‘စစ်ပွဲတွေပြီးရင်’
ယောနသံ
ရဲဘော်လေးရဲ့အလောင်း မြေချအပြီး
ဘုန်းတော်ကြီးက ပြောတယ်
“စစ်ပွဲတွေဖြစ်ရင် …
ယောက်ျားတွေက သေစေနိုင်မယ့်
ရွေးချယ်မူတွေကိုပြုကြပြီး
မိန်းမတွေကတော့
အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ
တွေးပူကြသတဲ့”။
လမ်းဘေးမှာ မူးလဲနေတဲ့
အမူးသမားတစ်ယောက်က ပြောတယ်
“စစ်ပွဲတွေ ပြီးသွားရင်…
ယောက်ျားတွေအတွက်
ကဗျာတွေ ကျန်ရစ်ခဲ့ပြီး
အမျိုးသမီးတွေအတွက်တော့
အိပ်မက်ဆိုးတွေ ကျန်ခဲ့လိမ့်မယ်..” တဲ့ ။
ဈေးထဲက ချိုင်းထောက်နဲ့ အရူးတစ်ယောက်
တွေ့ရာလူ လိုက်ပြောနေတယ်…
“စစ်ပွဲတွေက ယောက်ျားတွေကို ပိုလိုအပ်ပြီး
ယောက်ျားတွေ စစ်ပွဲကိုအောင်နိုင်ဖို့အတွက်တော့
မိန်းမတစ်ယောက်ရဲ့ အချစ်လိုအပ်တယ်…” တဲ့ ။
သူ့အမေရဲ့လက်ကိုဆွဲကိုင်ရင်း
ကလေးတစ်ယောက်က မေးတယ်
“စစ်ပွဲကြီးပြီးရင် အဖေပြန်လာမှာလား..?” တဲ့ ။
မုဆိုးမတစ်ယောက်က
သူ့ကလေးရဲ့လက်ကို ကျစ်ကျစ်ကိုင်ရင်းပြောတယ်
“ဒါပေမယ့်…
အနာဂတ်အတွက်တော့ မိန်းမတွေကို
ပို လိုအပ်ပါတယ်…” တဲ့။
Be the first to comment