စစ်ဖိနပ်အောက်က အနာတရပန်းပွင့်များ

နွေဦးနေ

by The Call
1 views
“စစ်ဖိနပ်အောက်က အနာတရပန်းပွင့်များ”
◼️ နွေဦးနေ
(၁)
ထိုင်း-မြန်မာနယ်စပ်ရှိ သည်မူလွန်ကျောင်းလေးတွင် ကျ​နော် အလုပ်ဝင်နေသည်မှာ လေးလခန့်ရှိလေပြီ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ယုံကြည်မှုကို ဆုပ်ကိုင်ရင်း ကိုယ်မြတ်နိုးရာ ပညာရေးနယ်ပယ်ကို ကျောခိုင်းခဲ့သူ ကျ​နော် ကံကောင်းသည်ဟု ဆိုရမည်လားမသိ။ ထိုင်းနိုင်ငံ၏ စက်ရုံတခုတွင် အလုပ်ကြမ်းများလုပ်ပြီး ရုန်းကန်ရပ်တည်နေချိန်မှာ သည်ကျောင်းကလေး၏ အလုပ်ခေါ်စာကို အွန်လိုင်းမှာတွေ့ခဲ့သည်။ ဖောင်ဒေးရှင်းကျောင်းကလေးမို့ လစာက မက်စက်စရာ မရှိ။ သို့သော် ကိုယ်မြတ်နိုးရာအဝန်းအဝိုင်းလေးကို ပြန်ရမည်။ ထို့ထက် ရွှေ့ပြောင်းမြန်မာကလေးများကို ကူညီဖေးမခွင့်ရမည်။ ဤသို့သောအတွေးစိတ်ကူးများနှင့် သည်ကျောင်းကလေးသို့ ကျ​နော် ရောက်ခဲ့သည်။
မူလွန်ကျောင်းဆိုသော်လည်း ကျောင်းနှင့်မလိုက်အောင် ကလေးဦးရေက များလွန်းနေသည်။ စာသင်ခန်းက မလုံလောက်။ ဆရာဦးရေက လက်တဖက်သာသာ။ မြန်မာသင်ရိုးနှင့် ထိုင်းသင်ရိုးကို ရာခိုင်နှိုင်းအလိုက် တွဲ၍ သင်သည်။ ထိုင်းနိုင်ငံ့မို့ ထိုင်းနိုင်ငံအလံတော်ကို အလေးပြုပြီး ထိုင်းနိုင်ငံသီချင်းကို သီဆိုကြရသည်။ ဘာသာတရားကိုတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည်။
“အရင်ကတော့ ကလေးတွေက ဒီလောက်မများဘူး။ စုစုပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်ပဲ။ ဒီကနေ သုံးတန်း၊ လေးတန်းအောင်ရင် မြန်မာပြည်ပြန်ပြီး ကျောင်းတက်ကြတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေချည်းပဲကိုး။ အခုကာလတော့ ကိုယ့်တိုင်းပြည်က မငြိမ်းချမ်းတော့ ကလေးတွေက မြန်မာပြည်မပြန်ကြတော့ဘူး။ ဒီကြားထဲ စစ်ရှောင်မိဘတွေနဲ့အတူပါလာတဲ့ ကလေးတွေပါတိုးလာတော့ နှစ်ရာကျော်၊ သုံးရာရှိလာတယ်။ ဒါနဲ့ပဲ မူလွန်အဆင့်ထိတိုးလိုက်ရတာပဲ” ဟု ကျောင်း၏ ပညာရေးတာဝန်ခံက ရှင်းပြသည်။
(၂)
ပြည်တွင်းမှာ ပညာရေးဝန်ထမ်းဘဝနှင့် လုပ်သက် တဆယ့်ငါးနှစ်ကျော်အတွေ့အကြုံရှိခဲ့သော ကျ​နော့်ကို သည်ကျောင်းလေးက အတွေ့အကြုံအသစ်၊ ခံစားမှုဝေဒနာအသစ်တို့နှင့် ခရီးဦးကြိုပြုလို့နေသည်။ စာသင်ခန်းထဲသို့ ဝင်ဝင်ချင်း ပထမဆုံး သတိထားမိသည်မှာ အားငယ်စိတ်ပျက်၍ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းလေးများ၊ အရယ်အပြုံးမရှိသော နှုတ်ခမ်းလေးများပင်။ သည်ကျောင်းမှာ မူကြိုကတည်းကနေလာသော ငယ်မွေးခြံပေါက်ကလေးများမှလွဲ၍ လတ်တလောအခြေအနေများကြောင့် အသစ်ရောက်လာသူကလေးများမှာ သံပတ်ပေးထားသောအရုပ်ကလေးများနှယ် တက်ကြွပျော်ရွှင်မှု အလျဉ်းမရှိ။ အဘယ်မှာ ပျော်နိုင်ပါအံ့နည်း။ သူတို့ချစ်သော ရပ်ရွာဒေသ၊ သူတို့ချစ်သော စာသင်ကျောင်း၊ သူတို့ချစ်သော သူငယ်ချင်းအပေါင်းအသင်းနှင့် ဆွေမျိုးတို့ကို ခွဲခွာလာကြသူများပင် မဟုတ်ပါလော။ ဘာသာစကားမတူ ဓလေ့ကွဲပြားသည့် ဤအရပ်မျိုးတွင် ကလေးများ မဆိုထားနှင့်။ ကျ​နော်တို့လူကြီးများပင် ဆရာကြီးမင်းသုဝဏ်၏ စကားအတိုင်း “လူလည်းတထွေ ရေလည်းတခြား”ဟု ကြေကွဲတသ ဆိုမိကြသည်ပင်။ သို့နှင့် ကျ​နော်တို့မှာ ကလေးများကို စာမသင်ခင် နှစ်သိမ့်အားပေးသမှု ပြုရသည်။
“သားတို့ သမီးတို့ ဘာမှ အားမငယ်ကြနဲ့။ တို့တတွေ ဒီမှာ အမြဲလာနေကြတာမဟုတ်ဘူး။ ခေတ္တခဏပဲ။ အာဏာရှင်ကို မကြိုက်လို့ထွက်လာခဲ့တာ။ တို့တိုင်းပြည် ညကောင်းရင် မနက်ထပြန်မယ်။ မပြန်နိုင်သေးခင်မှာ တို့တတွေ ထိုင်နေလို့ မဖြစ်ဘူး။ နိုင်ရာဝန်ထမ်းကြရမယ်။ သားတို့ သမီးတို့လည်း ပညာရေးလမ်းစပြတ်လို့ မဖြစ်ဘူး။ ကြိုးစားလေ့လာသင်ယူကြ။ တို့တွေ စိတ်ဓာတ်ကျ အားငယ်နေရင် အာဏာရှင်ဆိုတဲ့သူတွေကို အရှုံးပေးရာ‌ ရောက်မယ်။ ဘယ်နေရာ၊ ဘယ်အခြေအနေဖြစ်ဖြစ် တို့တတွေလုပ်နိုင်တယ်၊ သင်ယူနိုင်တယ်ဆိုတာ ပြရာမယ်။ အချိန်တန်ရင် တို့နိုင်ငံကို ပြန်ကြမယ်။ သားတို့သမီးတို့ ကျောင်းတွေ၊ တက္ကသိုလ်တွေ ဆက်တက်ကြရမယ်” ဟု အားပေးသမှုပြုလိုက်မှသာ ကျ​နော့် ဥယျာဉ်ထဲက ရေငတ်ပန်းကလေးတို့ လန်းဆန်းသက်ဝင်လာကြသည်။
ဤကျောင်းလေးတွင် သာမန်ကျောင်းများနှင့် မတူသော နောက်တချက် ရှိနေသေးပြန်သည်။ အသက်နှင့်အတန်းမမျှသော ကျောင်းသား၊ ကျောင်းသူများကို တွေ့ရခြင်းပင်။ စာသင်ရင်း ကလေးတို့ကို မေးမြန်းကြည့်မည်ဆိုပါက သူတို့ဘဝအကြောင်းကို သူ့ထက်ငါဦးအောင် ရင်ဖွင့်တတ်ကြသည်။ သည်အခါမျိုးတွင်တော့ ကျ​နော့်မှာ သောတအာရုံတံခါးကိုသာမက နှလုံးသားတံခါးကိုပါ ဖွင့်၍ နားထောင်ပေးမိသည်။
“သားက နှစ်တန်းအထိ အတန်းထဲမှာ ပထမပဲ။ သုံးတန်းနှစ်ရောက်တော့ ကိုဗစ်နဲ့ ကျောင်းတွေပိတ်လို့ ကျောင်းမတက်ရဘူး။ နောက်နှစ်တွေကျ ကျောင်းတက်မယ်လုပ်တော့ သားတို့ဒေသမှာ စစ်ပွဲတွေ နေ့စဉ်ဖြစ်လာတယ်။ ဒါနဲ့ သားတို့စစ်ရှောင်ရတော့တာပဲ။ သားတို့နေတဲ့စစ်ရှောင်စခန်းတွေမှာလည်း ဗုံးကြဲခံရတော့ သားတို့ အောက်လမ်းကနေ ထိုင်းကို တက်လာတာ။ ဒီရောက်တာ သုံးလရှိတော့မယ်။ အဖေနဲ့ အမေက အထောက်အထားစာရွက်စာတမ်းမရှိသေးလို့ အလုပ်ကောင်းကောင်းမရသေးဘူး။ သားတော့ အိမ်ပြန်ချင်တာပဲ ဆရာကြီး ခင်ဗျ” ဟု သည်ကျောင်းမှာ လေးတန်းတက်နေသော ရှိုင်းဘိုက ရင်ဖွင့်လာသည်။
အမှန်မှာ အသက်(၁၁)နှစ်ခန့်မို့ ရှိုင်းဘို ပဉ္စမတန်းရောက်သင့်ပြီ။ သို့သော် အခြေခံမခိုင်ဘဲ အတန်းများများကျော်၍ မဖြစ်။ သို့နှင့် စတုတ္ထတန်းမှာ စ,နေစေရသည်။ ရှိင်းဘို၏ ဇာတ်လမ်းနှယ် အဆင်တူ အရောင်ကွဲသော ကျ​နော့်တပည့်လေးများ၏အကြောင်းကို မှတ်တမ်းပြုပါလျှင် စာတအုပ်စာမက ရှိလိမ့်မည်။
သင်ခန်းစာများ သင်ကြားသော အခါများတွင်လည်း ကျ​နော်တို့မှာ သတိရှိရပြန်သည်။ တနေ့ ကျ​နော် တတိယတန်းတွင် လူမှုရေးဘာဟာ သင်ကြားနေရင်း ကျောင်းသားများကို အခန်းတွင်း အလုပ်ပေးမိသည်။
“သားတို့၊ သမီးတို့ နေတဲ့ကျောင်းရဲ့ စနစ်ပုံဆွဲကြမယ်။ ဆရာကြီး သင်ပုန်းပေါ်မှာဆွဲထားတဲ့ နမူနာကို ကြည့်ပါ။ တယောက်နဲ့ တယောက်တူစရာ မလိုဘူးနော်”
“ဒီကျောင်းပုံပဲ ဆွဲရမလား။ သားတို့ တက်ခဲ့တဲ့ မြန်မာပြည်က ကျောင်းပုံဆွဲလို့ရလား”
တပည့်လေးတဦးက သွက်သွက်လက်လက်ထမေးသည်။ ကျ​နော်လည်း ခေါင်းထဲမှာ အလင်းတချက် ဝင်းခနဲဖြစ်သွားသည်။
“ရတာပေါ့။ မြန်မာပြည်မှာ ‌တက်ခဲ့ဖူးတဲ့ ကျောင်းပုံဆွဲ။ တယောက်နဲ့ တယောက်မတူနိုင်တော့ဘူး။ ကလေးတို့ကျောင်းတွေကို ဆရာကြီးလည်း ကြည့်ချင်တယ်”
သူတို့ပုံဆွဲနေစဉ် စာသင်ခုံတန်းများကြား လမ်းလျှောက်ရင်း သူတို့ ဆွဲသားနေမှုကို ကျ​နော်လိုက်လံကြည့်ရှုပေးမိသည်။ မိန်းကလေးဘက်ခြမ်း၏ နောက်ဆုံးခုံတန်းအရောက် ‌ဘာမျှ မဆွဲရသေးဘဲ ငိုင်ငိုင်ကြီးထိုင်နေသော ပြည့်ပြည့်ကို တွေ့ရသည်။ ပြည့်ပြည့်က စာရပြီး ပုံဆွဲလည်း မညံ့သည့် ကလေး။ နေမကောင်း၍များလားဟု ကျ​နော် စိတ်ပူသွားသည်။
“သမီး ပြည့်ပြည့်။ ဘာလို့ ပုံမဆွဲသေးတာလဲ။ နေမကောင်းလို့လား”
“မဟုတ်ဘူး… ဆရာကြီး။ သမီးက သမီးတို့ကျောင်းကို ဆွဲပြရမှာလား…”
ကျ​နော့်ကို မော့ကြည့်ရင်း ပြောလာသော ပြည့်ပြည့်မျက်ဝန်းမှာ ကျလုလု မျက်ရည်ကြည်များ လဲ့နေကြသည်။ အို တခုခုတော့ မှားနေပြီဟု ကျ​နော် သိလိုက်သည်။ ပြည့်ပြည့်က သူ့စကားကို ဆက်သည်။
“သမီးတို့ရွာရော၊ စာသင်ကျောင်းရော မီးလောင်လို့ မရှိတော့ဘူးရယ်။ သမီး ဘယ်လို ဆွဲရမလဲ စဉ်းစားနေတာ”
အဖြူထည်သက်သက် မျက်နှာကလေးနှင့် ကျ​နော့်ကို မော့်ကြည့်နေသော သည်ကလေးလေးကို အားပေးရန်စကားလုံး ကျ​နော့်မှာ ရုတ်တရက်ရှာမတွေ့ခဲ့။ သည်အချက်တွေကို ခြုံငုံမစဉ်းစားမိသော ကျ​နော်၏ ညံ့ဖျင်းမှုကိုသာ အပြစ်တင်နေမိသည်။
“ဪ… ရတယ် သမီး။ အရင်က ရှိခဲ့ဖူးတဲ့ ကျောင်း‌ပုံလေးကိုပဲ စဉ်းစားဆွဲရင် ရတယ်။ နောက်ပြီး သမီးကျောင်းလေးမှာ အရင်က မရှိခဲ့လည်း အခု သမီးစိတ်ကူးနဲ့ အသစ်ထည့်ချင်တာလေးတွေ ထည့်လို့ရတယ်။ ဥပမာ ‌ရေကူးကန်လေး ဖြစ်ဖြစ်၊ ပန်းခြံလေး ဖြစ်ဖြစ်ပေါ့။ ဆရာတို့တတွေ တနေ့မှာ သမီးတို့ကျောင်းကလေးကို အသစ်ပြန်ဆောက်ကြမယ်လေ”
ဤသို့ ကျွန်တော် ဆိုလိုက်မှ ပြည့်ပြည့်ကလေး စတင်ပုံဆွဲနိုင်တော့သည်။
(၃)
ဆိုခဲ့သည့် အကြောင်းအရာများကို ဤကျောင်းကလေး၏ ကျောင်းသက်တမ်းနှင့်အညီ လုပ်သက်ရနေသော စီနီယာ ဆရာတဦးကို ရင်ဖွင့်ပြောပြမိသည်။ ထိုဆရာက ကျ​နော့်ကို မချိပြုံးပြုံးပြရင်း ခေါင်းညိတ်သည်။
“ဒါတောင် ဆရာက ကလေးတွေရဲ့ ဝေဒနာပဲ သိသေးလို့။ ဆရာ့ရှေ့နှစ်က အလုပ်ဝင်တဲ့ မြန်မာစာဆရာမ မဝေရဲ့ အဖြစ်ကို သိပြီးပြီလား”
စာသင်ခန်းထဲတွင် တက်ကြွသလောက် ကျန်အချိန်များတွင် နှုတ်ဆိတ်နေတတ်သော ဆရာမ မဝေကို ရောက်စကပင် ကျ​နော် သတိပြုမိသည်။
“ဆရာမ မဝေကို စီဒီအမ် လုပ်လို့ဆိုပြီး စစ်သားတွေလာဖမ်းကြတယ်။ ည ခုနစ်နာရီလောက်ပေါ့။ ဆရာမက သူ့အမေမုဆိုးမနဲ့ သားအမိနှစ်ယောက်တည်း နေကြတာ။ ဒါနဲ့ ဆရာမလည်း သတင်းရတော့ သူ့ရွာအရှေ့ဘက်က ကိုင်းတောထဲကို ‌ညကြီးမှောင်နဲ့ မည်းမည်း သွားပုန်းနေတယ်။ ည ကိုးနာရီလောက်မှာ သေနတ်သံနှစ်ချက် ကြားလိုက်ရတော့ ဆရာမက ကျန်ခဲ့တဲ့ သူ့အမေကို စိတ်ပူသွားတယ်။ သားအမိနှစ်ယောက် အတူပြေးဖို့ ခေါ်တုန်းက သမီးသာရှောင်နေ။ စစ်သားတွေလာရင် အမေကြည့်ပြောမယ် ဆိုပြီး သူ့အမေက နေခဲ့တာကိုး။ အဲဒီ သူကြားတဲ့ သေနတ်သံက သူ့အမေကို ပစ်သတ်လိုက်တဲ့ သေနတ်သံပဲ”
ဆရာက စကားကို မဆက်ဘဲ သက်ပြင်းမောကို ချနေသည်။ ကျ​နော့်မှာ ရင်ဘတ်ထဲက မကောင်းချင်တော့။
“ဆရာမဆို ရူးမတတ်ပေါ့။ ထိုင်းမှာ ရောက်နေတဲ့ သူ့တပည့်တပန်းတွေက ဘေးလွတ်အောင် စီစဉ်ပေးရင်း ဒီကို ရောက်လာရတာပဲ။ ဒါပေမဲ့ ဆရာမက စိတ်ဓာတ်အမာရယ်။ ခင်ဗျား သူ့ဆီကနေ နောင်တဆိုတဲ့စကား ကြားဖို့တော့ မမျှော်လင့်နဲ့”
ဆရာမ မဝေအကြောင်းကို ပြောပြပေးသည့် ဆရာက သက်ပြင်းရှည်ချကာ ထွက်သွားသည်။ ကျ​နော့်မှာ နာကြည်းမှု၊ အမုန်းတရားတို့နှင့်အတူ တောက်ခေါက်မိသည်။ မိခင်၏ နောက်ဆုံးခရီးကိုပင် လိုက်ပါပို့ဆောင်မပေးနိုင်သော ဆရာမအတွက်လည်း စာနာမှုနှင့်အတူ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရသည်။
ကျ​နော်တို့ နိုင်ငံတွင် ဆရာမ မဝေသို့ စစ်၏ ဆိုးဝါးစွာရိုက်ခတ်မှုခံရသည့် မိန်းမသားများ မည်မျှ ရှိလိမ့်လေမလဲ။ ဆရာမ၏ အမေကဲ့သို့ ဓားစာခံဖြစ်သွားရသော မိန်းမသားများ မည်မျှရှိလိမ့်လေမလဲ။ စစ်ဒဏ်ကို ဘုမသိ ဘမသိ ခံရရှာသော ကျ​နော့်တပည့်လေးများနှယ် ကလေးငယ်တို့ မည်မျှ ရှိလိမ့်လေမလဲ။ အရေအတွက် နည်းပါစေကြောင်း ကျ​နော် ဆုတောင်းမိသည်။ ကျွန်တော့်ဆုတောင်း ပြည့်မည်မထင်။ သွေးဆာနေသော စစ်မိစ္ဆာဘီလူးတို့တွင် မိခင်ချင်း၊ နှမသားချင်း၊ သားသမီးချင်း စာနာစိတ်သည် နတ္ထိ။ မစင်အတိပြီးသော ဦးနှောက်တို့နှင့် အဘယ်သို့သော စာနာစိတ်ကို နေရာပေးနိုင်မည်နည်း။ အဘယ်သို့သော ဆင်ခြင်တုံတရား ရှိနိုင်ပါမည်နည်း။ ဝေးစွ။ စစ်မိစ္ဆာဘီလူးတို့ မရမ်းကား၊ မပြုဝံ့အပ်သော မကောင်းမှုသည် မရှိ။ အမိုက်ကမ်းကုန်ကြသူများပင် မဟုတ်ပါလော။
(၄)
ကျ​နော်က “ကြယ်ငါးကောက်သူ” ပုံဝတ္ထုထဲကလူလို ကျ​နော်နိုင်သမျှ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက်တပည့်သားတို့အတွက် အလုပ်လုပ်ခွင့်ရနေသည်ဟု ဂုဏ်ယူနေမိသည်။ တက်ကြွနေမိသည်။ မျှော်လင့်ချက် အပြည့်ရှိနေသည်။ သို့သော် ကျ​နော်တို့သည် သူတပါးတိုင်းပြည်မှာ ရေပြည့်ကန်သာအလယ်က တင့်တင့်တယ်တယ် ကြာပန်းများမဟုတ်။ ရေမျောကမ်းတင် ဗေဒါပန်းများသာ။ နေရာမရကြ။ မတည်ငြိမ်ကြ။ တန်ဖိုးမရှိကြ။ အနှိမ်ခံသက်သက်သာ။ ထိုအခါ ကျ​နော်တို့ လူကြီးများအဖို့ မထောင်းသာသော်လည်း ကလေးများအရေးဖြစ်ပါမူ ကြံရာမရ ဖြစ်မိသည်။
ပြီးခဲ့သည့်နှစ်ကစ၍ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းအချို့ အပိတ်ခံနေရသည်။ ထိုင်းပညာရေးဥပဒေအရ သတ်မှတ်စည်းကမ်းနှင့်မညီ၍ဟု ဆိုသည်။ မည်သို့ဖြစ်စေ ကလေးတို့ အဖို့ ပညာရေးလမ်းစပျောက်ကုန်သည်။ ထိုင်းကျောင်းများသို့ ကူးပြောင်းပညာသင်ခွင့် ရှိသည်ဆိုငြား အနည်းငယ်သာ ပြောင်းကြသည်။ အများစုက ‌သူတို့ကျောင်းတွေ ပြန်ဖွင့်ခွင့်ရရေးသာ မျှော်လင့်နေသည်။ “ကိုယ့်တိုင်းကိုယ့်ပြည် အေးချမ်းရင် ပြန်မှာ။ ဒီမှာ တသက်လုံး မနေနိုင်ဘူး။ ကိုယ့်ကလေးတွေကို ကိုယ့်မြန်မာစာစကားလည်း အဆက်မပြတ်စေချင်ဘူး။ ကိုယ့်ရပ်ရွာ အေးချမ်းရင် ကိုယ့်ရွာကိုယ်ကျောင်း ပြန်ထားမှာလေ” ဟု ကျောင်းသားမိဘများး၏ ရင်ဖွင့်သံကို ကြားရသည်။
ထိုင်းကျောင်းမသွားလည်း အိမ်မှာပဲ နေလျှင် ရသည်ပဲ။ မြန်မာစာသင်ရိုးကို အွန်လိုင်းက လေ့လာလျှင် ရသည်ပဲဟု ဖြေတွေးတွေးကြည့်နိုင်သည်။ သို့သော် မိဘများ အလုပ်ခွင်သွားချိန် အိမ်ခန်းတန်းလျားမှာ ကျန်ခဲ့သော ကလေးတို့ ဘဝက မလုံခြုံ။ သက်ငယ်မုဒိန်းဟူသော အန္တရာယ်က ရှိနေပြန်သည်။ ရင်နင့်စဖွယ် အဖြစ်အပျက်သာဓကများက ရှိထားနှင့်သည်မို့ မိဘများမှာ စိုးတထိတ်ထိတ် ဖြစ်ရသည်။ သူများနိုင်ငံသားကိုသာမက ကိုယ့်နိုင်ငံသား အချင်းချင်းလည်း စိတ်မချရ။ မိဘများ အလုပ်ခွင် ဖြောင့်ဖြောင့်မဝင်နိုင်။
သို့ပါ၍ သတ်မှတ်စည်းကမ်းနှင့်အညီ ကျောင်းများပြန်ဖွင့်ခွင့်ရရေးကို ရွှေ့ပြောင်းမြန်မာအရေး ဦးဆောင်နေသော ခေါင်းဆောင်တို့ ကြိုးပမ်းနေကြသည်။ ယခုအချိန်ထိတော့ ကျောင်းအတော်များများ ပြန်ဖွင့်ခွင့် မရသေး။ ထိုအဖြစ်မှ လွင့်စင်လာသော မီးပွားကြောင့် အခြား ရွှေ့ပြောင်းမြန်မာကျောင်းများကိုပင် စည်းကမ်းပိုကြပ်လာသည်။ လိုက်နာရုံမှတပါး ကျ​နော်တို့မှာ တခြား ဘာများ ရွေးချယ်ခွင့် ရှိပါမည်နည်း။
(၅)
ပန်းတို့သည် သဘာဝအတိုင်း လွတ်လပ်စွာ ဖူးပွင့်နေသင့်သည်။ လေပြည်တွင် ရနံ့တသင်းသင်းနှင့် အလှပဆုံး ဖူးပွင့်ခွင့်ရှိသည်။ သို့သော် ထိုထိုပန်းကလေးများသည် အကြင်နာတရားကင်းမဲ့သော စစ်၏ လောင်းရိပ်တွင်မူ အဘယ်သို့ ဖူးပွင့်နိုင်ပါအံ့နည်း။ လမ်းမမြင်။ သို့ပါ၍ ပန်းကလေးများ စစ်ဖိနပ်တို့အောက် နင်းချေဖျက်ဆီး မခံရအောင် ကျွန်တော်တို့အားလုံး နိုင်ရာဝန်ထမ်းကြရမည်။ စည်းလုံးကြရမည်။ သတ္တိရှိကြရမည်။ ဇွဲရှိကြရမည် မဟုတ်ပါလော။
ကမ္ဘာပေါ်ရှိ ပန်းကလေးများ ပန်း၏ အခွင့်အရေး အပြည့်အဝဖြင့် လွတ်လပ်ပျော်ရွှင်စွာ အရောင်အသွေးစုံစုံဖြင့် ဖူးပွင့်လန်းဖြာ နိုင်ပါစေကြောင်း ကျ​နော် ဆန္ဒပြုနေမိသည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment