“စစ်ပွဲ = စစ် + ပွဲ”
မောင်မူ
၁။
စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့ ဆုံးဖြတ်ပြီးတဲ့နောက် စာရေးဆရာက စစ်ပွဲကနေပြန်လာတဲ့ ရဲဘော်တယောက်ဆီကို ရောက်သွားတယ်။ အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရဲဘော်လေး၊ သူ့မျက်လုံးတွေက ခပ်ပြူးပြူးကိုမှ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့။ မကြိုဆိုတဲ့ ခံစားချက်လို့ ပြောရမလား။ စာရေးဆရာက သူ စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့အတွက် မေးမြန်းချင်တာလေးတွေရှိလို့ လာခဲ့တာပါဆိုတော့ “ကောင်းတာရယ်လို့ မရှိပါဘူး” တဲ့၊ တုံးတိတိအသံနဲ့ ဖြေတယ်။
“အကိုလည်း သိပြီးသား ဖြစ်မှာပဲ။ လူတွေ သေတယ်ဗျာ၊ ပြီးတော့ အိမ်တွေ မီးလောင်တယ်။ မြို့တွေ ရွာတွေ ပျက်စီးတယ်။ မသေဘဲ ကျန်ခဲ့တဲ့သူတွေကလည်း ကိုယ့်အိမ်ကိုယ်ယာ မဟုတ်တဲ့နေရာမှာ အိပ်ရတယ်။ ကလေးတွေ စာမသင်နိုင်ဘူး။ ဖျားတဲ့သူတွေ ဆေးမကုနိုင်ဘူး။ အဲဒါပဲ၊ အဲဒါတွေက စစ်ပွဲပဲ။”
စကားကို ရပ်လိုက်၊ ဆက်လိုက်နဲ့ ပြတ်တိပြတ်တောင်း ပြောနေတဲ့ ရဲဘော်ကိုကြည့်ရင်း ဝတ္ထုရဲ့ဇာတ်ကောင်ကို ဖမ်းယူဖို့ ကြိုးစားနေတဲ့ စာရေးဆရာရဲ့စိတ်ထဲ ခံစားချက်မရှိတဲ့မျက်နှာ၊ မဟုတ်ဘူး ခံစားချက်ရှိရင်တောင် မကျေနပ်မှုကလွဲပြီး ကျန်တာ ဘာမှမရှိတဲ့ မျက်နှာပဲလို့ တွေးမိတယ်။
စစ်ပွဲက ပြန်လာတဲ့လူတိုင်း ဒီလိုပဲလား၊ စစ်ပွဲက ပုံစံသွင်းပြီး ထုတ်လုပ်ပေးလိုက်တဲ့ ထုတ်ကုန်တခုကို သူက နမူနာအနေနဲ့ မြင်နေရတာလား။ ဒါမှမဟုတ် ဒါက ဒီရဲဘော်တယောက်တည်းရဲ့ ပင်ကိုယ်ဟန်လား။ စကားပြောနေတဲ့ ရဲဘော်ကို ငေးကြည့်နေရင်းက စာရေးဆရာရဲ့ အတွေးတွေကလည်း မရပ်ဘူး။
ဘယ်လိုပြောရမလဲ၊ ရဲဘော်ရဲ့အသံက လောကကြီးတခုလုံးမှာ ချစ်ခင်တပ်မက်စရာ အလှတရားရယ်လို့ ဘာတခုမှမရှိဘူးဆိုပြီး အဆိုးမြင်နေသလိုမျိုးလို့ ဆိုရမလား၊ စစ်ပွဲက လူတွေရဲ့အကောင်းမြင်စိတ်၊ ချစ်ခင်မြတ်နိုးတတ်တဲ့ နှလုံးသားတွေကို ဖျက်ဆီးတတ်တဲ့ သဘောလား၊ တကယ်လို့များ အလှကိုမမြင်ဘဲ အသက်ရှင်ရမယ်ဆို ဘယ်လောက် တောင် ပင်ပန်းလိုက်မလဲ။
ဒါသာ စစ်ပွဲရဲ့ထုတ်ကုန်ဆိုရင် စစ်ပွဲက ဆိုးရွားပါတယ်ဆိုတာကို အပြောသက်သက် မဟုတ်၊ မျက်ဝါးထင်ထင်ကို မြင်နေရတဲ့သဘောပဲပေါ့။
“စစ်ကို မလွှဲသာလို့ တိုက်ခဲ့ရပေမယ့် ကျနော့်တကိုယ်ရည်အရ ဘယ်လိုမှ အကောင်းမြင်လို့မရဘူး။ ကောင်းတဲ့အချက်လည်း ရှာမတွေ့ဘူး။ စစ်ပွဲဆိုတာ လူ့ပြည်ကို ကျွံထွက်လာတဲ့ ငရဲရဲ့ အစိတ်အပိုင်းလို့ပဲ တွေးမိတာ။ ဘယ်သူမဆို စစ်ပွဲကိုသာ မျက်စိနဲ့ တပ်အပ်တွေ့ဖူးလိုက်ရင် ကျန်တာ ဘာပဲလာလာ ဆိုးတယ်လို့ ထင်တော့မှာမဟုတ်ဘူး။”
နောက်မှသိရတာက ရဲဘော်လေးက စစ်ပွဲအတွင်းမှာ ပျောက်ရှသွားတဲ့ သူ့ရဲ့ အကောင်းမြင်စိတ်ကို ရှာဖွေဖို့ စိတ်ကုဆရာနဲ့ စကားပြောနေရတာတဲ့။
“အကို ကျနော့်ဆီကပဲ မေးရင်တော့ စစ်ပွဲအကြောင်း အဆိုးတွေကလွဲပြီး ကျန်တာ ဘာမှရမှာမဟုတ်ဘူး။ ကျနော့်ရဲဘော်ရဲဘက်တွေ ပြောတာတော့ ကျနော်က အဆိုးမြင်လွန်းတယ်၊ မကျေနပ်စိတ် များလွန်းတယ်။ ပြီးတော့ ဆတ်ဆတ်ထိမခံ ဖြစ်လွန်းတယ်တဲ့၊ အဲဒါကြောင့် စိတ်ကုဆရာဆီ ရောက်သွားခဲ့တာ။”
ရဲဘော်လေးက သူ့စကားကို အဆုံးသတ်တယ်။ စာရေးဆရာအနေနဲ့ စစ်ပွဲရဲ့တဘက်ခြမ်းကို သိဖို့ အခြားသူတွေကိုလည်း မေးသင့်တယ်၊ အဲဒီလိုမဟုတ်ဘဲ စစ်ပွဲက မကောင်းဘူးလို့ ဘက်တခုတည်းအမြင်နဲ့ ရေးလိုက်ရင် ဒီစစ်ပွဲမှာ ပါဝင်ပြီးတိုက်ခိုက်နေတဲ့ သူ့ရဲ့ရဲဘော်ရဲဘက်တွေ အကုန်လုံး ခွေးဖြစ်ကုန်လိမ့်မယ်တဲ့။
သူ့အနေနဲ့ စစ်ပွဲရဲ့အကောင်းဘက်ခြမ်းကို သိအောင် ပြောပြပေးနိုင်မယ့်သူက စိတ်ကုဆရာလို့ ထင်ပါသတဲ့။ အဲဒီနောက် စာရေးဆရာလည်း ရဲဘော်လေးရဲ့စကားကို နားထောင်ပြီး စိတ်ကုဆရာဆီ ရောက်သွားခဲ့တယ်ဆိုပါတော့။
၂။
“အဲ သူပြောမှ အမှုကြီးကုန်တော့မှာပဲ၊ စစ်ပွဲတွေက ကောင်းတယ်လို့ ကျနော် မပြောဘူးနော်”
ပထမတော့ စူးစမ်းသလို မျက်နှာပြပြီး စာရေးဆရာပါလို့ မိတ်ဆက်လိုက်တော့ ဖော်ရွေတဲ့အပြုံးနဲ့ ကြိုဆိုတဲ့ စိတ်ကုဆရာက သူ့ဆီ စာရေးဆရာ ရောက်လာရတဲ့အကြောင်းကို ကြားတော့ ရယ်သံစွက်တဲ့အသံနဲ့ ပြာပြာသလဲ ပြန်ငြင်းတယ်။
“စစ်ပွဲဆိုတာ လူ့အဖွဲ့အစည်းထဲက တွန်းတိုက်မှု၊ လွန်ဆွဲမှု၊ ခွဲဝေမှုတွေကို ဖြေရှင်းတဲ့ နည်းလမ်းတွေအများကြီးထဲက တခု။ ဘယ်သူ အားအကြီးဆုံးလဲ၊ အားကြီးတဲ့သူ အနိုင်ယူဆိုပြီး ဆုံးဖြတ်တဲ့သဘောရတာမို့ တောရိုင်းဥပဒေ ဆန်တယ်။ အထိအခိုက် အပျက်အစီးလည်း များတယ်။ အများဆုံးလို့တောင် ပြောရမယ်။ တချို့လူတွေအတွက်ဆို ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ မခြားဘူးလို့ ပြောရမလား၊ အသက်ပါဆုံးရှုံးရတာ၊ နောက်ပြန်လှည့်လို့ မရဘူး။ ဆိုလိုချင်တာက တခြားနည်းလမ်းတွေ ရှိနေသရွေ့ စစ်ပွဲဆိုတာ မရွေးသင့်တဲ့နည်းလမ်းပဲ။ ဆိုချင်တာက ကျနော်က စစ်ပွဲကို ကောင်းတယ်လို့ ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဒီလိုပြောလို့ စစ်ပွဲမှာ ပါဝင်နေသူတွေကို မှားတယ်လို့ ဆိုလိုတာလည်းမဟုတ်ဘူး။ ဘယ်လို ပြောရမလဲ …”
စိတ်ကုဆရာက ပြောတယ်။ တခြားနည်းလမ်းတွေ ရှိနေသရွေ့ စစ်ပွဲဆိုတာ မရွေးသင့်တဲ့နည်းလမ်း ဆိုတဲ့စကား သူ ပြောခဲ့တယ်တဲ့။ တခါတလေမှာ ပြန်တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းကို ရွေးချယ်လို့မရတဲ့ အခြေအနေဆိုတာ ရှိတယ်တဲ့။ မာန်ဖီနေတဲ့၊ ကိုက်တတ်တဲ့ ခွေးတကောင်နဲ့ ပြေးစရာမရှိတဲ့ လမ်းပိတ်တခုထဲမှာ တည့်တည့်ကြီးရင်ဆိုင် ရရင် ဘာလုပ်မလဲ စဉ်းစားစရာမလိုတော့တဲ့ အခြေအနေမျိုးဆိုတာ လက်ခံတယ် မဟုတ်လားတဲ့။
ဒါကြောင့်ပဲ ကနဦးပြောတဲ့ စစ်ပွဲတွေမကောင်းဘူး ဆိုတာကလည်း စစ်ပွဲထဲ ရောက်နေတဲ့သူတွေကိုလည်း အပြစ်ဖွဲ့တာမဟုတ်ကြောင်း သိစေချင်တယ်တဲ့။ ပြီး ဆက်ရရင် ရဲဘော်လေးကိုပြောခဲ့တဲ့ စစ်ပွဲတွေမှာ ကောင်းတဲ့ဘက်ခြမ်းရှိတယ် ဆိုတာကကျတော့ တမျိုးတဲ့။
“လောကနိယာမအရ ကိစ္စတိုင်းမှာ အကောင်းအဆိုး နှစ်မျိုးလုံးရှိတယ်။ စစ်ပွဲမှာလည်း အတူတူပဲပေါ့။ ပြောရရင် စစ်ပွဲက တချို့ကို အဆိုးမြင်ဝါဒီတွေ ဖြစ်စေပေမယ့် တချို့ကိုတော့ ရင့်ကျက်တဲ့ရဲဘော်တွေ ဖြစ်စေတယ်။ စစ်ပွဲဆိုတာ စနစ်တခု ပြိုပျက်သေဆုံးတာ ဖြစ်သလို စနစ်တခု အသစ်မွေးဖွားတာလည်း ဖြစ်တယ်။ ကြားဖူးတယ်မလား၊ ရင့်ကျက်တဲ့ လူကြီးတယောက် ဖြစ်လာဖို့ ပေါ့ပါးတဲ့ လူငယ်အဖြစ်ကို သတ်ပစ်ရမယ် ဆိုတဲ့စကား။ စစ်ပွဲက အဲဒီလို မျိုးပဲ။ ဆရာတွေ့ခဲ့တဲ့ ရဲဘော်ကကျတော့ စစ်ကြောင့် အကောင်းမြင်ဖို့ မေ့နေတာ။ အဲဒါကို ကျနော်က သတိရအောင် စဉ်းစားခိုင်းတဲ့သဘောပဲ။
“ဥပမာပြရရင် မနက်ခင်း နေရောင်၊ ကော်ဖီကောင်းကောင်း သောက်ရတဲ့ နေ့သစ်၊ ရေဝဝချိုးရတဲ့ ရက်တွေ၊ ရဲဘော်ရဲဘက်တွေရဲ့ ရယ်သံတွေနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ပြီးတော့ ရည်ရွယ်ချက် ပြီးမြောက်သွားတဲ့အချိန် ရရှိတဲ့ ပျော်ရွှင်မှု။ လူ့ ဘဝမှာ မှန်မှန်ကန်ကန် နေနိုင်အောင်က အကောင်းရော အဆိုးပါ မြင်ဖို့ အရေးကြီးတယ်မလား၊ အဲဒါကြောင့် အဲဒီလို ပြောခဲ့တာမှာ သူ့စိတ်ထဲ ကျနော်က စစ်ပွဲကကောင်းတယ်လို့ ပြောသလို ဖြစ်သွားခဲ့ပုံများလား။”
ကျနော်က စစ်ပွဲအကြောင်း မသိတဲ့သူပါတဲ့။ စိတ်ကုဆရာက သူ့စကားကို အဆုံးသတ်တယ်။ စိတ်ကုဆရာရဲ့ စကားကိုနားထောင်နေရင်း စာရေးဆရာ တွေးတယ်။ စစ်ပွဲကို သူ ပုံဖော်တဲ့အခါ ဘယ်လို ပုံဖော်ရမလဲ၊ ကောင်းတာလား၊ မကောင်းတာလား။ စစ်ပွဲထဲ လူတွေရောက်လာပုံကိုရော ဘယ်လို လုပ်သင့်သလဲ။ စိတ်ကုဆရာပြောသလို ငြင်းဆန် မရဘဲ အတင်းအကြပ် ရောက်လာတယ်လို့ ပုံဖော်ရမလား၊ ဒါမှမဟုတ် အဲဒီလိုမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ရောက် လာတယ်လို့ ပုံဖော်ရမလားပေါ့။
ဆရာ့အနေနဲ့ စစ်ပွဲအကြောင်း ဝတ္ထုရေးမယ်ဆိုရင် စစ်ပွဲကို အရောက်သွားသင့်တယ်လို့ သူက ထင်သတဲ့။ ဟဲမင်းဝေးလိုပေါ့ တဲ့။ စိတ်ကုဆရာရဲ့ စကားကိုကြားပြီး စာရေးဆရာလည်း အမလေးလို့ အော်မိတယ်။
၃။
ဟဲမင်းဝေး ဖြစ်ချင်တယ်မဟုတ်ပေမယ့် စိတ်ကုဆရာရဲ့ စစ်ပွဲအကြောင်း ရေးမယ်ဆို စစ်ပွဲကို အရောက်သွားသင့်တယ် ဆိုတဲ့စကားက စာရေးဆရာရဲ့ စိတ်ထဲကနေ မထွက်ဘူး။ ဒီလိုနဲ့ နောက်ဆုံး စာရေးဆရာလည်း နှစ်နာရီနီးပါး ဆိုင်ကယ်စီးပြီး တော်လှန်ရေးရဲဘော်တွေ သိမ်းပိုက်လိုက်နိုင်တယ် ဆိုတဲ့မြို့ကို ရောက်သွားတယ်။
မြို့ကို စဝင်တယ်ဆိုရင်ပဲ စာရေးဆရာရဲ့မျက်လုံးထဲကို အပြိုအပျက်နဲ့ မီးကျွမ်းအိမ်မည်းမည်းတွေ ဝင်လာတယ်။ ပြီးတော့ လူသူကင်းမဲ့နေတဲ့ လမ်းနဲ့ မီးခိုးငွေ့တွေ။ ပျံ့လွှင့်နေတဲ့ ပြာမှုန်နဲ့ ဖုန့်မှုန့်တွေ။ ကျည်သင့်နံရံတွေနဲ့ အုတ်အကျိုးအပဲ့တွေ။
ညှီစို့စို့အနံ့တခု နှာခေါင်းထဲ ဝင်လာတာကြောင့် စာရေးဆရာ ရှာကြည့်တယ်၊ ဘာနံ့လဲ၊ လူသေအလောင်းလားပေါ့။
ဒါပေမယ့် အနားတဝိုက်မှာ ဘာကိုမှ မတွေ့ရဘူး။ မြင်ကွင်းတွေကို လိုက်ကြည့်ရင်းက ဒီလိုနေရာမျိုးမှာ အကောင်းကိုရော ရှာလို့ တွေ့နိုင်ပါ့ဦးမလားလို့ စာရေးဆရာတွေးမိတယ်။
စစ်ပွဲဆိုတာ စနစ်တခုရဲ့ အစတဲ့၊ စိတ်ကုဆရာရဲ့ စကားတချို့ကို စာရေးဆရာရဲ့နားထဲ ပြန်ကြားယောင်တယ်။ စာရေးဆရာ လက်မခံနိုင်ဘူး၊ ဒီလိုအခြေအနေမျိုးမှာ ပြန်ကော စနိုင်ပါဦးမလား။ မဖြစ်နိုင်ပါဘူး၊ ပြီးသွားပြီ၊ အားလုံး ပြီးသွားပြီပဲလို့ ရေရွတ်မိတယ်။
စာရေးဆရာက သူ့ဆိုင်ကယ်နဲ့ လမ်းတွေကို တလမ်းဝင်တလမ်းထွက် ဖြတ်မောင်းခဲ့တယ်။ လူနေအိမ်ပျက်တွေကို တခုပြီးတခု ကျော်ဖြတ်ခဲ့တယ်။ အားလုံး ပျက်စီးသွားခဲ့ပြီ။ မြို့တခုလုံး ရစရာရယ်လို့ မကျန်တော့ဘူး။ မြို့လယ်ခေါင် ကို ရောက်ချိန်မှာတော့ စာရေးဆရာရဲ့ မျက်လုံးတွေက ပြိုကျနေတဲ့ မြို့တော်ခန်းမကနေ လွှဲလို့မရတော့ဘူး။
သူတောင် ဒီလောက်ဝမ်းနည်းမိတာ မြို့သူမြို့သားတွေ ဘယ်လောက်တောင် ဝမ်းနည်းကြလိမ့်မလဲ ဆိုတဲ့စိတ်နဲ့ ခမ်းနားထည်ဝါမှုတွေ ကျန်နေသေးတဲ့ အပျက်အစီးတွေကို ငေးမိတယ်။ အဲဒီတုန်းမှာပဲ စာရေးဆရာရဲ့နားထဲ ဝေးခနဲ အသံတချို့ ဝင်လာတယ်။ ဘာလဲ၊ ဘာသံလဲ၊ ရယ်သံတွေလား။
မြင်ကွင်းက ရုတ်တရက်ဆိုသလိုပဲ ပြောင်းလဲသွားတယ်။ အိုးစည်၊ ဒိုးပတ်သံတွေက ရုတ်ချည်း ဆူံညံလာတယ်။ လမ်းရဲ့ ဘေးဘက်ဝဲယာတလျောက်မှာက နီညို့ညို့ သပြေညွန့်တွေကိုင်ပြီး ရယ်ပြုံးနေတဲ့ လူတွေ။ သူတို့ရဲ့အလယ်မှာတော့ ပြုံးပျော်ဟန်အပြည့်နဲ့ သွက်သွက်လက်လက် ချီတက်လာကြတဲ့ ရဲဘော်တွေ။ အားလုံးက စာရေးဆရာ ရောက်နေတဲ့ မြို့လယ်ခေါင်ဘက်ကို ဦးတည်ပြီး လာနေတာ။
ကြိုနေကြတာ၊ အောင်ပွဲနဲ့ပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြတာပဲ။ အားလုံးရဲ့ဟန်ပန်တွေက အပျက်အစီးတွေ မရှိသလို၊ အဆိုးတွေဆိုတာ မဖြစ်ခဲ့ဘူးသလိုမျိုး။ မြင်ကွင်းကို ငေးကြည့်ရင်းက စာရေးဆရာ ခံစားလိုက်ရတယ်။
ဟုတ်တယ်၊ ဒါ စနစ်တခုရဲ့ အစပဲလို့။
Be the first to comment