စစ်ဘေးသင့် ဒေဝတာများ

“စစ်ဘေးသင့် ဒေဝတာများ”

◼️ရိုင်းစိုင်းသော်

(ဖြစ်ရပ်မှန်ဇာတ်လမ်း)

သင်္ကြန်အကြိုနေ့မှာတင် ပျက်သွားခဲ့တဲ့ကမ္ဘာတွေက အများကြီးပဲ။
အကြိုနေ့ မနက်ပိုင်းမှာ ကျနော်တို့ဒေသရဲ့ ရွာ ၅ ရွာကို စစ်ကောင်စီတပ်က စစ်ကား ၉ စီးနဲ့ အင်အားရာကျော်ဂဏန်းနဲ့ ဝင်စီးပြီး ပြည်သူ့နေအိမ်တွေကို မီးတင်ရှို့ခဲ့တယ်။ ညနေပိုင်းရောက်တော့ တခြား ရွာနှစ်ရွာကို တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ပတ်ပစ်လို့ အရပ်သားပြည်သူတွေ ဒဏ်ရာရခဲ့တယ်။

ဒေသတွင်း စစ်ရေးအခြေအနေ မငြိမ်သက်ပေမယ့် ကျေးရွာတွေက အများကြီးရှိတာကိုး။ မီးတောက်မီးခိုးလုံးတွေ၊ ပစ်ခတ်ပေါက်ကွဲသံတွေနဲ့ မနီးကပ်တဲ့ ကျေးရွာတွေမှာတော့ ရိုးရာမပျက် တောသင်္ကြန် အသေးစားလေးတွေရှိနေတယ်။ သင်္ကြန်ပွဲမှာ ပါဝင်ဆင်နွှဲရင် စစ်ကောင်စီကို ထောက်ခံတာပဲလို့ လာပြောတဲ့သူ ရှိလာခဲ့ရင်လည်း ရွာလယ်လမ်းဘေးမှာ မိုးကာစနဲ့ ရေကန်လုပ်ပြီး လမ်းသွားလမ်းလာတွေကို ရေပက်နေတဲ့ ကလေးတွေကတော့ “မိချောရေ မိချောရေ မုန့်လုံး” လို့ သံပြိုင် ပြန်အော်ကြလိမ့်မယ် ထင်တယ်။ ဒါမှမဟုတ် သင်္ကြန်မှာ ရွာလှည့်ဖျော်ဖြေနေလို့ သူတို့ ကြားဖူးနားဝရှိနေတဲ့ ဒေသတွင်း တော်လှန် သံချပ်အဖွဲ့တွေရဲ့ သံချပ်ပိုဒ် တပိုင်းတစလည်း ဖြစ်ချင်ဖြစ်မယ်။

ဒါပေမယ့် အခု သင်္ကြန်အတက်နေ့မှာ ရွာတရွာထဲကို ဖြတ်သွားရတော့ ခါတိုင်း ရေပက်နေကျ ကလေးတွေလည်း စောစောနားကုန်ကြပြီ။ မွန်းတည့်ဖို့ လိုသေးပေမယ့် ရာသီဥတုက တော်တော်ပူနေတယ်။ စုရပ်ဌာနေကို ရောက်တော့ အရိပ်ရှိတဲ့ သစ်ပင်အောက်မှာပဲ ထိုင်လိုက်ကြတယ်။ ရဲဘော်တွေရဲ့ ထုံးစံအတိုင်း နေရာတခုမှာ တယောက်စ၊ နှစ်ယောက်စ စုထိုင်နေပြီဆိုရင်ကို တယောက်ပြီးတယောက် ရောက်လာကြရော။ လုပ်စရာ ဟဲဗီးမရှိကြသေးတော့ ဟိုပြော ဒီပြောပေါ့။

တဖွဲ့လုံးကလည်း သင်္ကြန်အကြိုနေ့မှာ စစ်ဘီလူးတွေ ချန်ထားခဲ့တဲ့ အုတ်ကျိုး ပြာပုံတွေ၊ သွေးအလိမ်းလိမ်းလူတွေရဲ့ ပုံရိပ်တွေ၊ စုတ်ဖွာပျက်ဆီးနေတဲ့ စာသင်ကျောင်း အဆောက်အဦနဲ့ ဆေးရုံအဆောက်အဦတွေ စတဲ့ စတဲ့ ကိုယ့်ဒေသရဲ့ အသစ်စက်စက် ဒဏ်ရာတွေကို မြင်တွေ့ပြီးသား ဖြစ်နေကြပြီလေ။ ကျနော်တို့တွေက ဒီအချိန်မှာ တခြား ဘယ်အကြောင်းအရာကို ပြောဆိုကြရဦးမှာလဲ။

ရဲဘော်တယောက်ကတော့ ထူးထူးဆန်းဆန်း စကားဆိုတယ်။
“ကျနော်ကတော့ ကျနော်တို့ရွာရောက်နေတဲ့ နတ်တွေကိုလည်း စိတ်ပူတယ်”
ဒီစကားက ရှင်းပြမှ နားလည်မယ့်စကားမို့ တဝိုင်းလုံးကလည်း စိတ်ဝင်စားသွားကြတယ်။ အဲဒီရဲဘော်က အကြိုနေ့ညနေက စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကို သူ့ရွာမှာ ကြုံခဲ့ရပြီး ဒီနေ့မှ ကျနော်တို့ဆီကို ရောက်လာတာပါ။ သူ့စကားကို သူက တာဝန်ယူပြီး ဆက်ရှင်းပြပါတယ်။

“သင်္ကြန်ဆိုတော့ ရွာမှာ ပဌာန်းပွဲလုပ်ဖို့ ရှိတယ်ဗျာ။ ပဌာန်းပွဲဆိုတာ ရက်ရှည်လုပ်တာဆိုတော့ အစမှာ နတ်တွေဘာတွေ ပင့်ပြီး ပွဲပြီးမှ နတ်ပြန်ပို့ရတဲ့ အစဥ်အလာရှိတာကိုး။”

ကျနော်တို့ဒေသက ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ကြတော့ ဒေသခံတွေအတွက် သင်္ကြန်ဆိုတာ ဘာသာရေး၊ ကုသိုလ်ရေးလုပ်ကြတဲ့ အချိန်ကာလတခုလည်းဖြစ်ပါတယ်။ အသံမစဲ ပဌာန်းပွဲတွေမှာ ဘာသာရေးနဲ့ ရိုးရာဓလေ့ အစဥ်အလာတွေအတိုင်း ဘယ်လိုမျိုး လုပ်တတ်သလဲဆိုတာ အားလုံးက သဘောပေါက်ပြီးသားဆိုတော့ သူက ဆက်ပြောတယ်။

“အကြိုနေ့ကဗျာ။ ပဌာန်းပွဲ စမှာဆိုတော့ နတ်တွေက ပင့်ပြီးသား။ ညနေပိုင်းကျ လေကြောင်းလာပစ်တော့တာပဲ။ ဘယ်သူမှလည်း ထင်မထားဘူးလေ။ တချို့ဆို အိမ်ရှေ့တွေမှာ ရေပက်နေကြတုန်း။ အကုန် ချက်ချင်းပြေးရတော့ ပဌာန်းပွဲလည်း ဒီတိုင်း ပစ်ထားခဲ့ရတာ၊ နတ်တွေလည်း ငုတ်တုတ် ကျန်ခဲ့မှာပဲ။”

သူစကားဆုံးတော့ အားလုံး ရယ်မိကြတယ်။ စိုစိုပြေပြေ ဟက်ဟက်ပက်ပက်တော့ မဟုတ်ဘူးလို့ ခံစားရတယ်။

ဒါပေမယ့် လေကြောင်းပစ်ခတ်တာ ခံရတဲ့အပြင် ရဟတ်ယာဥ်နဲ့ပါ စစ်ကောင်စီတပ်ဖွဲ့တွေ ချထားခဲ့တဲ့ ကျေးရွာထဲမှာ ပဌာန်းတရားနာဖို့ ပင့်ဖိတ်ထားတဲ့နတ်တွေက ပိတ်မိနေခဲ့တဲ့ အဖြစ်အပျက်ဆိုတာ ကမ္ဘာမှာ တခါမှ မကြားဖူးသေးတဲ့ အဖြစ်အပျက်တခုပဲလေ။ စစ်ပွဲရဲ့ ကစဥ့်ကလျား ဖြစ်ပျက်မှုတွေ များစွာထဲက နောက်ထပ်တခုသာဖြစ်ပေမယ့် စိတ်ထဲကို တမျိုးတဖုံ ရိုက်ခတ်တယ်။ အမယ်ဘုတ်ရဲ့ ရှုပ်ထွေးလှတဲ့ တော်လှန်ရေး ချည်ခင်ထဲက ထွက်လာတဲ့ ဆွဲထုတ် တွေးတောစရာ ကြိုးစတခုလိုပဲ။

“ဒါဆို နတ်တွေ ဘယ်လိုပြန်ပို့ကြမှာတုန်း”

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲဘော်တွေလည်း နောက်ဆက်တွဲ လျှောက်တွေးမိကြတော့ ပေါက်ကရတွေ စကားဆက်ဖြစ်ကြတယ်။

“ဒါနဲ့ ပင့်ထားတဲ့ နတ်တွေထဲမှာ အတွင်း (၃၇)၊ အပြင် (၃၇) ရောပါလား”
“အဲ့လိုဆို ဦးရှင်ကြီးတော့ ဒုက္ခပါပဲကွာ။ အဝေးကြီးကလည်း လာရသေး။ စောင်းကြီးပိုက်ပြီး တိုင်ပတ်နေမှာ။”
“ရွာထဲ ပြည်သူတွေက ပြန်မရောက်သေးတော့ နတ်တွေ ဗိုက်ဆာနေကြလောက်ပြီ”

ဘယ်လိုပဲ ချော်တောငေါ့အောင် ဆက်စပ်ပြီး လျှောက်ပြောကြပေမယ့် နောက်ဆုံးတော့လည်း အတွေးကိုယ်စီနဲ့ ပြန်လည် တိတ်ဆိတ်သွားကြပြန်တယ်။
နတ်တွေက အငွေ့ပဲစားတာလို့ ကြားဖူးတော့ သိပ်အရေးမကြီးလှပါ။ အရေးကြီးတာက အသွေးနဲ့အသားနဲ့ အသက်နဲ့ ဖြစ်တည်နေရတဲ့ စစ်ဘေးရှောင် လူသားပြည်သူတွေဖြစ်ပါတယ်။ ရဟတ်ယာဥ်နဲ့ ချသွားတဲ့ စစ်ကောင်စီတပ်တွေ ရှိနေသေးမှာ စိုးရွံ့ပြီး သူတို့ခမျာ ရွာထဲကို ပြန်မကပ်နိုင်သေး။ ဒါပေမယ့် သူတို့ မမှုကြပါ။ စစ်ဘေးရှောင်ပြီး ပြေးလွှားနေကျ ဒေသဖြစ်လို့ တချို့အခက်အခဲတွေကို ပြည်သူတွေကိုယ်တိုင် အချင်းချင်းကူညီရင်း ဖြေရှင်းနိုင်ကြတာကို ကျနော်တို့လည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်းဖြစ်သလို တဘက်ကကြည့်ရင် သူတို့ရဲ့ မာကျောစွာ တင်းခံနိုင်မှုအတွက် အားတက်စရာလည်း ဖြစ်ပါတယ်။

ကျနော်တို့ အညာဒေသခံ ပြည်သူတွေက ဘာသာရေးကိုင်းရှိုင်းကြသလို ရိုးရာယုံကြည်မှုလည်း ခိုင်မာပြင်းထန်ကြပါတယ်။ ကောင်းမှုတွေပြုလုပ်ရင် နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်မယ်လို့ ယုံကြည်ကြပြီး ဘာသာရေးပွဲတွေ ကျင်းပတဲ့အခါ နတ်ဒေဝတာတွေကို မပျက်မကွက် ပင့်ဖိတ်လေ့ရှိပါတယ်။ တရားနာဖို့နဲ့ မိမိတို့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုအဖို့ဘာဂကို အမျှအတမ်း ပေးဝေဖို့အတွက် ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ် သင်္ကြန်မှာလို ပဌာန်းပွဲဖိတ်လို့ လာရာမှာ မမျှော်လင့်ဘဲ စစ်ဘေးသင့်ခဲ့ရတဲ့ နတ်တွေအနေနဲ့ ဘာများ ဆက်လုပ်ကြမလဲ ဆိုတာကိုတော့ ကျနော် အင်မတန် သိချင်နေမိပါတယ်။ သူတို့ကို ပင့်ဖိတ်ထားတဲ့ လူသားတွေခမျာ အသက်ဘေးအတွက် ပြေးလွှားနေရလို့ ပြန်ပို့ပေးမယ့်သူလည်း မရှိတဲ့အပြင် စစ်ကောင်စီတပ်ကပါ ရွာထဲမှာ နေရာယူထားတော့ သူတို့ရောက်နေတဲ့ ပဌာန်းပွဲထဲမှာပဲ ငုတ်တုတ်လေး ပိတ်မိနေကြမယ်လို့ ထင်ရပါတယ်။

သင်္ကြန်အတက်နေ့ညမှာ အညာနွေရာသီရဲ့ ထုံးစံအတိုင်း ရုတ်တရက်ကြီး လေမိုးကျပါတယ်။ နီဝါဝါကောင်းကင်ကနေ မည်းမှောင်သွားပြီး မိုးတွေ ခြိမ်းရွာသလို လေကြမ်းတွေလည်း တိုက်လိုက်သေးတာ။

စစ်ဘေးသင့် နတ်မင်းကြီးတွေ အဆင်ပြေရဲ့လားဆိုတာ ကျနော် မသိနိုင်ပေမယ့် ကျေးရွာတွေထဲ ပြန်မဝင်နိုင်သေးကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ နေအိမ်တွေ ပြာချခံခဲ့ရတဲ့ မီးဘေးသင့်ပြည်သူတွေကို သတိရပြီး စိတ်လက်လေးလံစွာ သက်ပြင်းမော ရှိုက်မိပြန်တယ်လေ။

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*