
“စစ်ပွဲမှတ်စုများ”

၁။ အထုပ်အပိုးတွေနဲ့ တောဆီပြေးဝင်လာကြတဲ့ လူတွေရဲ့ဆံပင်တွေမှာ ဖွေးဖွေးလှုပ်နေတဲ့ပြာတွေကို တွေ့ရတယ်။ ကြည့်စမ်းပါဦး၊ ဟိုတခါဆောင်းမှာ ကျတဲ့နှင်းတွေနဲ့ မတူဘူးလား။ ဒါ သူတို့ နေထိုင်ခဲ့ဖူးတဲ့အိမ်တွေ မီးရှို့ခံလိုက်ရတယ်ဆိုတာရဲ့ တခုတည်းသောသက်သေ ဖြစ်မယ်ထင်တယ်။ ညှိုးငယ်နေတဲ့ အဲ့ဒီမျက်နှာတွေမှာ ဆာလောင်မှု၊ ရှင်သန်လိုမှုကို မျက်လုံးအိမ်များထဲမှာ ဝင်းပပတွေ့ရတယ်။
၂။ ဘယ်သူ့ကို အပြစ်တင်မလို့လဲ၊ ကံတရားကိုလား။ မင်းအိမ်ကို မီးရှို့သွားတဲ့သူ၊ မင်းတို့နေထိုင်ရာအရပ်ကို လေယာဥ်နဲ့ ဗုံးကြဲချတဲ့သူ၊ မင်းတို့ကို နှိပ်စက်ခဲ့တဲ့သူ၊ မင်းသူငယ်ချင်း၊ ဆွေမျိုးတွေကို သတ်သွားတဲ့သူတွေမှာ မင်းတို့ကိုယ်တိုင် တပ်ဆင်ပေးထားတဲ့ အမျိုးစားစုံလင်တဲ့ သေနတ်တွေနဲ့။ သူတို့လည်း မင်းတို့သုံးတဲ့ ဘာသာစကားပဲ ပြောကြတာ။ ဒါဟာ ကံတရားပါလို့ ပြောဦးမလို့လား။ ဆန္ဒကို အင်အားသုံး အရယူခဲ့တာ မဟုတ်ရပါဘူးလို့ ငြင်းလည်း အဲဒီအမျိုးသမီးတွေ ခေါင်းငုံ့နေခဲ့ရမှာပဲ။
၃။ မင်းတို့ခေါင်းပေါ်မှာ ဝဲနေတဲ့ လေယာဥ်တွေက သူတို့လို လက်နက်ကိုင်ထားတဲ့သူတွေဆီ မသွားဘဲ လက် ဗလာ ပြည်သူနဲ့ ကလေးတွေရှိရာ ထိုးဆိုက်ဆင်းလာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အကြောက်တရားဟာ အကောင်းဆုံးလက်နက် ဖြစ်လို့ပဲ။ အကြောက်တရားဟာ အမြင့်ဆုံးပျံပြီး ထိုးဆိုက်ဆင်းလာချိန် အောက်ခြေမှာရှိသူအကုန် ပြားပြားဝပ်နေဖို့ နေရာတခုဆီ အလုအယက် ပြေးလွှား ပုန်းအောင်းရတယ်။ ငါတို့ရဲ့စိတ်ထဲ သူတို့ပျိုးကြဲပေးခဲ့တဲ့ အကြောက်တရားဟာ အဲဒီပေါင်ဗုံးတွေထက် ပိုပြီးကြီးမားတယ်။
၄။ စစ်ပွဲကြီးရဲ့ အစအဆုံး သေနတ်သံတချက်မှ မကြားလိုက်ရဘဲ တော်လှန်ရေးခေါင်းဆောင် ဖြစ်လာသူတွေက သူတို့အိပ်မက်မက်တဲ့အခါ ဘယ်သူက ဘယ်လောက်ရသင့်တယ် ဆိုတာမျိုး ဝေစုကို အကြီးအသေးခွဲရင်း ပြဿနာတက်ကြတယ်။ ညစ်ပတ်တဲ့ နိုင်ငံရေးသမားတွေ သူတို့အိမ်အပြန်လမ်းကို တော်လှန်ရေးသမားတွေရဲ့သွေးနဲ့ တို့မှတ်ထားလိုက်ကြပြီ။ တကိုယ်လုံး မီးစွဲလောင်သွားရင်တောင် ပြာမဖြစ်စေနဲ့၊ သူတို့ မင်းကို အိုးတိုက်ဖွဲပြာ လုပ်ပစ်မှာ။ ပြည်သူအများစုကတော့ ရပြီ ထွက်ခဲ့လို့ အော်မယ့်သူမရှိဘဲ စစ်ပွဲတွေရပ်မယ့်အချိန်ကို ပုန်းခိုကျင်းတွေရဲ့ ကျင်းဝကနေ စောင့်ကြည့်နေခဲ့ကြတယ်။ သူတို့မြင်ရတဲ့ စစ်ပွဲဟာ ပုန်းခိုကျင်းရဲ့ ဝင်ပေါက်အဝိုင်းလောက် ပဲ။
၅။ အရာအားလုံး ပြီးဆုံးသွားပြီ။ မင်းမိသားစုကို မမြင်နိုင်တော့ဘူး။ မင်းချစ်သူကို မမြင်နိုင်တော့ဘူး။ မနက်ခင်းရဲ့ နေခြည်တလက်လက် ကောင်းကင်၊ ညနေဆည်းဆာချိန်မှာ နေဟာ တအိအိ ပြိုဆင်း ပျောက်ကွယ်သွားတာတွေ၊ နောက်ပြီး မင်း နေထိုင်ခဲ့ဖူးတဲ့အရပ်က ချစ်စရာဓလေ့တွေ အားလုံးကို မင်းမမြင်နိုင်တော့ဘူး။ ဒါပေမယ့် မင်းမှာ မျိုးဆက်ရှိရမယ်။ မင်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တယောက်တလေတော့ အသက်ရှင်ကျန်ရလိမ့်မယ်။ ဒါမှ သူတို့တွေ နောက်လူတွေကို ငါတို့က ထမ်းပိုးတုံးအောက်မှာ ယဥ်ယဥ်ကျေးကျေး ခေါင်းငုံ့ခဲ့ကြတဲ့ နွားလိုကောင်တွေ မဟုတ်ဘူးဆိုတဲ့အကြောင်း ပြောပြနိုင်လိမ့်မယ်။
၆။ စစ်ကြီးဖြစ်တော့ အဝေးပြေးကားတွေ လမ်းမှာ ညအိပ်ရတယ်။ ကားရပ်နားတဲ့နေရာနဲ့ အနီးဆုံးရွာတွေက လူဆင်းရဲတွေ ဖျာလိပ်တွေ၊ မိုးကာတွေ၊ ဂုံနီအိတ်တွေ၊ ရေသန့်တွေ တောင်းကလေးနဲ့သယ်ပြီး အိပ်ယာအနေနဲ့ ငှားစားကြတာပေါ့။ တချို့ကလည်း ရွက်ဖျင်တဲကလေးထိုးပြီး ငှားစားတယ်။ မိုးဦးကျမှာ ငါးသည်ကို မမျှော်တော့ပဲ ကိုယ်တိုင်ငါးဖမ်းသူတွေ များလာတယ်။ ချောင်းစပ်တလျှောက် ငါးမျှားတံတွေကိုယ်စီနဲ့ လူတွေကို ကြည့်ရတာ အသားဟင်းတခွက်ရဖို့ ဘဝကို မျှားနေပုံနဲ့ မတူဘူးလား။
၇။ လူငယ်လေးတယောက် အာဏာရှင်ကိုဆန့်ကျင်ရင်း တော်လှန်ရေးတပ်ကပြေးတော့ ရန်သူအသစ်တိုးတယ်။ သူဟာ အာဏာရှင်အစိုးရရဲ့ ရန်သူဖြစ်သလို သူ့တော်လှန်ရေးအစိုးရရဲ့ သစ္စာဖောက်တံဆိပ်လည်း ကပ်ခံလိုက်ရတာပေါ့။ လူကြီးမင်းများဟာ တာဝန်ထမ်းဆောင်နေစဥ်မှာ တာဝန်မယူခဲ့သော်လည်း အပြစ်ယူဖို့အတွက်တော့ လက်ထိပ်တစုံ အသင့်ရှိနေခဲ့တယ်။ လူငယ်လေးဟာ ကိုယ့်ကိုယ်ကို သတ်မသေမီ စာတစောင်ရေးခဲ့တယ်။ လူကြီးမင်းများခင်ဗျာ ခင်ဗျားတို့ မြင်ကွင်းကျယ်ကျယ်မြင်ရဖို့ မတ်တပ်ရပ်ထားတဲ့နေရာဟာ တောင်ကုန်းမဟုတ် ပါ။ ကျနော်တို့ဘဝတွေ စုပုံထားရာအရပ် ဖြစ်ပါတယ်။ လူကြီးမင်းဖိနပ်မှာ စွန်းနေတဲ့အနီရောင်ဟာ ကျနော်တို့ရဲ့ သွေးဖြစ်ပါတယ်။ ခင်ဗျား ခြေချရာနေရာတိုင်းမှာ ကျနော်တို့သွေးစက်တွေ ရှိတယ်။ ကျနော်ဟာ တာဝန်ကို သစ္စာဖောက်ခဲ့ခြင်းမဟုတ်ပါ။ ဘဝကို သစ္စာဖောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ရန်သူကိုတောင် ဆုတံဆိပ်ပေးပြီး ခွင့်လွှတ်သေးတယ်ဆိုရင် သစ္စာဖောက်စာရင်းကနေ ကျနော့်နာမည် ပယ်ဖျက်စေချင်ပါတယ်။
၈။ စစ်သားကလေးဟာ မှားယွင်းခဲ့တဲ့ ကျည်တတောင့်အတွက် သူ့ကိုခွင့်မလွှတ်ဖို့ တောင်းပန်ပါတယ်။ အိပ်မက်တိုင်းမှာ သူ့ရဲဘော်ရဲ့အရိုးစုကို မြင်နေရပြီး နောင်တနဲ့ တုန်လှုပ်ချောက်ခြားမှုတွေဟာ ချုပ်ရိုးကြောင်းတွေကို ဖောက်ထွက်နေသလို။ သူ့သေနတ်သံရဲ့အဆုံးမှာ တစုံတယောက် သေဆုံးသွားရပြီ။ သူ့ရဲ့ကြောက်စိတ်ကြောင့်ပဲ ဖြာထွက်လာတဲ့ သူ့ရဲဘော်ရဲ့ခေါင်းက သွေးတွေဟာ နီရဲလို့။ သေသူဟာ သူ့ရဲဘော်ပဲလို့ အားလုံးက ဝိုင်းအပြစ်ဆိုကြပေမယ့် သူအပါအဝင် လူနှစ်ယောက် သေဆုံးခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ တကြိမ် မှားယွင်း ပစ်ခတ်မှုဟာ သူ့ကို အကြိမ်ကြမ် အပစ်ခတ်ခံနေရပြီး အကြိမ်ကြိမ် သေပေးနေရတယ်။ ဘာသာတရားအားလုံးဆီမှာ သူ့အပြစ်ကို ဝန်ခံတယ်။ သူဟာ ဘုရားကျောင်းအိုကြီးဆီမှာ တဦးတည်း ပုန်းအောင်းငိုကြွေးနေသူ။ သူဟာ တစုတဝေးတည်း ကူးခတ်လာရင်း သင်းကွဲသွားတဲ့ ဆယ်လမွန်။ သူဟာ သစ်တပင်ဖြစ်ခဲ့ပေမယ့် တောတခုလုံးလောင်ကျွမ်းဖို့ မီးစပြီး စွဲလောင်နေခဲ့တဲ့ သစ်ပင်။ သူဟာ ကျည်တတောင့်ဖြစ်ပေမယ့် ကိုယ့်ရဲဘော်ခေါင်းကို ဖောက်ဝင်ခဲ့သူ။ သူဟာ သေမိန့်ကျ ကြိုးသမား။ သူတောင်းဆိုတာက ခွင့်လွှတ်သောအားဖြင့် သူ့ကို အဆုံးစီရင်ပေးကြပါ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခွင့်ပြုပါ။
၉။ ထမ်းတံပိုးတွင် ဆီလူးပေးသလို သင်တို့၏ ကြီးမြတ်လှသော ကရုဏာတော် ငါတို့မလို။ ငါးပွက်ရာ ငါးစာချ ပြည်သူ့အနာဖြင့် ရက်လုပ်သော သင်တို့အနုပညာ ငါတို့မလို။ ရွှေပုလ္လင်လှုပ်မှ မြေအုတ်မှာရပ်သော သင်တို့ရဲ့တသားတည်းစိတ်ဓာတ် ငါတို့မလို။ မျက်နှာဖုံးမှာ ဝမ်းနည်း ကိုယ့်ဝမ်းထဲ ဖြည့်ဖို့ကလွဲ စိတ်မဝင်စားသူတို့၏ အာသာဖြေအလှူတော် ငါတို့မလို။ တကိုယ်စာအရိပ်အေးမှာနေ အဝေးကအပူကို စုတ်သပ်သော သင်တို့ကောက် ရိုးမီး မေတ္တာတော် ငါတို့မလို။ သင့်ထမင်းဝိုင်းမှ စွန့်ပယ်သောအရိုးကို လက်ညှိုးထိုးပြသော ကရုဏာတော် ငါတို့မလို။
၁၀။ ဖောကားပြာပြာကြီးနဲ့ စစ်ပွဲဆီကို ပျော်ပျော်ရွှင်ရွှင် သွားနေကြတယ်။ မင်းတို့ကို ဘယ်သူတွေ စေလွှတ်ခဲ့တာလဲ။ ငါတို့စိတ်နဲ့ ငါတို့လို့ ဖြေကြပေမယ့် ရောက်ရှိလာရခြင်း အကြောင်းခံရှိတယ်။ ဝှေ့ယမ်းပြသွားတဲ့ လက်တွေ၊ မတ်မတ်ရပ်ထားတဲ့ ခြေအစုံ၊ မင်းအရှေ့က မိုးသားကောင်းကင်ပြာမြင်ကွင်း၊ မှိတ်ထားတဲ့မျက်လုံးတွေ ဖွင့်လိုက်ရင် အရာရာဟာ အကောင်းအတိုင်း ရှိပါဦးမလား။ ဘယ်အချိန် အိမ်ကိုပြန်နိုင်မယ် ထင်လဲဆိုတော့ ဒီတမိုးအကုန်ပေါ့တဲ့။ ငါတို့နေထိုင်ရာအရပ်မှာ ထာဝရ မိုးရာသီ။
၁၁။ အမေက လေယာဥ်သံကြားပြီဆို တူတူပုန်းတမ်း ကစားကြမယ်လို့ ခေါ်တယ်။ ကလေးတွေက အစပိုင်းတော့ ပျော်တယ်။ ခဏခဏ အကြိမ်ရေများလာတယ်။ ထမင်းစားရင်း၊ ရေချိုးရင်း၊ အိပ်နေရင်း၊ လမ်းလျှောက်နေရင်း။ ကလေးတွေ မပျော်တော့ဘူး။ မဖြစ်မနေ အမေက စစ်ပွဲအကြောင်းကို သင်ကြားပေးရတယ်။
၁၂။ လုယက်စရာ မကျန်တော့လောက်အောင် မြို့ဟာ ပျက်စီးနေခဲ့ပြီး မနက်ဘက်မှာဆို မြူနဲ့မီးခိုးဟာ ခွဲမရအောင် တသားတည်း ဖြစ်လို့နေတယ်။ မြို့ရဲ့အပြင်ဘက် တနေရာမှာတော့ မြို့ဆီကို ပြန်လည်ဝင်ရောက်လိုသူတွေ လည်တဆန့်ဆန့် ခေါင်းတမော့မော့။ မြို့ဆီကနေ သူတို့ရစရာဟာ သွေးနဲ့မျက်ရည်ကလွဲလို့ ဘာမှမရှိနိုင် တာ သူတို့အားလုံး သိကြပါတယ်။ အသံကျယ်ကျယ် အော်မိရင်တောင် မြို့ဟာ သူ့ဘာသာ လန့်ဖျပ်ပြီး ပြိုကျသွားတော့မလို ခပ်တည်းတည်း ကြွပ်ဆပ်ဆပ် အက်ကွဲရာတွေ ပြည့်နှက်နေတယ်။ သူ့တို့အတွက် မြင်ကွင်းတိုင်းက ရင်းရင်းနှီးနှီး စိမ်းနေတယ်ဆိုတာ အသေအချာပါပဲ။ တနေရာရာကိုရောက်တိုင်း နှစ်ခေါက်ပြန်စဥ်းစားပြီးမှ အဲဒီနေရာရဲ့နာမည်တွေ အမှတ်အသားတွေကို ပြန်ပြန်ပေါ်လာတယ်။
လေထုက လမ်းသွယ်လေးတွေအတိုင်း ပုပ်အဲ့ညှီညှော်နံ့နဲ့ ယမ်းနံ့တွေကို သယ်ဆောင်လာတယ်။ သိပ်မကြာခင်ပဲ နောက်ထပ်အဖြစ်ဆိုးတွေ ရောက်လာတော့မယ့်အတိုင်း အန္တရာယ်အနံ့အသက်ကလည်း ရောပြွန်းပါဝင်နေတယ်။ အဲဒီထဲမှာ သေခြင်းတရားကို ကြည်ကြည်ဖြူဖြူ လက်ဆွဲနှုတ်ဆက်ခဲ့သူတို့ရဲ့ ကိုယ်သင်းနံ့တချို့ ပါကောင်းပါနိုင်ပါတယ်။ အမှိုက်ပုံကြီးတခုလို မြို့ရဲ့အပျက်အစီးတွေကြား လှည့်ပတ်သွားလာရင်း ဝမ်းနည်းနေရမယ့်အစား သူတို့ရဲ့မျက်လုံးအိမ်တွေက ပျော်ရွှင်မှုနဲ့အတူ အိမ်အပျက်ဆီက မီးတောက်လို တလက်လက် တောက်ပနေတာ အံ့သြစရာပဲ။ တစစီဖြစ်နေတဲ့ အုတ်နံရံရဲ့ လက်ကျန်အပိုင်းအစတနေရာမှာ ဆဲရေးထားတဲ့ စကားလုံးတွေ၊ အိမ်ပြန်ချင်တယ်လို့ လမ်းမပေါ်မှာ အနက်ရောင်ဆေးဘူးနဲ့ ရေးသားထားတဲ့ စာသားတွေ အားလုံးကို သူတို့မြင်ကြမှာပဲ။ လမ်းရဲ့ဘေးတဘက်မှာတော့ ပေါက်ကွဲရန်ကျန်ရှိသေးသော စစ်လက်နက်မိုင်းများ မျိုးဆက် တဆက်စာ ကျန်ရှိသေးသည် ဆိုတဲ့ဆိုင်းဘုတ်ကို ထောင်လျက်သားမြင်ရတယ်။
ပုန်းခိုကျင်းတွေ၊ ဗုံးပေါက်ကွဲဒဏ်နဲ့ဖြစ်သွားတဲ့ ကျင်းပေါက်ကြီးတွေ အားလုံးကို အုတ်ခဲကျိုးတွေ၊ မြို့ရဲ့အပျက်အစီးတွေနဲ့ ဖြည့်လို့ ပြည့်သွားနိုင်ပေမယ့် သူတို့ခန္ဓာကိုယ်က ဟောင်းလောင်းပေါက်သွားတဲ့ နေရာတွေကိုတော့ ဘယ်နည်းနဲ့မှ ဖြည့်နိုင်မယ်မထင်ဘူး။ အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် အိမ်ဆိုတဲ့ အဆောက်အဦးမရှိတော့သလို အိမ်ရဲ့အစိတ်အပိုင်းတွေထဲက နေထိုင်သူတွေဟာ သိသိသာသာ လျော့ပါးသွားခဲ့ပြီ။ မြို့ဆီကနေ ဆုတောင်းသံနဲ့ အမျှဝေသံတွေဟာ နှစ်ကာလအတော်ကြာထိ ပျံလွင့်နေလိမ့်မယ်။ နံရံတံတိုင်းအသစ်တွေ ပြန်တည်ဆောက်ပြီး ဆေးအသစ်တွေ ဖုံးအုပ်ပစ်လိုက်လို့ မြို့ဟာ အသစ် ဖြစ်ကောင်းဖြစ်သွားနိုင်ပေမယ့် လမ်းထောင့် ချိုးတွေတိုင်းမှာ၊ နင်းထားရတဲ့ မြေလွှာရဲ့အောက်ဘက်မှာ ကုန်းရုန်းထပြီး အထိတ်ထိတ်အလန့်လန့် ပြေးလွှားနေကြသူ လူဟောင်းတွေနဲ့ မကြာမကြာ ဆုံတွေ့ရဖွယ်ရှိလိမ့်မယ်။ ပြီးတော့ မြို့ရဲ့အထင်ကရ အမှတ်အသားဟောင်းတချို့နဲ့ ပက်ပင်းတိုးမိတဲ့ အခိုက်အတန့်တွေ ရှိလိမ့်ဦးမယ်။ ဒီလို ထင်ယောင်ထင်မှားဝေဒနာကို မြို့ကြီးတခုလုံး ပျက်စီးသွားတာကစလို့ ပြန်လည်ဆောက်ပြီးသည်အထိ ရှိနေခဲ့ကြတဲ့ မျက်မြင်သက်သေတွေအားလုံး မရှိတော့တဲ့အချိန်အထိ မြို့နေပြည်သူတွေ အားလုံးလိုလို ခံစားကြရပါလိမ့်မယ်။
၁၃။ ပွဲတော်ရောက်ပြီ သူငယ်ချင်း ထတော့။ တွားသွားခဲ့ကြတုန််းက မင်းရင်ဘတ်မှာ ပွန်းရာခြစ်ရာတွေ၊ တံတောင်ဆစ်မှာ သွေးစတွေ ဆေးကြောပစ်လိုက်။ အလှဆုံးရှုခင်း ဆိုတာတွေကို ဟိုကောင့်ခန္ဓာကိုယ် ဟောင်းလောင်းပေါက်ကနေ ကြည့်မှ မြင်ရမှာ။ ဆယ်ပေဝါးလုံးဖျားလေးနဲ့ မိုင်းကွင်းကိုထောက်ပြီး လျှောက်ခဲ့ရတော့ နည်းနည်းတော့ကြာတာပေါ့။ လွှတ်မချလိုက်နဲ့ မင်းထမ်းထားတာ ငါတို့သူငယ်ချင်းအလောင်း မဟုတ်ဘူး။ ငါတို့ရဲ့နိုင်ငံတော်။ ရဲရဲတင်းတင်း ဖိနင်းသွားစမ်းပါ။ အားလုံးကိုမြင်ရတဲ့နေရာ အားလုံးက မင်းကို မြင်ရတဲ့နေရာရောက်ရင် ငါတို့ကိုယ်စား ငါတို့အားလုံးရဲ့စကားတွေကို ပြောပေးပါ။ ငါတို့ထဲက အတော်များများ နောက်တနေ့နေ၀င်ချိန်ကို မြင်ကြမှာမဟုတ်တော့ဘူး။ မကြောက်နဲ့ မင်းမျက်လုံးကိုဖွင့်ထား။ ဒီနေ့ နေဝင်သွားတာကိုတော့ မင်းမြင်ရတာ သေချာတယ်။ ကော်ဖီတထုပ် လူ ၈ ယောက် ဝေမျှသောက်ခဲ့ရတာမမေ့ရင် တယောက်တည်း တထုပ်သောက်ရတဲ့တခါ တငုံစာသွန်ချပြီး အလေးမြတ်ပြုစမ်းပါ။ ငါတို့အစား ကမ္ဘာမြေက သောက်သုံးပါလိမ့်မယ်။ မြေမာပေါ်ပဲ လှဲခဲ့ရတော့ မွေ့ယာကော်ဇောနဲ့ အိပ်မပျော်ဘူးကြားတယ်။ ငါတို့ဆီ ပြန်လာတဲ့အခါ ဒီအသားမကျမှုက တပတ်လည်ဦးမှာမို့ မင်းအတွက် ခက်ခဲဦးမှာပဲ။
Be the first to comment