ဆူးနတ်သန်
မြန်မာနိုင်ငံထဲက လူတွေမှာ စစ်မီး ဘယ်တော့ပြီးမလဲ ဆိုတဲ့ စိတ်ခံစားချက် အမြင့်ဆုံးအနေအထား ဖြစ်နေပါတယ်။ နောက် ဒီပဋိပက္ခကြားထဲက စိတ်ဒုက္ခအရောက်ဆုံး အခြေအနေတွေ ဖြစ်နေပါတယ်။ လူတော်တော်များများမှာ ဘဝတွေ အစကနေ ပြန်စဖို့ ရပ်တန့်နေတဲ့အလုပ်တွေ အရင်လို ပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ချက်ဆိုတာ စစ်မီးပြီးဖို့ပဲ ဖြစ်ပါတယ်။ ဒါဆို စစ်မီးပြီးအောင် ဘာလုပ်သင့်လဲ၊ ဘာတွေ လိုအပ်လဲ။
စစ်မီးပြီးဖို့ အချိန်တန်ဖို့ လိုအပ်ပါတယ်။ အချိန်ဆိုတာကလည်း လူ့အဖွဲ့အစည်းက ချိန်ကိုက် လှုပ်ရှားပေးတဲ့ Time-Shift ဖြစ်ပါတယ်။ အခုအခြေအနေက တော်လှန်ရေးတပ်ဟာ အရှိန်အဟုန်ကောင်းနေသလို စကစ ဘက် မှာလည်း နိစ္စဓူဝ သွားလာလှုပ်ရှားနေကြတဲ့ လူထုတွေကို နေ့စဉ်နှင့်အမျှ ပေါ်တာဆွဲတာ၊ ဖမ်းဆီးငွေညှစ်တာတွေ လုပ်လာပါတယ်။ နေ့စဉ် သွားလာလှုပ်ရှား စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသော လူထုဟာ မလုံခြုံမှု၊
အန္တရာယ်တွေ စိတ်သောကတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအကြပ်အတည်းတွေ မလုံခြုံမှုတွေကို စစ်မီး ပြီးစီးခြင်းကပဲ အကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို စစ်မီးပြီးစီးဖို့ လူထုဟာ လူထုအချင်းချင်း ကူညီစောင့်ရှောက်တာတွေ လုပ်သင့်ပါတယ်။ လူထုအချင်းချင်း ချိန်သားကိုက် ကူညီခြင်းဟာ Time-Shift လုပ်တာ ဖြစ်ပါတယ်။ Time-Shift လုပ်ရင်း စစ်မီးပြီးဖို့ အချိန်တန်သွားပါလိမ့်မယ်။
စစ်ဟာ အတွင်းလှိုက်စားပြီး အချိန်ကြာရှည်ဖို့ မသင့်သလို လူ့အဖွဲ့အစည်းဟာ စစ်မီးကြောင့် ဝါးမြိုခံရသော စတေးခံရသော သားကောင်တွေ မဖြစ်သင့်ပါ။ စစ်ဖြစ်သော ဒေသတွေဟာ လူနေမှုစနစ်များ၊ ပညာရေး၊ ကျန်းမာရေး လူသားစံနှုန်း အနိမ့်ကျဆုံး ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ စစ်ကြောင့် ကောင်းကျိုးမရှိပေမဲ့ အာဏာရှင် ကိုတော့ စစ်ကြောင့်ပဲ ဖြုတ်ချနိုင်ပါလိမ့်မယ်။
စစ်ကို ဘယ်သူနိုင်မှာလဲ၊ ပြည်သူတွေ မေးချင်နေကြတဲ့ မေးခွန်းပါ။ စစ်ကို စခဲ့သူက မနိုင်ဘဲ စစ်ကို အဆုံးသတ် ပေးသူကသာ နိုင်ပါလိမ့်မယ်။ သေချာတာကတော့ စစ်ကို ပြည်သူတွေဘက်ကသာ အဆုံးသတ်ပေးနိုင်မှာပါ။ ဒါ့ကြောင့် ပြည်သူလူထုဟာ မိမိတို့ လူ့အဖွဲ့အစည်းက နေ့စဉ်ဘဝမှာ ရုန်းကန်နေကြရတဲ့ လူတွေအားလုံးကို ချိန် သားကိုက် ကူညီပေးကြဖို့ လိုအပ်ပါတယ်။ ဒါမှလည်း စစ်မီးဟာ ပြီးဆုံးဖို့ အချိန်တန်လာပါလိမ့်မယ်။
စစ်ရဲ့ သဘောသဘာဝကိုလည်း ကြိုတင်တွက်ဆထားပြီး ကြိုတင်ကာကွယ်ကြဖို့လည်း လိုအပ်ပါတယ်။ အဆိုးဆုံး အခြေအနေတွေမှာ နောက်ထပ် အဆိုးဆုံးအခြေအနေတွေ ထပ်ရှိပါတယ်။ သန်းခေါင်ယံဟာ ညဉ့်အနက်ဆုံး ဖြစ်နိုင်သလို မိုးလင်းဖို့အချိန်လည်း ရောက်လာဖို့ သန်းခေါင်ယံကို ကျော်ဖြတ်ရတာ ဖြစ်ပါတယ်။ အန္တရာယ်တွေ၊
အဆိုးဒဏ်တွေ မျှဝေရင်း ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်း ကြုံ့လာ ကြပ်တည်းလာကြတဲ့ အနေအထားမှာ အားလုံးဟာ ကူကယ်ရာမဲ့ပါတယ်။ ဒါပေမဲ့ ကူကယ်ရာမဲ့ အနေအထားမှာ တဆုပ်ဆန်ကို
မျှဝေသလို ခက်ခဲနေသူ ဒုက္ခရောက်သူတွေကို အချင်းချင်း ကူညီသွားရင်း မိုးလင်းအထိ အတူတူလျှောက်ကြဖို့ ကျော်ဖြတ်ကြဖို့ပါပဲ။
တယောက်ယောက် ကျန်ခဲ့ ချန်ခဲ့ပြီဆိုရင် ဒီဒုက္ခတွေ အဆိုးတွေ သံသရာ ကျော့ပါလိမ့်မယ်။ လူ့အဖွဲ့အစည်းဟာ စက်ဝန်းလိုပါပဲ။ တယောက်ယောက် မရှိခြင်းဟာ ကျနော်တို့ ဒုက္ခရောက်ဖို့ သေဖို့အတွက် နီးလာခြင်းပါပဲ။ စစ်မီးမှာ အခြေခံလူတန်းစားဟာ စတေးခံဆိုရင် ကျနော်တို့အလှည့်ကလည်း မကြာမီပါပဲ။ လူတန်းစားမရွေးဟာ ဒီလူ့အဖွဲ့အစည်းမှာ အားလုံး သားကောင်ပစ်မှတ်သာ ဖြစ်ကြပါလိမ့်မယ်။
လူထုဟာ တော်လှန်ရေးရဲ့ တပ်ဦးပါ။ လူထု မပြိုလဲဖို့ အဓိကကျပါတယ်။ လူထုရဲ့ ကြံ့ခိုင်မှု၊ ရှင်သန်နိုင်မှု၊ မျှဝေနိုင်မှုဟာ စစ်မီးကို ငြိမ်းသတ်ပေးမယ့် အမြိုက်ဆေးပါပဲ။ လူထုဟာ နိုင်ငံရေးအသိဉာဏ် ကြွယ်ဝချင်မှ ကြွယ်ဝပါလိမ့်မယ်။ ဒါပေမဲ့ လူထုဟာ လူထုအချင်းချင်း ကူညီစောင့်ရှောက်မယ်ဆို နိုင်ငံရေးခေါင်းဆောင် တယောက်ထက်
ပိုတဲ့တာဝန်ကို ထမ်းဆောင်ပေးခြင်း ဖြစ်ပါတယ်။
လူထုကသာ အခရာပါ။ သေချာပါတယ်။ အာဏာရှင်ကို ဖြုတ်ချပေးမှာ တတိုင်းပြည်လုံးက ပြည်သူလူထုသာ ဖြစ်ပါတယ်။
Be the first to comment