“စစ်ဘေးဒုက္ခသည်”
မောင်သုည (ရှပ်ပုံသားလေး)
(၁)
စစ်သည် စစ်ပီသပါပေ၏။ ထို့ကြောင့် ဘယ်ဘုရားမှ အသက်ပိုမပေးသော သတိတရားသည် သူ့ရင်ထဲ ကိန်းဝပ်လျက် ရှိသည်။ သူ့ရှေ့၌ အသက်နှင့်ခန္ဓာ အိုးစားကွဲသွားရသည့် ရွာသားများကိုလည်း အကြိမ်ကြိမ်အဖန်ဖန် သူတွေ့မြင်ခဲ့ဖူးသည်။ အသက်ရူနေသူများကို ကြည့်ပြန်သော်လည်း ခေါင်းမလှုပ်သာ ခြေမလှုပ်သာနှင့် ကျောပြင်က ခြင်းတောင်းထဲတွင် အိုး၊ ခွက်၊ ပန်းကန်၊ ကလေးနှီးအပြည့်။
ပုခုံးတွင် စလွယ်သိုင်းလွယ်ထားသော ကလေးမှာမူ နို့မဝ၊ ရေမဝနှင့် အမေတယောက်၏ မျက်ဝန်းတစုံကို ဆွဲငင်နေသည်။ လက်တွင် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြေးလိုက်လာသော သားတယောက်က ကျောင်းမတက်ရ။ ပညာဆိုတာ ဂျို (ချို) နှင့်လားဟု မမေးရုံတမည်၊ ကပြာကယာ ခူးခပ်ထည့်လာသော ထမင်းကြမ်းခဲကို အငိုမျက်ဝန်းနှင့် မြိုချနေရှာ၏။
ရွာက ဘိုးရွှေမြဆိုသူကတော့ အပျိုပေါက်မလေးနှစ်ယောက်ကို ဘုရားတ၍ အော်ရှာရင်း သောကမီးတောက်လောင်နေသည်။ နင်းနေကြ ခြေဖဝါးပင် ဆူးငြောင့်ခလုတ်ကန်သင်းတိုက်၍ သွေးခြေဥသော်ငြားလည်း သတိမမူနိုင်ခဲ့။
ဤမြေ၊ ဤတော၊ ဤရေ၊ တောင်စွယ်ချောင်းများသည် မျက်ရည်များ စီးကျနေသယောင် သူ ခံစားကြေကွဲနေမိသည်။ ယခုတော့ တောတောင်တန်းအထပ်ထပ်တို့သည် သူ့တို့အတွက် အမှန်စင်စစ် ကိုးကွယ်အားထားစရာ ဖြစ်လာလေပြီ။
သူအတွေး၌ ဘယ်မြေကိုနင်းနင်း သူနင်းမိသော မြေမှန်သမျှသည် နားထဲ အသုဘသီချင်းသံက ပဲ့တင်ထပ်နေသယောင် ထင်နေမိ၏။ ဒုက္ခသည်ဟူသည် ဤသို့ဤပုံလော။ တိုးတက်ပြောင်းလဲနေသည့် ခေတ်စနစ်၌ သည်ဒုက္ခမျိုး သူ မကြုံဖူး၊ ကြုံတော့လည်း ထူးလို့။ စစ်မီးသည် နေရာအနှံ့ လောင်မြိုက်နေသည်။ ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ၊ သူတို့ရွာ မီးလောင် … အော်ဟစ် … တရွာလုံး တအိမ်မကျန် လောင်ကျွမ်းနေသောမီးများ သူ့မျက်စိထဲက မထွက်။
အမေရှိစဥ်တုန်းကတော့ အမေက –
“ပြည်တွင်းစစ်ရှည်ဆုံးက ဒီနိုင်ငံပဲ။ စစ်တွေ ဘယ်ချိန်ပြန်ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။ မိုးကောင်းတုန်း ရေခံထား နန်းမြသင်းရဲ့” ဟု ဆို၍ သူက –
“တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး အမေ” ဟူသောစကားနှင့် ချေပဖူးသည်။ ယခုတော့ ဘယ်သူ့ကိုကြည့်ကြည့် မျက်ဝန်းများက သူသူငါငါ ဗျာပါရ တောက်လောင်နေသော အနိဋ္ဌာရုံတို့ နှလုံးသားထဲတွင် ကြီးစိုး၍နေတော့သည်။
ဤနိုင်ငံ၌ အသက်ရှင်ရသူများသည် သေသူပမာ ဖြစ်နေသည်ကား ငြင်းဖွယ်ရာမရှိတော့ချေပြီ။ သူ တွေးရင်းတွေးရင်း မှုန်ရီဝေဝါး ကောင်းကင်အောက်တွင် ပျံသန်းနေသော ငှက်တို့ကို မော့ကြည့်မိသည်။ ထို့နောက် မချိတင်ကဲ ခံစားရသော ဝေဒနာဆန်းတို့က မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ ရစ်ဝဲ စုပြုံလာတော့သည်။
(၂)
ဟိုးရှေ့ မှိုင်းပျပျ ဝါးရိပ်အောက်မှာတော့ အရေးပေါ်ကျွေးရန် ဆန်ပြုတ် ပြုတ်ပြီး ဝေနေသည်။ ဆေးများလည်းပေးနေသည်။ သို့သော် လူအများက သူတို့မှာပါလာသော ပန်းကန်လုံးများဖြင့် ဆန်ပြုတ်ဝေနေသောနေရာသို့ အပြေးအလွှားသွားနေကြသည်။
သူကိုယ်၌မူ နင်းထားမိသောမြေပြင်မှ ခြေတို့ကို မကြွဝံ့တော့အလား တကိုယ်လုံး တုန်ချည့်၍နေသည်။ ခေါင်းကလည်း မူးမူးလာ၏။ မျက်စိက ရီပြာပြာဖြစ်နေ၍ သူအနားယူချင်နေသည်။
တောင်စွယ်မှာတော့ နေလုံးက မြုပ်တော့မည်။ မိုးချုပ်လျှင် မည်သို့နွေးထွေးမှုမျိုးနှင့် အိပ်စက်ရဦးမည်နည်း သူမသိ။ ကျောတပြားစာ လဲလျောင်းရန် နေရာတခုကို ရှာကြည့်သော်လည်း ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုသလို မြေပြင်တခုလုံးက မိုးစက်များနှင့် ပြန့်နှံ့စိုစွတ်နေတော့လေသည်။
“ဒုက္ခ … ဒုက္ခ … စစ်ဒုက္ခ”
သူ့တကိုယ်ကြားရွေရွတ်ရင်း မရောက်လာသေးသည့် မနက်ဖြန်တွင် ခင်ပွန်းနှင့်သမီးကို ပြန်တွေ့ရဖို့ ဆုတောင်းရင်း ခေါင်းမီးတောက်နေသည်။ ကွဲကွာပျက်စီးခဲ့ရသော ထိုထိုသော မိသားစုအားလုံးပင်လျှင် သူ့လို ဆုတောင်းနေကြလေသည်။ ငြိမ်းချမ်းရေးက သူတို့ကို ဘယ်နေရာက လက်ရမ်းခေါ်နေမည်နည်း။ ကယ်တင်ရှင်ဘုရားလည်း ဘယ်အရပ်၌ စံမြန်းနေသနည်း။ သူ၏ မျှော်လင့်ချက်က တောင်တန်းအထပ်ထပ် တောအထပ်ထပ်၌ ဒုက္ခများက ဆွဲငင်အားပြင်းစွာ ရှိနေသည်။
လူ့ပြည်သည် ငရဲပြည်နှင့် တသားတည်း ထပ်တူကျနေရော့သလား။ သူ ဘုရားတရားများ မေ့လျော့ခဲ့၍ ဤဒုက္ခသောကများနှင့် ကြုံနေရသည်လော။ သူ့အတွေးတို့ စိုးစဥ်းမရ။ ယခုချိန် နိဗ္ဗာန်ကို ရောက်ရပါလို၏ ဆုတောင်းထက် ဤ စစ်ကျွန်ဒုက္ခ၊ စစ်ဘေးဒုက္ခမှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ဟူသော ဆုကိုသာ မြန်မြန်ပြည့်ချင်သည်။
ညမှောင်သော် အရောင်ပျပျ ဖယောင်တိုင်းမီးများ ၊ မီးခိုးငွေ့များ ဘယ်ဝန်းကျင်ကိုမှ လင်းခွင့်မရှိ ဆွတ်ပျံခွင့်မရှိ။ ဤဘဝ၌ ရှင်သန်ခြင်းကို မျက်ကန်းတယောက်လိုပင် နေ့လည်း စမ်းတဝါးဝါး ညလည်းစမ်းတဝါးဝါး အသက်ရူနေခဲ့ရသည်။ သည်လိုဝဋ်ကြွေးမှ လွတ်မြောက်ဖို့ရာ ဘယ်ဘုရားများ စွမ်းနိုင်ပါမည်နည်း။ ဆုတောင်းပြည့် စေတီပုထိုးများလည်း အပိုင်းပိုင်းပြတ်၍နေလေပြီ။
တနေ့က သူ့အိပ်မက်ထဲတွင် နတ်ဆိုးသည် –
”မင်းတို့နိုင်ငံမှာ လူ့အသက်ဆိုတာ အလွယ်ရသော အရင်းအနှီးတခု။ မင်းတို့အသက်တွေကို ကုန်တိုက်တွေမှာ မတင်ရောင်းသေးတာ ကံကောင်းနေသေးတယ်” ဟု လာပြောနေသယောင်။
သည်နိုင်ငံတွင် ငြိမ်းချမ်းရေးအတွက်သာ မည်သူမျှ လက်ကျောမတင်း။ သူ့တို့ဘဝလေးကွက်ပြီး တကိုယ်စား ကောင်းစားဖို့ စီးပွားရေးဈေးကွက်ကို သေနတ်ပြောင်းဝက ဤသို့ဤပုံ ထုတ်လုပ်ရမည်ကိုတော့ သူတို့ ကောင်းကောင်းသိပုံရသည်။
သေနတ်ပြောင်းဝကထွက်သော ကုန်ဈေးနှုန်းကိုလည်း အသက်နှင့်ဘဝ လဲထပ်၍ ဝယ်ယူစားသုံးနေရသည်ကို မျက်ကွယ်ပြုထားသော မင်းဆိုးမင်းညစ်များနှင့်လည်း သံသရာဆက်ဆက် ဝေးရပါလို၏။
သူ ဘာလုပ်သင့်သနည်း။ တောကိုကိုးကွယ်ပြီး တောင်ကို ဘုရားသဖွယ် ယုံကြည်ရုံမှတပါး သူ ဘာမျှ မလုပ်နိုင်တော့ပြီလော။ ဘယ်သူမှလည်း ဤကြမ္မာဆိုးကို ပြောင်းလဲယူ၍ မစွမ်းသာတော့ပြီလော။ စစ်မှန်သော ငြိမ်းချမ်းရေးကို သူလိုချင်ပါသည်။ စစ်မှန်သော လွတ်မြောက်ခြင်းကို သူခုန်မင်ပါသည်။ စစ်မှန်သော တရားစစ်စစ်ကို သူမြတ်နိုးပါသည်။
သူ့တို့အတ္တများကြောင့် ဘာမျှ မသိနားမလည်သည့် လူမမည်လေးများလည်း ကြွေလွင့်ခြင်းမှ လွတ်မြောက်စေလို၏။ ခေါင်းတလားရိုက်နေသော ချိုးဖြူငှက်တို့လည်း ငြိမ်းချမ်းသာယာသောဘဝနှင့် မြင်ချင်ပါ၏။ ထိုက်တန်ပါ၏။ နတ်ကောင်းနတ်မြတ်များ ဤ ပစ္စန္တရစ်လောကအား စောင့်ရှောက်တော်မူပါ။ သူ့အတွေးတို့က ငြိမ်းချမ်းရေးကို ဆာလောင်နေတော့သည်။
နောက်ထပ် သူ့လို အသိုက်အမြုံကလေးများ ထပ်မမြင်လိုတော့ပါ။ နောက်မျိုးဆက်များကို ငြိမ်းချမ်းသော အဆင့်မြင့်သော နိုင်ငံသားများအဖြစ် သူမြင်လိုပါသည်။
(၃)
တနေ့က အလှူရှင်တယောက်က အသားလှူဒါန်းလိုက်သည်တဲ့။ သူတို့ ဒုက္ခသည်စခန်းကို ဝက်သုံးကောင် ကြိုးဖြင့်ချည်နှောင်ကာ သယ်ယူလာသည်။ သူနှင့် တရွာတည်း မီးဝင်မီးထွက်ကြီးပြင်းခဲ့သူ မကြည်ပြာက သူ့ကိုလာခေါ်၏။
”နန်းမြသင်း ဝက်လုပ်နေပြီ။ လာသွားကြည့်ရအောင်။ တော်ကြာ ဝေစု ငါတို့မရဘဲ နေလိမ့်မယ်”
ခင်ပွန်းနှင့်သမီးလေးကို မတွေ့ရသေးသည့် စိတ်ဝေဒနာက သူ့ကို နေ့ရက်တိုင်း နှိပ်စက်နေသော်လည်း မကြည်ပြာ ခေါ်သည်ကိုလည်း သူငြင်း၍မသာ။ ဒါလေးမှ သွားမယူနိုင်လျှင် ယနေ့ ထမင်းငတ်မည်။ လူအများကတော့ ဝက်သားစားရတော့မည်ကို နတ်သုဒ္ဓါဟင်းပွဲ စားရမည်ကဲ့သို့ ဝမ်းသာနေကြ၏။ လူတချို့ကတော့ ဝက်သတ်ရန် ဝက်ကို ချည်နှောင်ပြီး ပျော်ရွှင်နေသည်။ ဝက်များမှာမူ အော်ဟစ်၍ လွတ်မြောက်ရန် ရုန်းကန်ကြိုးစားနေသည်။ သူ ထိုဝက် ကိုကြည့်ရင်း တွေးမိ၏။
”သတ္တဝါတိုင်း သတ္တဝါတိုင်းက ငြိမ်းချမ်းတဲ့ဘဝနဲ့ ထိုက်တန်ပါတယ် လောကကြီးရယ်”
(၄)
နေ့၊ ရက်၊ လ ကြာလာသည်အထိ မနက်ဖြန်၏ မျှော်လင့်ချက်က သူ့ဆုတောင်းများကို ဖြည့်ဆည်းပေးနိုင်ရန် မစွမ်းသာသေး။ စစ်ဘေးမှ ရေဘေး တစတစ ဒုက္ခသည်များ တိုးလာသည်နှင့်တပြိုင်နက် ကာလဝမ်းရောဂါ၊ ငှက်ဖျားဒုက္ခတို့ကိုလည်း ခါးစည်းခံရပြန်သည်။
သူနှင့် ရွာက အတူပြေးလာသော ဒေါ်လုံးမေတို့၊ ဘိုးရွှေမြတို့၊ နောက် ကလေးလူငယ်တချို့သည် ငှက်ဖျားနှင့်ဝမ်းရောဂါတို့ကြောင့် စစ်ဘေးဒုက္ခသည်စခန်းမှာပင် ဆုံးပါးသွားကြလေပြီ။ သူလည်း ရွာကိုပြန်နိုင်ပါ့မလားဟု တွေးမိ၏။ ခင်ပွန်းနှင့်သမီးလေးလည်း သေသလား ရှင်သလား မည်သူမှ အတည်မပြုနိုင်ခဲ့။
ဤပြည်တွင်းစစ်သည် ဘယ်တော့ ငြိမ်းချမ်းနိုင်မည်နည်း။ သည်တော သည်တောင်မှာ သူတို့ ဤဒုက္ခကို ဘယ်လောက် ဆက်ခံနေရဦးမည်နည်း။ သည်မြေ၌ သေပွဲဝင်ပေးခြင်းမှတပါး တခြား ဘာမျှ မရှိတော့ပြီလော။
တခါခါ သူ့ကိုယ်သူ သတ်သေလိုက်ချင်သည်။ သို့သော် အဆက်အသွယ်မရသေးသော ခင်ပွန်းနှင့်သမီးလေးကို ရှာမတွေ့သေး၍ အသေမဖြောင့်။ သို့ပေမယ့်လည်း သည်ကာလ သည်အခြေအနေတွင် သူ့ဘဝကံကြမ္မာကိုတော့ သူအဆိုးဆုံးကို ကြိုတွေးထားနှင့်ပြီသား။
”ဘယ်များ ပေါက်ရောက်နေလေသလဲ ကိုခင်စိုးရယ်။ သမီးလေးရော ဘေးကင်းပါရဲ့လား”
မျက်ရည်တို့က နေ့နေ့ညည သူ့ကို နှိပ်စက်နေလေ၏။
(၅)
”ဝုန်း … ဝုန်း …”
ပေါက်ကွဲသံနှင့်အတူ သူလည်း ရီဝေထိုင်းမှိုင်းစွာ လဲကျသွားသည်။ ဒါသည် သေမင်း၏ ဆက်ခေါ်စာမှန်း သူသိ၏။ သိသော်လည်း သူ ဘာမျှ မတတ်နိုင်တော့။ မြင်မြင်သမျှ မြင်ကွင်းတို့သည် အမှောင်တို့ကြီးစိုးကာ ယမ်းငွေ့တို့က ဟိုးအဝေးသို့ ဆွတ်ပျံနေ၏။
ထို့နောက် သူ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်မိသည်။ ပတ်ဝန်းကျင်ကို ဇေဝေဇဝါမြင်ရ၏။ ဘာကိုမျှ ပီပြင်စွာ မမြင် တွေ့ရ။ သူ့ခန္ဓာတခုလုံးလည်း ထုံကျင်စွာ ဝေဒနာတို့က တဆတ်ဆတ်နာကျင်ကာ ခံစားနေရသည်။
တပတ်ခန့်ကြာသော် မျက်လုံးကို ဖြည်းဖြည်းဖွင့်ကြည့်သည်။ သူ ပီပြင်စွာ မြင်လိုက်ရသည်မှာ ထန်းလက်ခေါင်မိုး ဝါရင့်ရင့်တို့ဖြစ်သည်။ သူရှိနေသည့် ပတ်ဝန်းကျင်တွင်လည်း လူတချို့က ပြာယာခတ် အလုပ်ရှုပ်နေသည်ကို တွေ့ရ၏။ အော်ငြီးသံတို့လည်း သူနားထဲ ပဲ့တင်ထပ် ကြားရသည်။
သည်နေရာ ဘယ်နေရာမှန်း သူမသိ။ သူ ဘယ်ရောက်နေမှန်းလည်း သူမသိ။ သူ ထထိုင်ရန် ကြိုးစားကြည့်သော်လည်း မထနိုင်သေး။ သူဘာဖြစ်သွားသနည်း။ သူ့ကိုယ်သူကြည့်မိတော့မှ သူ အံ့သြ မင်သက်သွားရသည်။ မျက်ရည်တို့လည်း ပါးပြင်ထက် လူးလှိမ့်ဆင်းလာသည်။
ယခုချိန်မှတော့ ကြုံသမျှဘေး ပြေးတွေ့ရန်သာ ရှိပေတော့သည်။ ထိုဘေးဒုက္ခမှ လွတ်မြောက်ရန် သူ ဝေးထက်မက ဝေးသော တောင်စွယ်အသွယ်သွယ်၊ တောအထပ်ထပ် ပြေးခဲ့ပြီးပြီးဖြစ်သည်။ နောက်ထပ် ပြေးစရာမြေမရှိသလို ပြေးဖို့လည်း ညာခြေတဘက် မရှိတော့ပါ။
သူ့အိပ်ယာခေါင်းရင်းမှာတော့ လက်နက်ကြီးကျည်ဖင်ထဲမှာ သစ္စာပန်းနှင့် သပြေခက်က ကြွေချို့ ဝေတချို့ ရှိနေတော့သည်လေ။ ။
အောက်တိုဘာ ၁၀၊ ၂၀၂၄
မှတ်ချက် – နန်းမြသင်း၏ သမီးနဲ့ခင်ပွန်းနေရာကို ဆင်လက်ဖော်ပြပါမည်။
Be the first to comment