စစ်ပြန် ကားအိုတစင်း၏ အတ္ထုပ္ပတ္တိ

“စစ်ပြန် ကားအိုတစင်း၏ အတ္ထုပ္ပတ္တိ”
◼️ညီလင်းအိမ်
ခင်ဗျားမှာ ဘာလို့ အရာရာ ကိုစိတ်တိုကြီး ဖြစ်နေရတာလဲလို့ မေးရင် မင်းကို ဒါတွေပြောတော့ရော နားလည်မှာလားလို့ ဘုတောတောလိမ့်မယ်။ ဟုတ်လည်းဟုတ်ပါတယ်။ သူခံစားခဲ့ရတဲ့ အရာတွေကို ကျနော်တို့မှ မသိကြတာဘဲလေ။ သိဖို့ရော ထပ်တူနားလည်နိုင်ဖို့ရော အဲဒီအခြေအနေကြီးထဲကို သွားရဲကြမှာမို့လို့တဲ့လား။ အခုဆိုရင် ခေတ်ကြီးက လူသားတွေကို ဘဝဆိုတာ သာယာပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ဘုံခမ်းဝါတခုအဖြစ်သာ ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးထားတော့တာ။ ဒီအဖိုးကြီးလို အိပ်နေရင်း သေနတ်သံတွေ ရုတ်တရက်ဝင်လာပြီး လန့်နိုးရတာတို့၊ မိုးခြိမ်းသံတွေကြားတဲ့ ညတွေတိုင်း အာရှ လူဝါကောင်လေးတွေရဲ့ အသဲခိုက်မျှ အော်သံတွေ၊ သွေးချင်းချင်းရဲနေတဲ့ ဒဏ်ရာတွေအောက်က မျက်နှာနုနုကလေးတွေ၊ ငရဲပွက်သလို အော်သံတွေနဲ့ ပြေးလွှားနေကြရတဲ့ အပြစ်မဲ့ အရပ်သူအရပ်သားတွေရဲ့ ငိုသံ၊ ညည်းညူသံတွေတို့။ အဲလိုအသံတွေကို ခင်ဗျားတို့ ကျနော်တို့တွေ သိမှာမဟုတ် တော့ဘူးလေ။ စစ်ပွဲဆိုတာဟာ မင်းသားတွေ မင်းသမီးတွေ အော်စကာရစေတဲ့ ဇာတ်ကွက်တွေကို ပံ့ပိုးပေးတဲ့ ဖျော်ဖြေရေး ဇာတ်လမ်းများအဖြစ်ပဲ မှတ်ယူကြတော့တဲ့ ခေတ်မျိုးလို့ ဆိုပါတော့။
ဒီတော့ သူ့သားသမီးတွေအပါအဝင် ဘေးပတ်ဝန်းကျင်က အသိအကျွမ်းမိတ်ဆွေတွေအထိ သူ့ရဲ့ ဖြစ်ပျက် ခံစားနေရသမျှကို နားလည်နိုင်စွမ်း မရှိကြ။ ဒီအဖိုးကြီးက အသက်ကြီးလာချိန်မှာ သားသမီးတွေ ပြောသမျှကို နာခံပြီး ဘုရားတရားလေးလုပ် အေးအေးဆေးနေရမှာကို ပြောသမျှလည်း မနာခံ၊ ဘာပြောပြော၊ ဘာလေး ဆွေးနွေးဆွေးနွေး ဂလန့်တိုက်တတ်တဲ့ လူ့ဂွစာကြီးလို့သာ နာမည်ပေါက်လာတယ်။ သူနဲ့ပတ်သက်လို့ စ မိတ်ဆက်ရမယ်ဆိုရင် အဖိုးကြီးနာမည်က ဝိတ် ကိုဝယ်လ်စကီလို့ အမည်သညာရှိတယ်။ အရွယ်နုစဉ်မှာပဲ သူ့ရဲ့စိတ်နှလုံးသားတွေကို သေရာပါစေမယ့် အမာရွတ်တွေကို စီခြယ် ပေးခဲ့တဲ့ အရာတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဘာလဲဆိုတော့ ကိုရီးယားစစ်ပွဲအတွင်းမှာ စစ်မှုထမ်းအဖြစ် စေလွှတ်ခြင်းခံခဲ့ရတာပဲ။အဲဒီမှာ ဘယ်လိုတွေဖြစ်ခဲ့သလဲ သူကလွဲလို့ မသိနိုင်။ ယင်းစစ်ပွဲက ပြန်လာခဲ့ပြီးနောက်မှာပဲ သူ့စိတ်တွေက နူးနူးညံ့ညံ့မရှိတော့။ နောက် လူလူချင်း ကိုယ်ချင်းစာ နားလည်ကြသယောင် ပြောဆို ဖြတ်သန်းနေကြတဲ့ သူရို့တိုင်းပြည်က လူ့အဖွဲ့အစည်းကြီးကိုလည်း စိတ်ချဉ်ပေါက်လာလို့ ဖြစ်မှာပေါ့။
အခု အသက်ကြီးလာတော့ ပိုဆိုးလာပြီ။ တသက်လုံး သေအတူ ရှင်မကွာ ပေါင်းသင်းလာခဲ့တဲ့ ဇနီးဖြစ်သူက တမလွန်နယ်ခြားဆီကို အရင်ထွက်သွားတော့ သူ့စိတ်အနေအထားက ပိုပြီး အထီးကျန် ကြွပ်ဆတ်လာတယ်။ ခေတ်မီသော အမေရိက လူ့အဖွဲ့အစည်းဆိုတာက မိခင်အို ဖခင်အို အသက်ကြီးလာပြီဆိုတာနဲ့ အိမ်အကူလေး ငှားပေးကောင်း ငှားပေးမယ်။ ဒါမှမဟုတ် ခင်ဗျား လစ်တော့ဆိုတဲ့သဘောနဲ့ပဲ ဘိုးဘွားရိပ်သာကို ပို့ပစ်ကြတော့တာ။ သားကြီးဖြစ်သူကလည်း ခု အဖေတယောက်တည်း ကျန်ရစ်တော့တာမို့ ဒီအတိုင်းနေဖို့ အဆင်မပြေဘူးပေါ့။ သူ့အနေနဲ့လည်း သားရဲ့ဆိုလိုရင်းကို နားလည်နေတယ်။ ဒီကောင်က သူ ဘိုးဘွားရိပ်သာ သွားနေပြီဆို ဒီအိမ်ကလေးကို သိမ်းတော့မှာ။ ဒါကြောင့် ချက်ချင်းပဲ မင်းတို့လင်မယား လစ်တော့ကွာဆိုပြီး နှင်ထုတ်ပစ်လိုက်တယ်။ သူ့အနေနဲ့ ခုလို နှင်ထုတ်ပစ်လိုက်တာက မှန်ကန်တဲ့ပြုမူမှုလို့ ယူဆတယ်။ ဒီကောင်က ဖခင်ဖြစ်သူရဲ့ တသက်တာလုံး ခံစားလာခဲ့ရတဲ့ အတွင်းစိတ်ထဲက ဒဏ်ရာတွေကို ဘယ်တုန်းက မြင်ကြည့်ဖူးလို့လဲ။ အရေးလုပ် မေးဖူးခဲ့သလဲ။ စစ်တိုက်တာပဲဗျာ ဒီအတိုင်း ဟိုဘက်ဒီဘက်ပစ်ကြတာ။ မသေဘဲကျန်တဲ့သူ နိုင်တာပေါ့။ ဘာဆန်းသလဲ ဒါထက်လည်း လက်ရှိလူနေမှုကမ္ဘာက လူအများစုက ပိုတွေးတော့မှာ မဟုတ်။ အမေရိကလိုအရပ်က လူတွေက ပိုဆိုးမှာပေါ့။ တချိန်လုံး ငွေကြေးကိုအရင်းတည်ပြီး ဘဝကို တည်ဆောက်ခြင်းကသာ ပဓာနလို့ မှတ်ယူနေကြတော့တာ။ ဒီလို ကိုယ်ချင်းစာတရားတွေ၊ လူလူချင်း ဖေးမနွေးထွေးရခြင်း စတာတွေကို ငွေကြေးရှိမှ ဘာမဆို ပြုလုပ်လို့ရတာဆိုတဲ့ လူနေမှုစနစ်ကြီးမှာပဲ ပျက်သုဉ်းစပြုပြီပဲလေ။
သူကတော့ မာနခပ်ကြီးကြီးပဲ။ ခုဆို ချောင်းတဟဲ့ဟဲ့နဲ့ အရှိန်ပါပါဆိုးမိရင် သွေးစသွေးနကလေးတွေ ပါလာပြီ။ သေမင်းက အိမ်တံခါးနားကို ယောင်လည် လည်အနေအထားနဲ့ လာရပ်နေပြီဆိုတာကို သိနေပါပြီ။ ဒါပေမဲ့လည်း သေခါမှ သေရော ဒီအိမ်ကလေးထဲမှာပဲ ဘဝဆုံးထိနေမယ်လို့ သူတွေးထားပုံ ရတယ်။ သေခြင်းတရားဆိုတာက သူ့အတွက် သောကငြိမ်းဆေးလို့သာ မှတ်ထင်ထားတော့တာမျိုးပါ။ အဲဒီ စစ်ပွဲကြီးမှာကတည်းက သူ့ဘဝက အခါခါသေခဲ့ပြီးပြီ။ ကယောင်မူးဝါးနဲ့ အိပ်ပျော်တတ်ရင်းကနေ နိုးထလာတိုင်း ဒါဟာ သေခြင်းကနေ တဖန် နာကျင်စွာ ပြန်လာရတာမျိုးပဲ။ နောက်ထပ် ပိုပြီးတော့ ရွံရှာဖွယ်ရာကောင်းတဲ့ ကိစ္စတခုက လူသားမျိုးနွယ်တူချင်း သ_တ်ကြဖြတ်ကြတဲ့ စစ်ပွဲဆိုတာကနေ ပေးတဲ့ ဆုတံဆိပ်ဆိုတာကြီးကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ထပ်မံ လက်ခံခဲ့မိတာတွေ။
သူ အခုလို အဲဒီစစ်ပွဲအတွင်းမှာ မိမိတို့ ရှင်ကျန် အနိုင်ယူခွင့်ရရင်ပြီးရော ပစ်ခတ်သ_တ်ဖြတ်ခဲ့ကြတဲ့ကိစ္စက ဘယ်လိုအကြောင်းမျိုးနဲ့မှ ဂုဏ်ယူဖို့ သင့်တဲ့ ကိစ္စမဟုတ်။ ဒါကိုတောင် သူရဲကောင်းကြီးဆိုပြီး မိမိမွေးရပ်မြေက ခေါင်းဆောင်ကြီးတွေက ဆုတံဆိပ်တွေ ချီးမြှင့်ပေးသတဲ့။ သူကတော့ အခုအချိန်မှာ အဲဒီတံဆိပ်ကြီးတွေကို အိမ်အောက်က စတိုခန်းထဲပဲ ပစ်ထည့်ထားလိုက်တယ်။ တကယ်တော့ စစ်အတွင်းက ဖြစ်ခဲ့သမျှတွေကလည်း နှစ်အတီအတာ ရှိခဲ့ပြီးပဲလေ။ ဒါပေမဲ့လည်း လက်ရှိအသက်အရွယ်ထိတိုင် မပျောက်ပျက်ဘဲ ခံစားနေရတာဟာ ဘယ်လောက်အထိ နာကျင်ရတဲ့ ဒုက္ခပါလဲ။ အိုမင်း ရင့်ရော်လာတော့ ပိုဆိုးလာပေါ့။ အနားမှာ နွေးထွေးပေးမယ့်သူ မရှိ။ အတူတူ မျှဝေခံစားပေးမယ့်သူ မရှိ။
ဒီလိုအချိန်မှာပဲ အိမ်ချင်းကပ်လျက်မှာ အာရှဘက်က အသားဝါလူမျိုးတွေ ရောက်လာခဲ့တာ။ သူကတော့ ထုံးစံအတိုင်း မျက်နှာထားတင်းတင်းပဲ။ ဒီမိသားစုတွေကို ဘာမှ ရောထွေးယှက်တင် နေစရာအကြောင်း မရှိဘူးပေါ့။ သို့ပေမဲ့လည်း ခုလိုပြောင်းရွှေ့လာတဲ့ အဲဒီလူမျိုးစုတွေဟာ အမြဲတစေ မှောင်အတိကျနေခဲ့တဲ့ သူ့ဘဝကို အလင်းတွေ စပေးတာမှန်း သူ မသိရှာသေးပါဘူး။ သူရို့ ရွှေ့ပြောင်းမိသားစုထဲက လူငယ်ချာတိတ်ကလေးက သူ့ဘဝရဲ့ အမြတ်နိုးဆုံး ရာဖြစ်တဲ့ ဖို့ဒ်ကားကို လာခိုးမယ် လုပ်တာကနေ ပတ်သက်ရတော့တယ်။ သူ့ဘဝထဲမှာ တခါမှ မကြားဖူး မတွေ့ဖူးတဲ့ အခြင်းအရာတွေ စကြုံရတယ်။
ဘာတွေလဲဆိုတော့ စားပွဲစုံ၊ တခြားသော အမျိုးအမည်မသိ မုန့်ပဲသွားရည်စာ များစွာတွေကို အိမ်ရှေ့မှာ လာချပြီး မြေးကလေးရဲ့ ဆိုးသွမ်းမှုအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြတာဖြစ်သလို သူ့အိမ်မှာလည်း ပြစ်ဒဏ်အဖြစ် ခိုင်းချင်ရာခိုင်းဖို့ လာအပ်သွားတာ ဖြစ်သတဲ့။ ဒီလိုကနေ သူရို့မိသားစုတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေထဲကို အလည်သွားရပြန်တော့လည်း ယူအက်စ်က ပါတီတွေနဲ့ တူမှမနေတာဘဲ။ ရိုးရှင်းပြီး ပိုလို့နွေးထွေးလှတဲ့ မိသားစုတွေ့ဆုံပွဲမျိုး။ သူ့ဘဝမှာ ဒီလိုအရာတွေ ရခဲ့သလား။ သူရို့ လူနေမှုစနစ်ရဲ့ အလုပ်လုပ်ပုံကြီးက ဘယ်လောက်အထိ စက်ယန္တရား ဆန်လှသလဲ။ မိခင်ဖခင်အိုတွေ အသက်အရွယ်ကြီးမြင့်လာပြီဆိုတာနဲ့ ဒိတ်ကုန်သွားတဲ့ စက်ပစ္စည်းတခုသဖွယ်ပဲ ချောင်ထိုး စွန့်ပစ်လိုက်ကြတာ မဟုတ်လား။ ဒီမှာတော့ အာရှဘက်ခြမ်းက လူဝါတွေရဲ့ မိသားစုအပေါ် တန်ဖိုးထားပြီး အပြန်ပြန်အလှန်လှန် ခိုမှီးစောင့်ရှောက်ကြပုံတွေကို မြင်ရတာဟာ ကြည်နူးစရာကောင်းတယ်။ ဘဝထဲက လူသားတိုင်းနီးပါးက အတ္တကြီးသူတွေ၊ မိမိတို့ ကိုယ်ကျိုးအတွက်သာ ရှင်သန်နေကြသူတွေသက်သက်နဲ့ ယဉ်ကျေးဖော်ရွေမှုတွေ အရိုးစွဲ ဘာသာတရားကိုင်းရှိုင်းပြမှုတွေ ဆိုတာတွေကလည်း အမြင်တင့်တယ်ရုံ လုပ်ဆောင်နေကြတာ စလို့ ယင်းအမြင်တွေကနေ သူ ဖယ်ကျဉ်စပြုလာတယ်။ ဘဝနှောင်းပိုင်းကျမှ လူ့ဘဝရဲ့ အဓိပ္ပါယ်ရှိရမှု အခိုက်အတန့်ကို ဒီလူဝါမျိုးစုတွေက ဖော်ထုတ်ပြပေးသလို ခံစားရတယ်။ သူဘယ်လောက်အထိ မြည်တွန်တောက်တီးနေပါစေ။ ကိုစိတ်တိုကြီး လုပ်နေပါစေ။ လေးလေးစားစားနဲ့ ဖော်ရွေကြတာတွေ။ လှိုက်လှိုက်လှဲလှဲ ရှိကြတာတွေ။ တဦးမေတ္တာ တဦးမှာဆိုတာကို သူတို့မိသားစုတွေကို မြင်လိုက်ရမှ ခံစားတတ်ခဲ့တာတွေ။ သူ့ဆီကိုလာအပ်တဲ့ လူဝါကောင်လေးနဲ့ နေထိုင်ဖြတ်သန်းရတော့မှ ဖခင်‌တယောက်ဖြစ်ရတဲ့ စိတ်ဖီလင်ကို တိတိပပ သိလာတာမျိုးတွေ။ ပြီးတော့လည်း အခြားတဘက်မှာ တသက်တာလုံး တည်လာတဲ့ အနာတွေကလည်း ပိုလို့ ရင့်မှည့်လာခဲ့တာတွေ။
သူ့အနေနဲ့ အာရှက လူဝါတွေအပေါ်မှာ အကြွေးတွေရှိနေသလို ခံစားရတာ မဟုတ်လား။ ဘာတွေလဲဆိုတော့ စစ်အတွင်းမှာပဲ လက်နက်အင်အား လူအင် အားနဲ့ ဒီလူမျိုးစုကလေးတွေကို ဘယ်သို့သော တိုက်ရိုက်ပတ်သက်မှု၊ အငြိုးအတေး မရှိပါဘဲနဲ့ ပစ်ခတ်သ_တ်ဖြတ်ခဲ့မိတဲ့ ကိစ္စတွေ။ ဒါကို သူရဲကောင်းများသဖွယ် လက်ခံဂုဏ်ယူခဲ့မိတဲ့ အကြောင်းတွေ။ Church က သင်းအုပ်ဆရာဆီမှာတော့ အဲဒါတွေကို ထည့်ပြီး ဝန်မခံခဲ့ပါဘူး။
သူ့အတွက် အပြစ်လို့ ခံယူမိတာက သားနှစ်ယောက်အပေါ်ကို ဖခင်ဝတ္တရား မပီသသလို ဖြစ်ခဲ့တာမျိုးပါပဲ။ တကယ့် စိတ်အတွင်းသားထဲမှာရှိတဲ့ ဒဏ်ရာက အဲဒါမှမဟုတ်တာ။ ဘုရားရှင်ရှေ့မှောက်မှာ မျက်စိမှိတ်ပြီး ဝပ်တွားပြောလည်း အစည်းပြေမယ့် ဒဏ်ရာတွေမဟုတ်။ နေ့ရက်တိုင်း ပုံမှန်လာရောက်နေစမြဲဖြစ်တဲ့ လူဝါကောင်လေးတွေရဲ့ အော်သံတွေ။ အရှုံးပေး ဒူးထောက်နေပြီဖြစ်တာကို သူရို့မျက်နှာတည့်တည့်ကြည့်ပြီး အားပါးတရနဲ့ ပစ်ခတ် သ_တ်ဖြတ်ခဲ့တဲ့ ခံစားချက်တွေဟာ ဘယ်ဆေးနဲ့ ချွတ်လို့ ကျွတ်ရပ။
အခုတော့ သူ့ကို ရပ်ရွာအမိအဖသဖွယ်၊ ဖခင်ကြီးတယောက်သဖွယ် အားကိုး အမှီသဟဲ ပြုချင်လာကြတော့တဲ့ လူဝါမိသားစုကလေးတွေအတွက် တခုခုကို ပြန်လည်လုပ်ဆောင်ပေးခြင်းက သူပြုခဲ့မိတဲ့ အမှားများစွာအတွက် ပြန်လည်ပေးဆပ်ခြင်းလို့လည်း မှတ်ယူထားလိုက်ပုံပါပဲ။ စစ်ပြန်အဖိုးကြီးက အဆုံးမှာ သူ့ရဲ့သားကလေးလို မြေးကလေးလို သံယောဇဉ်တွယ်နေရပြီဖြစ်တဲ့ အဲဒီလူ ဝါမောင်နှမ ကလေးနှစ်ယောက်အတွက် နိုင်ထက်ကလူပြုချင်ကြတဲ့ လူမိုက်တွေဘေးကနေ ကာဖေးရဖို့ အခြေအနေကြုံလာတယ်။ ဒါဟာ ဘုရားသခင်က ပြန်လည်ပေးအပ်လိုက်တဲ့ အကောင်းမွန်ဆုံး တရားမျှတမှု လက်ဆောင်တခုလေလား။ သူ ပြန်ပေးရမှာက ဘဝတလျှောက်လုံး ထပ်ကြပ်မကွာ ပါလာခဲ့တဲ့ Gran Torino ဖို့ဒ်ကားကို ဒီမိသားစုလေးကို လက်ဆောင်ပေးလိုက်ခြင်းလား ယင်းသို့မဟုတ်ရင် ဒဏ်ရာတွေ တွဲလွဲခိုနေတဲ့ ဒီဘဝကိုပဲ ဖြုတ်ချ လဲလှယ်ပစ်လိုက်တာမျိုးလား။
အဖိုးကြီး အိမ်ထဲကထွက်လာတော့ ကိုင်နေကြ ရိုင်ဖယ်သေနတ်နဲ့အတူ။ ဘယ်သူ့ကို ပစ်ချမလဲ။ မိုးကောင်းကင်ကြီးကိုလား။ လူဝါကောင် ဂန်းစတားတွေကိုလား။ သူ့ရဲ့ ဘဝအညစ်အနွမ်းကြီးကိုပဲလား။ ကျနော်တို့တွေ ဘာတခုမှ တိတိပပ မသိနိုင်။ သူ့ရဲ့ အိမ်ဘေးကပ်လျက်က မြေးကလေးလို ချစ်နေရတော့တဲ့ ကောင်မလေးမှာတော့ သူရို့ လူမျိုးတူ လူဝါကောင်တွေရဲ့ အဓမ္မကျင့် နှိပ်စက်လိုက်မှုတွေကြောင့် သေရာပါတော့မယ့် ဒဏ်ရာတွေနဲ့ ရှိနေခဲ့တာပဲလေ။
ရုပ်ရှင်ရည်ညွှန်း – Gran Torino Movie (2008)
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*