာနဖြစ်တဲ့ PVTV နဲ့တွေ့ဆုံခန်းမှာ NUG ကာကွယ်ရေးဝန်ကြီးက တော်လှန်ရေး အလှည့်အပြောင်းဖြစ်ဖို့ အထွေထွေထိုးစစ်ကို မဖြစ်မနေလုပ်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာဖြစ်တယ်။ ဒါကို မြန်မာ့ ပထဝီနိုင်ငံရေးရှုထောင့် (ဗဟိုစစ်တိုင်း၊ ဝိုင်းပတ်စစ်တိုင်းနဲ့ အနားသတ်နယ်မြေတွေ ဆိုတဲ့ထောင့်) ကနေ ချိန်ဆကြည့်ခဲ့တယ်။ စစ်တပ်ရဲ့ နေရာပေါင်းစုံကို လှည့်ပတ်တိုက်နေတာမှာ ရွေးကောက်ပွဲမတိုင်မီ ထိန်းချုပ်နယ်မြေတွေ ပြန်ရလာ‌ဖို့နဲ့၊ တရုတ်ဘက်က အားရှိရှိ ဆက်လက် ရပ်တည် ထောက်ခံပေးနေအောင် ဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။ ဗဟိုစစ်တိုင်းတွေနဲ့ ဝိုင်းပတ်စစ်တိုင်းတွေမှာ စစ်တပ်က အရေးသာနေသမျှ စစ်တပ်ရဲ့ ဗဟိုအာဏာစီးဆင်းမှုဟာ ရပ်တန့်မသွားနိုင်ဘူးလို့ ကောက်ချက်ချခဲ့တယ်။

စက်တင်ဘာလဝက်မှာ အရေးပါတဲ့ သတင်းတခုက စကမဘက်က ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေကို ကြေညာခဲ့တာဖြစ်တယ်။ မြို့နယ် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ထည့်သွင်းမထားတာ တွေ့ခဲ့ရတယ်။ ဒီကြေညာချက်နဲ့ ဆက်စပ်ပြီး ကချင်မျှခြေဟာ ဗန်းမော်၊ ရွှေကူကနေ ကသာ (စစ်ကိုင်း) အထိ ဧရာမြစ်ကြောင်းတလျှောက်နဲ့ အင်းတော် (စစ်ကိုင်း)၊ မိုးညှင်းကနေ အင်းတော်ကြီးတဝိုက်၊ အဲဒီကမှ ဖားကန့်အထိ၊ စစ်ကိုင်းနဲ့ဆက်စပ်နေတဲ့ ကချင်အနောက်ဘက်တကြောပေါ် မူတည်နေတယ်လို့ သတ်မှတ်ခဲ့တယ်။ တနည်း ကချင်စစ်မျက်နှာကို စစ်ကိုင်းနဲ့ ပူးတွဲပုံဖော်ဖို့ လိုတယ်လို့ သဘောထားပေးခဲ့တာဖြစ်တယ်။

စစ်တပ်ရဲ့ ၂၀၂၅ တန်ပြန်စစ်ကြောင်းထိုးတဲ့အခါ သာလွန်စစ်အင်အားကို အသုံးမပြုနိုင်ရင်၊ စနစ်တကျ (ဆိုလိုတာက ဒရုန်းအသုံးပြုမှု၊ ထောက်လှမ်းရေးသတင်း စတဲ့) ကြိုတင်ပြင်ဆင်မှုတွေ မလုပ်လာခဲ့ရင်၊ စစ်တပ်ဘက်က စစ်ပွဲအများစုမှာ အရင်လို ရှုံးနိမ့်မြဲလို့ ကောက်ချက်ချခဲ့တယ်။ အမေရိကန်ရဲ့ အာဖဂန်စစ်စခန်း ပြန်လည်ရယူလိုမှုနဲ့အတူ အာရှအလယ်ပိုင်းနဲ့ တောင်အာရှဒေသတွေမှာ အမေရိကန်ပေါ်လစီ အပြောင်းအလဲတခု ဖြစ်ထွန်းနေလို့ စောင့်ကြည့်လေ့လာဖို့ လိုအပ်မယ်လို့ နိုင်ငံတကာ အနေအထားတခုကို ဖော်ပြခဲ့တယ်။

ဒီအချက်ဟာ ရခိုင်ကို အေအေခေါင်းဆောင်မှု ပြန်ဝင်လာချိန်နဲ့အတူ အနောက်ဘက်စစ်မျက်နှာဟာ ပြည်နယ်၊ ပြည်တွင်းနဲ့ နိုင်ငံတကာအနေအထားတွေ ရောယှက် ရှုပ်ထွေးမသွားဖို့ လိုတယ်လို့ တင်ပြလိုရင်းဖြစ်တယ်။

‘အောက်တိုဘာ’
အောက်တိုဘာလဆန်းတာနဲ့ ကျောက်မဲကို စစ်တပ်က ပြန်သိမ်းယူသွားခဲ့တယ်။ စစ်တပ်တွင်း ဖွဲ့စည်းပုံ အပြောင်းအလဲတခုဖြစ်ခဲ့ပြီး နေပြည်တော် ကစထ ၆ ကို ဖျက်သိမ်းတယ်။ တပြိုင်တည်းမှာ ကစထ ၅ ကို အရင်အထိုင်ဖြစ်တဲ့ ရန်ကုန်၊ ဧရာဝတီကနေ မန်း-မကွေး-ပဲခူးဒေသတွေ (တနည်း တိုင်း ၇ တိုင်းမှာ စစ်ကိုင်းနဲ့ တနင်္သာရီကလွဲလို့) ကျန်တိုင်းတွေကို အခိုင်အမာ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ဒါဟာ စစ်တပ်ဘက်က နားလည်ထားတဲ့ စစ်ပွဲက ပထဝီနိုင်ငံရေးပေါ် ရိုက်ခတ်ပုံလို့ သုံးသပ်ရမှာဖြစ်တယ်။

၂၀၂၃ မေလပိုင်း၊ ကရင်နီမှာ မယ်စဲ့ကျပြီးတဲ့နောက်ပိုင်း ပြောက်ကျားစစ်ကနေ စစ်ဆင်ရေးတွေကို ကူးပြောင်းတဲ့အကူးအပြောင်းကာလ အစပျိုးခဲ့တယ်။ ၂၀၂၃ အောက်တိုဘာ ၁၀၂၇ စစ်ဆင်ရေးဟာ အပိုင်း ၂ ပိုင်းရှိပြီး ပထမပိုင်းက ကိုးကန့်၊ ဒုတိယပိုင်းက တအာင်းဆိုတဲ့ ရှမ်းမြောက်အောင်ပွဲတွေကို တွေ့ရမှာဖြစ်တယ်။ နောင်ချို၊ ကျောက်မဲကိုစစ်တပ်က ပြန်လည်သိမ်းယူပြီး ၁၀၂၇ ဒုတိယပိုင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ မန်းမြောက် (မိုးကုတ်၊ သပိတ်ကျဥ်း၊ စဥ့်ကူး၊ မတ္တရာ) မှာ ခုချိန်ထိ စစ်ဟာ သိမ်းလိုက် ဆုတ်လိုက် လွန်ဆွဲနေဆဲဖြစ်တယ်။

စစ်တပ်ကသာ သိန္နီကို လားရှိုးလို တကယ် ဖိအားပေး တောင်းနိုင်ခဲ့ပြီဆိုရင် ၁၀၂၇ ပထမတပိုင်းလုံးဟာ မျှခြေတခုကို ပြန်ရောက်သွားတယ်လို့ သုံးသပ်နိုင်မယ်။ သီပေါကို စစ်တပ်ကပြန်ရလို့ မန်း၊ လားရှိုး၊ သိန္နီအထိ ကုန်သွယ်ရေးလမ်းမကြီး ပြန်ပွင့်၊ မန်းမှာ မိုးကုတ်နဲ့ ရှမ်းမှာ နမ္မတူတဝိုက်ကိုသာ စစ်တပ် ပြန်ရောက်လာပြီဆိုရင် ၁၀၂၇ ဒုတိယပိုင်းဟာလည်း မျှခြေတခုကို ပြန်ရောက်သွားမယ့် သဘောပဲဖြစ်တယ်။

သို့ပေမယ့် တော်လှန်ရေးရဲ့တကယ့်လိုအပ်ချက်ဖြစ်တဲ့ ဗမာစစ်တိုင်းတွေအတွင်းကို စစ်ပွဲတွေ ရောက်ရှိလာတာဟာ ရှမ်းမြောက်ကိုကျော်လွန်တဲ့ ၁၀၂၇ ရဲ့ အကျိုးကျေးဇူးဖြစ်တယ်။ ၁၀၂၇ ဟာ တော်လှန်ရေးရဲ့ အဓိက လှေခါးတခု ဖြစ်ခဲ့တယ်။ အဆင့်တခုကို မြှင့်တင်ပေးခဲ့ပြီး ခုချိန်မှာ အသုံးမပြုနိုင်တော့သလိုဖြစ်တယ်။ ၁၀၂၇ အလွန် တော်လှန်စစ်ဟာ ကချင်နဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်တွေကို အားပြုရင်း ဗမာစစ်တိုင်းတွေကို ဝင်ရောက်လာတယ်။ ဒါကြောင့် ကျောက်ဖြူနဲ့ ဗန်းမော်စစ်တွေဟာ၂၀၂၅ အတွင်း အောင်မြင်ဖို့ အရေးပါတယ်လို့ သုံးသပ်ရတာဖြစ်တယ်။

ရခိုင်ကနေ ပြည်မကိုဝင်တဲ့ အမ်း၊ ပဒန်း အဓိကလမ်းကြောင်းက စစ်တပ်ရဲ့ နတ်ရေကန် အထိုင်စခန်းကို  အောက်တိုဘာ ၁၁ က သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ရှမ်းအဆုတ်နဲ့ မကွေးအတက်ဟာ တပြိုင်တည်း ဖြစ်လာတဲ့သဘောပါပဲ။ ရှေ့မှာ ဂွ-ငသိုင်းချောင်း လမ်းထက်စာရင် တောင်ကုတ်-ပြည် လမ်းကြောင်းဟာ ပဲခူးတိုင်းကိုအားဖြည့်ဖို့ ပိုပြီး အခရာကျနိုင်တယ်။

တော်လှန်ရေးရဲ့ ဒုတိယအဆင့် စစ်ဆင်ရေးမှာ ပိုပြီး အဓိကကျလာတယ်လို့ ယူဆရတဲ့ စစ်တိုင်းတွေကို အပိုင်း ၃ ပိုင်းခွဲကြည့်မယ်ဆိုရင် ရှမ်းမြောက်၊ ရခိုင်နဲ့ မကွေး-ပဲခူး ဆိုပြီးဖြစ်တယ်။ ဒီ ဒုတိယအဆင့် စစ်ဆင်ရေး အပိုင်း ၃ ကို စစ်တပ်ဘက်က ကစထ ၅ နဲ့ တန်ပြန်ဖို့ ပြောင်းလဲလာတဲ့သဘောဖြစ်တယ်။

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကို အနောက်ကနေအရှေ့ အလုံးအရင်းနဲ့ ဖြတ်ကူးနိုင်မယ်၊ ပဲခူးတိုင်းမှာ ပြည်-တောင်ငူ နှစ်ပိုင်းစလုံး ဟန်ချက်ညီညီ အောင်မြင်လာမယ်ဆိုရင် တော်လှန်စစ်ဟာ နောက်ဆုံးအဆင့်ကို ဝင်ရောက်လာပါလိမ့်မယ်။

#ကျော်ဇောခိုင် #NewsAnalysis
#TheCall #ခေါ်သံ⁩

Related Posts

Leave a Comment