1
မောင်မူ
‘စစ်မြေပြင်အသုံးချ စိတ်ကျန်းမာရေးအခြေအနေဆန်းစစ်နည်းများ (၁) – အပြောင်းအလဲများကို စောင့်ကြည့်ခြင်း’
မိမိကိုယ်ကိုယ်သတ်သေသည့် သတင်းအချို့ကို ခပ်စိပ်စိပ် ဖတ်မိသည်။ အကယ်၍ လူတယောက် စိတ်ပိုင်းဆိုင်ရာပြဿနာတခုခု ခံစားနေရသည်ကို သူ၏ပတ်ဝန်းကျင်မှ အခြားလူတဦးဦးက စောစော သိရှိကာ အချိန်မီ ချိတ်ဆက်ပေးနိုင်လျှင် မဆိုး။ အချိန်မီကုသမှု၊ တိုင်ပင်ဆွေးနွေးမှု ခံယူနိုင်မည်ဖြစ်သည်။ သို့သော် လူများအနေဖြင့် သူတို့ပတ်ဝန်းကျင်မှလူများ စိတ်ကျန်းမာဆိုင်ရာပြဿနာ ကြုံတွေ့နေရသည်ကို အာရုံမရောက်၊ အတွေးမရှိ။ သူ ဝမ်းနည်းနေတာပဲ၊ သူ စိတ်ညစ်နေတာပဲဟု ဖာသိဖာသာ ကျော်သွားမိကြသည်။ သူ့အလိုလို ပျောက်သွားလိမ့်မည်ဟု လွှတ်ထားပေးမိကြသည်။ ထို့နောက် လက်လွန်ခြေလွန်တွေ ဖြစ်ကုန်ကြ၏။ ယခုဆောင်းပါးမှာ ထိုသို့လက်လွန်ခြေလွန်မဖြစ်ခင် အချိန်မီ တားဆီးနိုင်ရန် ရည်ရွယ် ပါသည်။
လူများက စိတ်ဆိုသည့် စကားကို ကြားလျှင် နက်နဲသည်ဟု ထင်တတ်ကြသည်။ မျက်စိနှင့်လည်း မမြင်ရ၊ လက်နှင့်လည်း ကိုင်ကြည့်၍ မရ၊ ရင်ဘတ်ထဲသို့လည်း ဝင်ကြည့်၍မရဟု တွေးလိုက်ကြသည်။ အမှန်မှာ မဟုတ်။ စိတ်ကျန်းမာပညာရှင်များသည် စိတ်ပိုင်းဆိုင်ရာပြဿနာကို ခံစားနေရသည့်လူများကို အထက်လမ်းပညာကြောင့် သိခြင်းလည်းမဟုတ်။ တန်ခိုးစွမ်းအင် ရှိနေသဖြင့် သိခြင်းလည်း မဟုတ်။ မျက်လုံးနှင့် မြင်ရ၊ နားဖြင့် ကြားရသည်များမှသာ သိခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် စိတ်ကျန်းမာ ပညာရှင်များတွင် စိတ်ကို ကြည့်နိုင်သည့် မျက်လုံးနှင့် စိတ်ကို နားထောင်နိုင်သည့် နားများရှိနေသည်လား။ ထိုသို့လည်း မဟုတ်။ အမှန်စင်စစ် စိတ်ကျန်းမာပညာရှင်များ ကြည့်ကြ၊ နားထောင်ကြသည်မှာ စိတ်၏ ရိုက်ခတ်မှုကြောင့် ထွက်လာသော ထိုလူ၏ အပြုအမူ၊ အပြောအဆိုများကိုသာ ဖြစ်သည်။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုသည့် စကားရှိသည်။ လူတယောက်တွင် စိတ်ကျန်းမာရေးပြဿနာ တခုခုရှိလျှင် ထိုလူ၏ အပြုအမူ၊ အပြောအဆိုများက ယခင်ကနှင့်မတူ ပြောင်းလဲသွားကြသည်။ ထိုသို့ဆိုလျှင် မြေပြင်မှ ရဲဘော်တဦး၊ စိတ်ကျန်းမာဆိုင်ရာ ပြဿနာတခုခု ခံစားလာရသည်ဆိုပါစို့၊ ဘာတွေ ပြောင်းလဲသွားမည် နည်း။
ပထမဆုံးတခုမှာ အလုပ်လုပ်ကိုင်ဆောင်ရွက်မှုနှင့် စည်းကမ်းလိုက်နာမှု အပြောင်းအလဲ ဖြစ်ပါသည်။ ရဲဘော်သည် မေ့တတ်လာသည်။ လက်နက်များကိုင်ဆောင်ရာတွင်လည်း သတိမရှိ၊ လွယ်ကူရိုးရှင်းသည့် အမိန့်များကိုပင် မလိုက်နာနိုင် ဖြစ်လာတတ်ပါသည်။ ထိုမှ လှုပ်ရှားမှု၊ တုံ့ပြန်မှု နှေးကွေးခြင်းဖြစ်ကာ အလုပ်များသည် အပြီးမသတ်။ လေ့ကျင့်ရေး၊ စစ်ဆင်ရေးကာလအတွင်း အမှားများကို မကြာခဏ လုပ်လာပါသည်။ ထို့ပြင် ယခင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုလုပ်ခဲ့သည့် အလုပ်တာဝန်တွင်လည်း စိတ်ဝင်စားမှု ပျောက်ဆုံးလာပါသည်။ ထိုမှ အမိန့်များကို လျစ်လျူရှုခြင်း၊ လေ့ကျင့်ရေးများကို မလာခြင်း၊ လက်နက်များကို ဘေးအန္တရာယ်မကင်းသည့် ကိုင်တွယ်နည်းများနှင့် ကိုင်တွယ်လာကြပါသည်။
ဒုတိယပြောင်းလဲမှုမှာ လူများနှင့် ဆက်ဆံရေးဖြစ်ပါသည်။ တပ်စု၊ တပ်စိတ်အတွင်းရှိ ရဲဘော်ရဲ ဘက်များကို ရှောင်ဖယ်လာပါသည်။ အပြန်အလှန် စကားပြောဆို ဆက်ဆံခြင်းမရှိ၊ အနားယူချိန်များတွင် လည်း သီးသန့်နေပြီး အဖွဲ့အစုနှင့် လုပ်ရသည့်အလုပ်များကို ရှောင်ခြင်း၊ အုပ်စုလိုက် အစားစားကြသည်ကို ရှောင်ခြင်းတို့ ဖြစ်လာပါသည်။ နောက်တခုမှာ စိတ်တို၊ စိတ်ဆတ်လာပြီး ဒေါသကြီးလာခြင်း ဖြစ်ပါသည်။ အသေးအဖွဲ့ကိစ္စများကပင် ဒေါသဖြစ်စေပြီး ရဲဘော်ရဲဘက်များကို အော်ဟစ်ခြင်း၊ တိုက်ခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ နောက်တခုမှာ အချင်းချင်း ယုံကြည်မှုကင်းမဲ့ကာ ထင်ယောင်ထင်မှား သံသယအပြုအမူ များဖြစ်လာခြင်းဖြစ်သည်။ တခါတရံတွင် ဆေးတပ်သား (သို့) အတူနေရဲဘော်အပေါ်တွင် အလွန်အမင်း မှီခိုလွန်းခြင်းဖြစ်ကာ နှစ်သိမ့်မှုရရန် တချိန်လုံး ကြိုးစားနေခြင်းဖြစ်သည်။
တတိယပြောင်းလဲမှုမှာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်သည်။ စိတ်နှင့်ကိုယ် မကပ်၊ ဆုံးရှုံးမှုများနှင့် အကြမ်းဖက်ခံရခြင်းများအတွက် စိတ်ခံစားချက်များ ထုံနေခြင်းတို့ ဖြစ်ပါသည်။ နောက်တခုမှာ အကြောင်းပြချက်မရှိဘဲ ရယ်နေရာမှ ရုတ်တရက် ဒေါသထွက်ခြင်း၊ မျက်ရည်များကျကာ ငိုခြင်းကဲ့သို့ စိတ် အပြောင်းအလဲမြန်ခြင်းများ ဖြစ်သည်။ စိုးရိမ်စိတ်များခြင်း၊ ကြောက်စိတ်များခြင်းကြောင့် အသံများကို ထိတ်လန့်ခြင်း၊ တိုက်ပွဲအတွင်း အရှေ့သို့ ချီတက်ရန် တွန့်ဆုတ်နေခြင်းတို့ ဖြစ်ပါသည်။ နောက်တခုမှာ မျှော်လင့်ချက်မဲ့ခြင်း၊ အကူအညီမဲ့ခြင်းဖြစ်ကာ ယင်းကို “ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်တော့ဘူး”၊ “ငါ အိပ်သွားပြီး ပြန် မနိုးလာတော့ရင် ကောင်းမယ်” စသည့် နှုတ်ထွက်စကားများမှ သိနိုင်ပါသည်။
စတုတ္ထပြောင်းလဲမှုမှာ အိပ်စက်ခြင်းဆိုင်ရာ အပြုအမူများဖြစ်သည်။ အိပ်မပျော်ခြင်း၊ ညည မကြာခဏ နိုးခြင်း၊ အိပ်မက်ဆိုးများ မက်ခြင်း၊ တညလုံးအိပ်မပျော်ဘဲ မျက်စိကြောင်နေ ခြင်း စသည်တို့ဖြစ်သည်။ အချို့မှာ ခါတိုင်းထက်ပို၍ အိပ်စက်လာပြီး အိပ်ရာမှနိုးသည့်အခါတွင်လည်း လန်းလန်းဆန်းဆန်း မရှိ၊ အားအင်ကုန်ခန်းကာ နုံးနေတတ်သည်။ အိပ်နေရင်း လမ်းလျှောက်သည်မျိုး၊ အိပ်မက်ထဲကအတိုင်း လိုက်လုပ်မိခြင်းမျိုးတို့လည်း ဖြစ်တတ်သည်။
နောက်တခုမှာ အရက်၊ မူးယစ်ဆေးသုံးစွဲမှုနှင့် အခြား စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင်းနည်းအမူအကျင့်များဖြစ်သည်။ အရက် ပိုသောက်လာသည်မျိုး၊ ဝိ၊ ယာဘကဲ့သို့ စိတ်ကို လှုံ့ဆော်ပေးသည့် ဆေးများ ပိုသုံးစွဲ လာသည်မျိုးတို့ဖြစ်သည်။ ခံစားချက်များကို သက်သာစေရန်၊ (သို့မဟုတ်) သဘာဝအတိုင်းမဟုတ်ဘဲ တက်ကြွလန်းဆန်းနေစေရန် ရည်ရွယ်သည်ဆိုပါစို့။ နောက်တခုမှာ အနာသက်သာဆေးများနှင့် အိပ်ဆေး များကို မိမိဘာသာ သောက်သုံးခြင်းဖြစ်၏။ အန္တရာယ်ရှိသည့် အခြေအနေများအတွက် ဗော်လန်တီယာ လုပ်သည်မျိုး၊ အဆင်အခြင်မဲ့၊ သတိမဲ့ ပြုမူသည်မျိုးများဖြစ်ပြီး ယင်းမှာ မိမိကိုယ်ကို နာကျင်အောင်ပြုမူ သည့် အပြုအမူတမျိုးဖြစ်ပါသည်။
နောက်တခုမှာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများဖြစ်သည်။ ရေမချိုးခြင်း၊ ယူနီဖောင်းများကို မလျှော်ခြင်း၊ မိမိကိုယ်ကိုယ် ဂရုမစိုက်ခြင်း စသည့် တကိုယ်ရေသန့်ရှင်းရေးကို လျစ်လျူရှုထားခြင်း ဖြစ်သည်။ အစားအသောက် ပျက်ခြင်း၊ အစားမစားဘဲ နေခြင်း၊ ခါတိုင်းထက်ပိုစားခြင်း စသဖြင့် အစားအ သောက်အမူအကျင့်ပြောင်းလဲမှုများလည်း ပါဝင်ပါသည်။ ဂနာမငြိမ်ခြင်း၊ ငြိမ်ငြိမ်မနေနိုင်ခြင်း၊ တနေရာ တည်းတွင် ငြိမ်သက်ကာ လှုပ်ရှားမှုများ နှေးကွေးသွားခြင်းစသည့် ပြောင်းလဲမှုများကိုလည်း သတိပြုရပါမည်။ နောက်တခုမှာ ရောဂါအကြောင်းပြချက်မရှိဘဲ ခေါင်းကိုက်၊ ဗိုက်နာ၊ ကျောအောင့် စသည့် လက္ခဏာများ မကြာခဏ ဖြစ်လာခြင်းဖြစ်သည်။ ထိုရဲဘော်မျိုးကမူ ဆေးပေးခန်းသို့ မကြာခဏ ရောက်လာတတ်ပြီး ဘာလုပ်လုပ် မသက်သာတတ်။ အဓိကမှာ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်နေသောကြောင့်ဖြစ်ပါ သည်။
နောက်တခုမှာ စကားပြောဆိုသည့်ပုံစံနှင့် တွေးခေါ်မှုပုံစံပြောင်းလဲခြင်း ဖြစ်သည်။ စကားပြော မြန်လာခြင်း၊ နှေးလာခြင်း၊ သို့မဟုတ် ကြောင်းကျိုးမဆီလျော်သည့်၊ အဓိပ္ပါယ်မရှိသည့် စကားများကို ပြောလာခြင်း ဖြစ်သည်။ အတွေးပိုင်းတွင်လည်း သေခြင်းတရားအကြောင်း၊ သူ့ကိုယ်သူ အမှားလုပ်မိသည် (သို့) အပြစ်ရှိနေသည်ဟု ခံစားရခြင်းများ၊ သေသွားရင်ကောင်းမယ်ဟု စဉ်းစားခြင်း စသည့် အဆိုးအတွေးများကို ပိုတွေးလာခြင်း ဖြစ်သည်။ မေ့တတ်လာပြီး အချိန်၊ နေရာများ ရောထွေးခြင်း၊ အမိန့်များကို လိုက်နာရန် ခက်ခဲလာခြင်း၊ စစ်ဆင်ရေးရည်ရွယ်ချက်များကို သတိမရတော့ခြင်းများလည်း ဖြစ်ပါသည်။ အန္တရာယ်ရှိသည့် အခြေအနေကို သတိပြုမိခြင်းမရှိတော့၊ ထိုပြင့် ပတ်ဝန်းကျင်ကိုလည်း သတိမမူမိ၊ ရဲဘော်အချင်းချင်း ပစ်ခတ်မိခြင်းမျိုး ဖြစ်ခြင်းများဖြစ်သည်။
လွန်ကဲသည့်အခြေအနေများမှာ အသက်ရှုမြန်ခြင်း၊ ထိန်းမရဘဲ ပြေးလွှားနေခြင်း၊ ကျောက်ရုပ်ကဲ့သို့ ဘာမှမလုပ်နိုင် ဖြစ်သွားခြင်း စသည်တို့ဖြစ်ကာ တိုက်ပွဲအတွင်း အလွန်အမင်း ထိတ်လန့်ကာ ဘာမျှ မလုပ်နိုင်တော့ခြင်း ဖြစ်သည်။ လက်နက်များကို ပစ်ပေါက်ခြင်း၊ ကျည်ကာများကို ဖယ်ပစ်ခြင်း၊ လူများကို ရိုက်ခြင်း၊ ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် ဒေါသပေါက်ကွဲခြင်းလည်း ပါသည်။ နောက်တခုမှာ မိမိကိုယ်ကိုယ် ဓါးနှင့် မွှန်းခြင်း၊ ထိခိုက်ဒဏ်ရာရအောင်လုပ်ခြင်း၊ ပစ်ကွင်းထဲသို့ ဝင်ခြင်း၊ အသက်အန္တရာယ်ရှိသည့် အခြေအနေများတွင် သတိလက်လွှတ်ပြုမူခြင်းတို့ ဖြစ်သည်။
အထက်တွင် ပြောခဲ့သမျှမှာ ရဲဘော်များတွင် စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိပါက ဖြစ်နိုင်သော ပြောင်းလဲမှုများဖြစ်သည်။ ထိုအပြောင်းအလဲများကို သိရှိနိုင်ရန် အသိ၊ သတိနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာအဖြစ် စောင့်ကြည့်ရမည်ဖြစ်ကာ သေးငယ်သည့် အပြုအမူပြောင်းလဲမှုကနေပင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို စောစောစီးစီးသိရှိနိုင်မည်ဖြစ်သည်။ ရဲဘော်၏ပြောင်းလဲမှုများ အားလုံးသည် မျက်စိနှင့်ကြည့်၊ နားနှင့် ကြားရသည်ကို သတိမူ သုံးသပ်ခြင်းဖြစ်ကာ လက်ဝင်သည့်ကိစ္စ မဟုတ်။ နိစ္စဓူဝ အတူတကွ ရှိနေသော တပ်ရင်းတပ်ဖွဲ့အနေဖြင့် လွယ်လင့်တကူ သိနိုင်သည့်ကိစ္စဖြစ်ကာ အဓိကအရေးကြီးသည်မှာ ထိုပြောင်းလဲမှုများကို သတိထား မိချိန်တွင် အရေးတယူရှိရန်နှင့် လျစ်လျူရှုခြင်းမပြုဘဲ ရဲဘော်တွင် ဘာပြဿနာရှိနေသည်ကို ဂရုတစိုက် မေးမြန်းခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။
သို့သော် အပြုအမူပိုင်းအရ၊ စိတ်ခံစားချက်ပိုင်းအရ ပြောင်းလဲမှုတိုင်းက စိတ်ကျန်းမာရေးပြဿနာ ဖြစ်နေသည်ဟု မဆိုလိုသည်ကို ဤနေရာတွင် သတိရဖို့လိုပါသည်။ တိုက်ပွဲနယ်မြေတွင် ရှိနေစဉ် ပုံမှန် တုံ့ပြန်မှုများဖြစ်သော ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း၊ အားအင်ကုန်ခန်းခြင်းကဲ့သို့ ခဏတဖြုတ်ဖြစ်သည့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ ဖြစ်နိုင်သည်။ ထိုအခြေအနေများကလည်း စိတ်ပိုင်းဆိုင်ရာ လက္ခဏာများနှင့် မှားယွင်းနိုင်သည်။ ထို့ပြင် ထိုအခြေအနေနှစ်ခုအတွက် ဆောင်ရွက်ရမည့်အရာများမှာလည်း တူညီခြင်းမရှိ။ ထိုအခါ ယခု ရဲဘော်တွင်ဖြစ်နေသော အခြေအနေသည် စိတ်ကျန်းမာရေးပြဿနာလား၊ သို့မဟုတ် တိုက်ပွဲကြောင့် စိတ်ဖိစီးခြင်း၊ တိုက်ပွဲပန်းခြင်းလား ခွဲခြားရန် လိုအပ်လာပါသည်။ ထို့ကြောင့် ထိုနှစ်ခုအား ခွဲခြားနိုင်မည့်အချက်တချို့ကို အပိုင်း (၂) တွင် ဆက်၍ပြောပါမည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
