
“စစ်တပ်အုပ်စိုးမှုမဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီသာလျှင် မြန်မာ့အနာဂတ်ဖြစ်သည်” ဒူဝါ လရှီးလ
ဘာသာပြန်ဆိုသူ – ကျော်မိုး
(The Jakarta Post သတင်းစာတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ဖော်ပြခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါ လရှီးလ၏ Federal democracy, not military rule, is Myanmar’s future ခေါင်းစဉ်ဖြင့် Op-Ed ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။)
၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှုသည် ရွေးကောက်ခံအစိုးရကို ဖယ်ရှားလိုက်မှုဖြစ်ပြီး ဆယ်စုနှစ်တစုကြာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို နိဂုံးချုပ်စေကာ စစ်အာဏာရှင်စနစ်ကို ပြန်လည်ထူထောင်လိုက်မှုဖြစ်သည်။ ကျွန်ုပ်တို့တိုင်းပြည်သည် အာဏာသိမ်းမှုပေါင်းများစွာနှင့် စစ်အုပ်ချုပ်ရေးကာလများကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်သူများက “လက်မခံနိုင်ဘူး” ဟု ပြောဆိုလိုက်ပြီဖြစ်သည်။ စစ်အုပ်စုကို ပြည်တွင်းကရော၊ ပြည်ပကပါ လက်ခံခြင်းမရှိပေ။ အာဏာသိမ်းလိုက်ပြီး ၂၁ လတာကာလထဲရောက်သည်အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ့်ဘာသာကိုယ် ခန့်အပ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီ၏ ထိန်းချုပ်မှုကို မြန်မာပြည်သူများက အံ့သြသင့်ဖွယ် စိတ်ပိုင်းဖြတ်မှု၊ အထူးထူးသော စွန့်လွှတ်မှုများဖြင့် ခုခံတွန်းလှန်လျက်ရှိသည်။ စစ်အုပ်ချုပ်ရေးအစား ပြည်သူများက ဖက်ဒရယ် ဒီမိုကရေစီကို မြန်မာ့အနာဂတ်အဖြစ် လက်ခံလျက်ရှိပြီး အရပ်သားအစိုးရနှင့် အရပ်ဘက် ထိန်းချုပ်ထားသည့် စစ်တပ်ကိုသာ လိုလားလျက်ရှိသည်။
အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီးတွင် တရားဝင် ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တခြားသော နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ခုခံကာကွယ်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဆန္ဒပြ ဝန်ထမ်းများ၊ သပိတ်ကော်မတီများ အတူတကွ စုစည်းရပ်တည်ခဲ့ကြသည်။ ထို့နောက်တွင် ကျွန်ုပ်တို့ ခုခံတွန်းလှန်မှု၏ ရည်မှန်းချက်များကို ချမှတ်ရန်၊ ကြားဖြတ်အစိုးရ စုဖွဲ့မှုများကို ဖန်တီးရန်၊ အခြေခံဥပဒေသစ်၏ အုတ်မြစ်များ ချမှတ်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းလိုက်သည်။ ယင်းနောက်တွင် ကျွနု်ပ်တို့၏ စုပေါင်းရှုမြင်ချက်များကို ဌာပနာပြု ဖော်ပြထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကိုရေးဆွဲခဲ့သည်။ အဆိုပါ ပဋိညာဉ်အစိတ်အပိုင်း (၁) တွင် ညွှန့်ပေါင်း မိတ်ဖက်ဝင်များ၏ သဘောတူညီချက်ကို ဖော်ပြထားပြီး ယင်းရှုမြင်ချက် ရရှိနိုင်ရေး လမ်းပြမြေပုံကို ထည့်သွင်းထားသည်။ ယင်းတွင် အနာဂတ် ဖွဲ့စည်းပုံ ညီလာခံအရေး၊ ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေအရေး၊ အဆိုပါ အခြေခံဥပဒေအောက်တွင် ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲတို့ အရေးကို ဖော်ပြထားသည်။ အစိတ်အပိုင်း (၂) တွင် ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်းများကို ဖော်ပြထားသည်။ ကျနော့်အနေဖြင့် ဂုဏ်ယူစွာ ဦးဆောင်ခွင့်ရရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားပြုပိုင်ခွင့်သည် အဆိုပါ ပဋိညာဉ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်း ဖက်ဒရယ် ဒီမိုကရေစီ၏ ရှုမြင်ချက်များသည် “ဗဟုစုံဝါဒ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှမှု၊ လူအခွင့်အရေးနှင့် အားကောင်းသည့် ဒေသဆိုင်ရာ အုပ်ချုပ်မှုပုံစံ” ဆိုသည့် ကျွန်ုပ်တို့ ပြည်သူများ၏ ရည်မှန်းချက်များကို ကိုယ်စားပြုဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခသည် ဘက်နှစ်ဘက်ကြား ဖြစ်သည့်အရေးမဟုတ်ပေ။ စစ်အုပ်ချုပ်မှုနှင့် စစ်တပ်၏ ရက်စက်သတ်ဖြတ်မှုများကို တတိုင်းပြည်လုံးက လက်မခံ ဆန့်ကျင်မှုဖြစ်သည်။ ကွဲပြားစုံလင်လှသည့် ကျွန်ုပ်တို့တိုင်းပြည်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် တွန်းလှန်ဆန့်ကျင်မှုသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံရေးနှင့် စီးပွားရေး နောက်ခံပေါင်းစုံမှလာသူ အသီးသီးကြား မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးပေးလိုက်သည်။ စစ်ကိုင်းနှင့် မကွေး ကဲ့သို့ ဗမာ ဗုဒ္ဓဘာသာတို့၏ နှလုံးသားနယ်မြေ၊ စစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှု မရှိသလောက် နည်းရာ နယ်မြေ၊ အစဉ်အလာအားဖြင့် စစ်တပ်၏ တပ်သားသစ် စုဆောင်းရာနယ်မြေတို့တွင်ပါ ဆန့်ကျင် ပုန်ကန်မှုများ ဖြစ်ပွားလျက်ရှိသည်။ ယနေ့တွင် အဆိုပါဒေသများသည် စစ်တပ်ကို အပြင်းအထန် ခုခံတိုက်ခိုက်နေသည့် ဒေသများဖြစ်လာသည်။ စစ်တပ်၏ တပ်ဖွဲ့ဝင်များပါ ကျွနု်ပ်တို့နှင့် ပူးပေါင်းလျက်ရှိသည်။ ယနေ့အချိန်ထိ စစ်သား နှင့် ရဲ ၁၀,၀၀၀ ကျော် ဘက်ပြောင်း ခိုလှုံလာခဲ့ပြီးဖြစ်သလို ကျွန်ုပ်တို့ကလည်း လက်ခံ ကြိုဆိုလျက်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ကျွန်ုပ်တို့ တိုင်းပြည်သမိုင်းတွင် ကွဲပြားစုံလင်မှု အရှိဆုံးနှင့် ကိုယ်စားပြုမှု အကောင်းဆုံးအစိုးရဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် ၆၀% သော ကျွန်ုပ်တို့ အစိုးရအဖွဲ့ဝင်များသည် တသီးပုဂ္ဂလများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ခုခံတွန်းလှန်ရေးအဖွဲ့အစည်းများကို ကိုယ်စားပြုသူများဖြစ်သည်။ ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် ကျွန်ုပ်သည် ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တဦးဖြစ်ပြီး နိုင်ငံရေး တသီးပုဂ္ဂလတဦးဖြစ်သည်။
ရိုဟင်ဂျာများ နိုင်ငံသား ရရှိရေးနှင့် နေရပ်ပြန်ရေးကိုလည်း ကျွန်ုပ်တို့ လုပ်ဆောင်ပေးလျက်ရှိသည်။ ကျွန်ုပ်တို့ တိုင်းပြည်ကဲ့သို့ပင် ကျွန်ုပ်တို့ အစိုးရအဖွဲ့သည်လည်း ကွဲပြားစုံလင်သည့် အစိုးရအဖွဲ့ဖြစ်သည်။ စစ်တပ်ကမူ ၁၉၉၀ နှင့် ၂၀၀၀ ပြည့်လွန်နှစ်များကကဲ့သို့ အကြွင်းမဲ့ အာဏာရှင်စနစ်ဆီသို့ မြန်မာနိုင်ငံကို တွန်းပို့ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းကြိုးပမ်းမှု အောင်မြင်မည်မဟုတ်ပေ။ စစ်တပ်သည် ပြန်ပြင်မရလောက်အောင် ဆိုးရွားသွားပြီဖြစ်သည်။ စစ်တပ်သည် ကျွန်ုပ်တို့ ပြည်သူများကို မလုံမခြုံဖြစ်စေမှုနှင့် အကြမ်းဖက်မှု၏ ပင်မ ရင်းမြစ်ဖြစ်သည်။ ဂီတဖျော်ဖြေပွဲတခုကို ဗုံးကြဲသည့် စစ်တပ်၊ ပြည်သူများကို အရှင်လတ်လတ် မီးရှို့သည့် စစ်တပ်၊ ကလေးငယ် ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့်စစ်တပ်၊ အရပ်သား အိမ် ၃၀,၀၀၀ ကျော်ကို ဖျက်ဆီးသည့် စစ်တပ်သည် တိုင်းပြည်၏ စစ်တပ် မဟုတ်တော့ပေ။ တိုင်းပြည်ကို ဖျက်ဆီးမည့် လက်နက်ကိုင် အကြမ်းဖက် ရာဇဝတ်ဂိုဏ်းတခုသာဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတွင်းရှိ အဓိက စစ်နယ်ဝန်းကြီး ၆ ခုတွင် ခုခံတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်အင်အား ၁၂,၀၀၀ မှ ၁၅,၀၀၀ ထိ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ၃၅,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားသည်။ ညွန့်ပေါင်း တော်လှန်ရေးအင်အားစုများ၏ ထိခိုက်ဆုံးရှုံးမှုမှာ ယင်းပမာဏ၏ အနည်းငယ် ကိန်းဂဏန်းတွင်သာရှိသည်။ ထို့အပြင် တလလ ျှင် ခုခံတိုက်ခိုက်မှုပေါင်း ပျမ်းမျှအားဖြင့် အကြိမ် ၉၀၀ ခန့်ကို စစ်တပ် ရင်ဆိုင်နေရသည်။ တိုင်းပြည်နယ်မြေ ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်နိုင်တော့သည်။ စစ်တပ်အနေဖြင့် ၎င်းတို့၏ ဆုံးရှုံးမှုများကို အစားထိုးနိုင်ခြင်းမရှိပါ။ တချိန်တခါတုန်းက ဂုဏ်သိက္ခာအပြည့်ရှိခဲ့သည့် စစ်တက္ကသိုလ်၏ ဗိုလ်လောင်းနေရာများကိုပါ ဖြည့်စည်းနိုင်ခြင်းမရှိတော့ပါ။ ထို့အတွက်ကြောင့် သက်ကြီးရွယ်အို စစ်ပြန်ကြီးများ၊ ရဲများ၊ သားများ၏ ဇနီးများ၊ ကလေးများထိပါ တပ်သားသစ်အဖြစ် စုဆောင်းလျက်ရှိသည်။
ဗိုလ်ချုပ်ကြီးများအနေဖြင့် တိုင်းပြည်အပေါ် အကဲခတ်မှားခဲ့သည်။ ၂၀၂၁ ခုနစ် မြန်မာပြည်သည် နောက်ဆုံး စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ ခုနစ် ကကဲ့သို့သော အထီးကျန် တည်ရှိနေသည့်နိုင်ငံ မဟုတ်တော့ပါ။ ၂၀၁၁ ခုနစ်နှင့် ၂၀၂၁ ခုနစ်တွင်း ဆယ်စုနှစ်တခုကြာ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုက ကြီးစွာသော လူမှုရေးနှင့် စီးပွားရေး အပြောင်းအလဲကို ဆောင်ယူခဲ့သည်။ အကျိုးဆက်အားဖြင့် ပိုမိုကြွယ်ဝ၊ ပညာပိုတတ်သလို၊ ကမ္ဘာနှင့် ပိုမိုချိတ်ဆက်ထားသည့် လူ့အသိုက်အဝိုင်းတခု ပေါ်ထွန်းလာခဲ့သည်။ ယင်းလူ့အသိုက်အဝိုင်းသည် ရက်စက်သည့် စစ်အုပ်ချုပ်ရေးကို လက်မခံပေ။ စစ်တပ်ယူဆောင်လာမည့် ကပ်ဆိုးများကို အနာဂတ်မျိုးဆက်များ ခံစားစေလိုသည့်သူ တဦးမျှမရှိပေ။ စစ်အုပ်စု၏ လုပ်ဆောင်ချက်များသည် မည်သူ့ကိုမျှ အကျိုးဖြစ်ထွန်းစေခြင်းမရှိပေ။ မြန်မာ ပြည်သူများအပေါ် အကြောက်တရားများဖြစ်ပေါ်စေခဲ့သလို ဒေသတွင်း မတည်မငြိမ်ဖြစ်စေခဲ့သည်။ အိမ်နီးချင်းနိုင်ငံများသို့ သောင်းနှင့်ချီသည့် ဒုက္ခသည်များ ထွက်ပြေးစေခဲ့သည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကြီးထွားလာစေခဲ့သည်။ စစ်ကောင်စီအနေဖြင့် ထိန်းချုပ်နိုင်ရေး ဆက်လက်ကြိုးစားမည်မှာ အမှန်ပင်ဖြစ်သည်။ ယခင်စစ်အုပ်စုများ၏ လမ်းညွှန်စာအုပ်အတိုင်း တရားဝင်မှု ရလိုရငြား ရွေးကောက်ပွဲကျင်းပမည်ဟု စစ်တပ်က ထုတ်ပြန်ထားသည်။ အဆိုပါ ရွေးကောက်ပွဲများကို လက်ခံစေရေး တချို့သောနိုင်ငံများကို ဆွဲဆောင်နိုင်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ မျှတမှု ရှိသည်ဟု မည်သူ့ကိုမျှ အရူးလုပ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် လူဦးရေအစိတ်အပိုင်း သေးသေးလေးသာ ပါဝင်မည်ကို အများက လက်ခံထားပြီးဖြစ်သည်။ စစ်ကောင်စီနှင့် မပူးပေါင်းရေး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြသနိုင်သည်ကို တနိုင်ငံလုံးအတိုင်းအတာ အသံတိတ်သပိတ်များက ပြသထားပြီးဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အဆိုပါ ရွေးကောက်ပွဲများ ကျင်းပခဲ့လ ျှင်တောင် မည်သည့်အရာကိုမျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ပေ။ စစ်တပ်ကို တနိုင်ငံလုံး ခုခံတွန်းလှန်နေမှုကို အဆုံးသတ်စေနိုင်မည် မဟုတ်ပေ။ အပြည်ပြည်ဆိုင်ရာဥပဒေများကို စစ်တပ် လေးစားလိုက်နာစေရေး၊ အရပ်သားများကို တိုက်ခိုက်မှု လျှော့ချရေး လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ မတည်ငြိမ်မှုများကိုသာ ပိုမိုဖြစ်ပေါ်စေမည်ဖြစ်သည်။
ကျွန်ုပ်တို့ ပြည်သူများ၏ စိတ်ပိုင်းဖြတ်မှု၊ ထောက်ပံ့ပေးမှုဖြင့် လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဆောင်ထားနိုင်သည်မှာ အစိုးရ လုပ်ငန်း လည်ပတ်မှုများရရှိအောင် လုပ်ဆောင်နိုင်ခြင်းနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်များ ချမှတ်ခြင်းတို့ဖြစ်သည်။ တခြားသောနိုင်ငံများ အထူးသဖြင့် အာဆီယံအဖွဲ့က စစ်အုပ်စုကို ဖယ်ထုတ်ထားခြင်းကို ချီးကျူးဂုဏ်ယူပါသည်။ သို့သော် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံဒေသတွင်းရှိ ကျွန်ုပ်တို့၏ ညီအကို မောင်နှမများ၊ အိမ်နီးချင်းများ ပိုမိုလုပ်ဆောင်ကူညီနိုင်သည်များ ရှိနေသေးသည်။ ကျွန်ုပ်တို့၏ ဦးစားပေးတခုသည် လူသားချင်း စာနာထောက်ထားမှု အကူအညီဖြစ်သည်။ လူပေါင်း ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရသလို ၁၅ သန်းကျော်သည် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရသည်။ ကျွန်ုပ်သည် ဖခင်တယောက်၊ ရှေ့နေတယောက်၊ ငြိမ်းချမ်းရေးတည်ဆောက်သူ တယောက်ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ယခုကဲ့သို့ ထိခိုက်ခံစားရမှုမျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်း ကျွန်ုပ်အနေဖြင့် တခါမျှမကြုံဖူးပါ။ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ပူးပေါင်းထူထောင်ရေး ကျွန်ုပ်တို့လူထု၏ ယခုကဲ့သို့သော စိတ်ပိုင်းဖြတ်မှုမျိုး၊ ကတိပြုမှုမျိုးကိုလည်း တခါမျှမကြုံဖူးပါ။ မြန်မာနိုင်ငံသစ်ကို အတူတကွ ပုံသွင်းထုဆစ်ရေး ဘုံသဘောတူညီမှု၊ အသွင်ကူးပြောင်းရေး အစီအစဉ်နှင့် မျှဝေထားသည့် ရှုမျှော်ချက်တို့ ပထမဆုံးအကြိမ်ဖြစ် ကျွန်ုပ်တို့တွင် ရှိနေပြီဖြစ်သည်။
(မူရင်းဆောင်းပါး – https://www.thejakartapost.com/…/federal-democracy-not…)
(အယ်ဒီတာမှတ်ချက် – ယာယီသမ္မတကြီး ဒူဝါ လရှီးလ၏ ယခုဆောင်းပါးသည် စစ်အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေး မြန်မာလူထု၏ ရုန်းကန်လှုပ်ရှားမှုကို အာဆီယံံဒေသအတွင်း ပိုမို သဘောပေါက်နားလည်လာပြီး အားပေး ထောက်ခံလာစရန် ရည်ရွယ် ရေးသားထားခြင်းဖြစ်သည်။)
(The Jakarta Post သတင်းစာကို ၁၉၈၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် အခြေစိုက်သည့် နေ့စဉ်ထုတ် အင်္ဂလိပ်သတင်းစာတစောင်ဖြစ်သည်။ လက်ရှိအားဖြင့် နေ့စဉ် စောင်ရေ ၄၀,၀၀၀ နီးပါး ရိုက်နှိပ်ဖြန့်ချိနေသည့် ထိပ်တန်းသတင်းစာတစောင်ဖြစ်သလို အွန်လိုင်းတွင်လည်း ဖတ်ရှုနိုင်သည်။)
Be the first to comment