2
“စစ်မြေပြင်အသုံးချ စိတ်ကျန်းမာရေးအခြေအနေ ဆန်းစစ်နည်းများ (၂) –
တိုက်ပွဲကြောင့် စိတ်ဖိစီးခြင်းနှင့် အခြား စိတ်ကျန်းမာရေးပြဿနာများကို ခွဲခြားခြင်း”
■ မောင်မူ
တိုက်ပွဲကြောင့် စိတ်ဖိစီးခြင်းနှင့် အခြားစိတ်ကျန်းမာရေးပြဿနာများကို ခွဲခြားနိုင်မည့် ပထမဆုံးအချက်မှာ လက္ခဏာများ၏ ကြာချိန်ဖြစ်ပါသည်။ တိုက်ပွဲကြောင့် စိတ်ဖိစီးခြင်းမှ တိုက်ပွဲကာလအတွင်း၊ တိုက်ပွဲပြီးနောက် နာရီ (သို့) ရက်အနည်းငယ်အတွင်းနှင့် ထိခိုက်ဒဏ်ရာရပြီးနောက် နာရီ (သို့) ရက်အနည်းငယ်အတွင်းတွင်သာ ခဏတဖြုတ်၊ ရက်တိုအနေနှင့် ပေါ်ပြီး မကြာခင် သက်သာသွားပါသည်။ ထိုပြင့် အနားယူပြီးနောက်တွင်လည်း ရဲဘော်အနေဖြင့် သူ၏လုပ်ငန်းဆောင်တာများကို တာဝန်ထမ်းဆောင်နိုင်ပါသည်။ သို့သော် စိတ်ကျန်းမာရေးပြဿနာဖြစ်နိုင်သည့် ပြောင်းလဲမှုများကမူ ထိုသို့မဟုတ်။ အချိန် တပတ် (သို့) နှစ်ပတ် ရက်များစွာကြာသည်အထိ ဆက်ရှိနေပြီး အချိန်ကြာသည်နှင့်အမျှ ပို၍ ဆိုးလာပါသည်။ ထို့ပြင် လုံလုံလောက်လောက် အနားယူပြီးသော်လည်း ရဲဘော်သည် သူ၏ လုပ်ငန်းဆောင်တာများကို ပြန်လည်ထမ်းဆောင်နိုင်ခြင်း မရှိတတ်။
နောက်တခုမှာ လက္ခဏာများ၏ ပြင်းအားဖြစ်ကာ တိုက်ပွဲကြောင့် စိတ်ဖိစီးခြင်းတွင် ရဲဘော်သည် အနုစား ကြောက်လန့်ခြင်း၊ ဂနာမငြိမ်ခြင်းနှင့် ဝမ်းနည်းခြင်းများဖြစ်ပြီး အမိန့်များကိုမူ ဆက်လက်လိုက်နာ ဆောင်ရွက်နိုင်ပါသေးသည်။ ရှင်းရှင်းလင်းလင်းလည်း တွေးတောနိုင်ပါသေးသည်။ ခဏတဖြုတ် လူများကို ရှောင်ခြင်းဖြစ်သော်လည်း မကြာမီ အုပ်စုအတွင်းတွင် ပြန်လည်ဝင်ရောက်လာပါသည်။ သို့သော် စိတ်ကျန်းမာရေးပြဿနာဖြစ်နိုင်သူကမူ စစ်ဆင်ရေး၊ တာဝန်ထမ်းဆောင်နိုင်မှုနှင့် စည်းကမ်းလိုက်နာမှုတို့ကို ထိခိုက်သည်အထိ စိတ်ခံစားချက်များ ပြင်းထန်သည့်အခြေအနေဖြစ်သည်။ အတွေးများရှုပ်နေပြီး မေ့တတ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ အခြေအနေနှင့် အချိန်အခါကို သတိထားနိုင်ခြင်းမရှိတော့။ တယောက်တည်း သီးသန့်နေခြင်းက တောက်လျှောက်ဖြစ်နေပြီး ရဲဘော်ရဲဘက်များအား သံသယများက ယုံကြည်မှု မရှိတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။
တတိယကွာခြားချက်မှာ ရုပ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပါသည်။ တိုက်ပွဲပြီးခါစ လက်တုန်ခြင်း၊ ချွေးထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်းများမှာ ပုံမှန်ဖြစ်ပါသည်။ စစ်ဆင်ရေးအပြီး မောပန်းခြင်း၊ အားမရှိခြင်းမှာလည်း ပုံမှန်ဖြစ်ပါသည်။ အိပ်ရေးပျက်ခြင်းကလည်း ဖြစ်နိုင်ပါသည်။ သို့သော် အချိန်ကြာမြင့်ပြီးနောက် မိမိအား ချိန်းခြောက်နေသော အန္တရာယ်များ မရှိတော့သည့်တိုင် တုန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ အလွန်အမင်း ကြောက်လန့်ခြင်းများ ဆက်ရှိနေလျှင်၊ အလွန်အမင်း မောပန်းကာ မိမိကိုယ် ကိုယ် ဂရုမစိုက်၊ တကိုယ်ရေသန့်ရှင်းရေးကို လျစ်လျူရှုထားပြီး အစားကို ပုံမှန်မစားတော့လျှင်၊ ထိုမှ ညများစွာ ကြာသည်အထိ ဆက်တိုက် အိပ်မပျော်ခြင်းများနှင့် အိပ်မက်ဆိုးမက်ခြင်းများ ဖြစ်နေလျှင်မူ ထိုအခြေအနေမှာ စိတ်ကျန်းမာဆိုင်ရာပြဿနာတရပ် ရှိနေသည့်အခြေအနေ ဖြစ်ဖို့များပါသည်။
နောက်တခုမှာ စိတ်ခံစားချက်နှင့် အတွေးပိုင်းဆိုင်ရာပြောင်းလဲမှု ဖြစ်ပါသည်။ ပုံမှန်တိုက်ပွဲကြောင့် ဖြစ်သော စိတ်ဖိစီးခြင်း၊ တိုက်ပွဲပန်းခြင်းတွင် ရဲဘော်သည် အခြေအနေနှင့် ကိုက်ညီသည့် ကြောက်ရွံ့ထိတ်လန့်မှု၊ ဝမ်းနည်းမှုတို့ကို ဖြစ်ပါသည်။ ဘာကြောင့် စစ်တိုက်ရသည်ဆိုသည့် ရည်ရွယ်ချက် မပျောက်သကဲ့သို့ ရှေ့အနာဂါတ်တွင် လုပ်ဆောင်မည့် ရည်မှန်းချက်များကလည်း မပျောက်ဆုံး။ အစစ်အမှန်အခြေအနေနှင့် ထင်ယောင်ထင်မှား အခြေအနေကိုလည်း ခွဲခြားနိုင်ပါသည်။ သို့သော် စိတ်ကျန်းမာဆိုင်ရာပြဿနာ တခုခု ရှိလာသည့်အခါတွင်မူ ရဲဘော်သည် အခြေအနေနှင့် ကိုက်ညီမှုမရှိသော လိုသည်ထက်ပို၍ လွန်ကဲစွာ တုံ့ပြန်ခြင်း၊ လျော့၍ တုံ့ပြန်ခြင်းများ ဖြစ်ပါသည်။ ခံစားချက်များ ထုံနေပြီး တုံ့ပြန်မှုမရှိခြင်းလည်း ဖြစ်နိုင်သည်။ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ သေချင်သည့်အကြောင်းနှင့် အသက်ရှင်နေရသည်ကို အပြစ်ရှိသကဲ့သို့ ခံစားရခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ပြင် အစစ်အမှန်နှင့် ထင်ယောင်ထင်မှားများကို ခွဲခြားနိုင်ခြင်းမရှိတော့ဘဲ လူ မမြင်ရသည့် အသံများကြားခြင်း၊ သူ့အား လိုက်နှောက်ယှက်နေသည်၊ သတ်ရန်ကြိုးစားနေသည် စသဖြင့် သံသယများခြင်းများ ဖြစ်ပါသည်။
အပြုအမူပိုင်းဆိုင်ရာပြောင်းလဲခြင်းအရဆိုလျှင် တိုက်ပွဲကြောင်း စိတ်ဖိစီးခြင်းတွင် ဒေါသထွက်ခြင်း၊ ပေါက်ကွဲခြင်းများ ရှိသော်လည်း မကြာညောင်းဘဲ မကြာခင်ပင် ငြိမ်သက်သွားသည်။ အမှန်ပြင်ပေးခြင်းကို လက်ခံ၍ အထောက်အပံ့ပေးခြင်း၊ အကူအညီပေးခြင်းကို လက်ခံပါသည်။ အရက်ကို သောက်သုံးသော်လည်း လူမှုရေးအရအဖြစ်သာ သောက်သုံးခြင်းဖြစ်၍ အချို့မှာ မသောက်ကြ။ ပြဿနာရှိနေသော စိတ်ကျန်းမာရေးအခြေအနေရှိသူကမူ မကြာခဏ ဒေါသထွက်ခြင်း၊ မကြာခဏ ပေါက်ကွဲခြင်း၊ အန္တရာယ် များသည့် အပြုအမူများကို မထိန်းနိုင်ခြင်းများ ဖြစ်ပါသည်။ ပြဿနာကို လက်မခံဘဲ ငြင်းဆန်နေပြီး အကူအညီပေးလျှင်လည်း လက်ခံခြင်းမရှိ။ ထို့ပြင် သူ့အား မကောင်းကြံလိမ့်မည်ဟု ကြောင်းကျိုးညီညွတ်ခြင်း မရှိသော သံသယများ ရှိနေတတ်ပါသည်။ နောက်တခုမှာ အရက်၊ မူးယစ်ဆေးသုံးစွဲမှုများ ခါတိုင်းထက် ပိုများလာပြီး အခြားဆေးဝါးများကိုလည်း လွဲမှားသုံးစွဲခြင်းများ ဖြစ်လာပါသည်။
ထိုအခြေအနေမျိုးတွင် အတူနေ ရဲဘော်များနှင့် ခေါင်းဆောင်များကို မေးကြည့်သင့်ပြီး မကြာသေးခင်က ပြောင်းလဲသွားတာလား၊ အလုပ်လုပ်တာတွေက အရင်ကထက် ပိုပြီး အဆင်မပြေဖြစ်လာသလား၊ တူညီတဲ့ဖိအားအောက်မှာရော သူက တခြားသူတွေနဲ့ မတူဘဲ ပြန်တုံ့ပြန်နေသလား စသဖြင့် မေးရပါမည်။
ထို့ပြင် S.A.F.E ဆိုသည့် အတိုကောက်စစ်ဆေးမှုဖြစ်သော ရဲဘော်သည် တည်ငြိမ်သလား၊ ကျိုး ကြောင်းဆင်ခြင်တတ်သလား၊ သူကိုယ်တိုင်နှင့် အခြားသူများအတွက် ဘေးကင်းရဲ့လားစသည့် S – Stability တည်ငြိမ်မှုကို စစ်ဆေးခြင်း၊ ရဲဘော်သည် သူ ရောက်နေသည့် နေရာနှင့် သူ ဖြစ်နေသည့်အခြေ အနေကို နားလည်ခြင်း ရှိရဲ့လားဆိုသော နားလည်သဘောပေါက်မှု A – Awareness စစ်ဆေးခြင်း၊ သူ၏ တာဝန်များကို ထမ်းဆောင်နိုင်သလား၊ အခြားသူများနှင့် အဆင်ပြေပြေ ဆက်ဆံပြောဆိုနိုင်သလား၊ သူ့ကိုယ်သူ ဂရုစိုက်မှု ပြုလုပ်နိုင်သလားစသည်၊ F – Function လုပ်ငန်းဆောင်ရွက်နိုင်မှုကို စစ်ဆေးခြင်း၊ နောက်ဆုံးအနေဖြင့် အနားယူပြီး၊ ရဲဘော်ရဲဘက်များထံမှ အထောက်အပံ့များ ရယူပြီး၊ အိပ်ရေး ဝဝအိပ်ပြီးနောက်တွင် လက္ခဏာများက သက်သာနိုင်မလားဆိုသော ခံနိုင်ရည် E – Endurance ကို စစ်ဆေးခြင်း၊ S.A.F.E နည်းလမ်းကို အသုံးပြုကာ စစ်ဆေးနိုင်ပါသည်။
ထိုအချက်များထဲမှ ကျိုးကြောင်းဆင်ခြင်တတ်ခြင်းအတွက်ဆိုလျှင် “တကယ်လို့ မင်းရဲ့တပ်စုနဲ့ ကွဲသွားပြီး တယောက်တည်းဖြစ်သွားရင် ဘာလုပ်မလဲ”ဟု မေးသည်မျိုး၊ “တကယ်လို့ ငါတို့က မြေပုံမကြည့်ဘဲ လက်နက်ကြီးနဲ့ ပစ်လိုက်ရင် ဘာဖြစ်နိုင်သလဲ”ဆိုသည်မျိုး မေး၍ ရပြီး သူ၏အဖြေများကို ဖြစ်သင့်၊ မဖြစ်သင့် နားထောင်နိုင်သည်။ ရဲဘော်၏ဘေးကင်းရေး၊ အခြားသူများ၏ ဘေးကင်းရေးတွက်ဆိုလျှင်မူ “မင်းက မင်းရဲ့လက်နက်ကို သန့်ရှင်းရေးလုပ်နေတယ်၊ ကျည်အိမ်ထဲမှာ ကျည်တထောင့် ကျန်နေတယ်၊ မင်း ဘာလုပ်သင့်သလဲ” ဆိုသည်မျိုး၊ ညကင်းကျတဲ့အချိန် မင်းက ခေါင်းမူးနေတာမျိုး၊ ဒါမှမဟုတ်လည်း အားနည်းနေတာမျိုးခံစားနေရရင် ဘာလုပ်မလဲ” ဆိုသည်မျိုး၊ “ကင်းစောင့်နေရင်း မင်းရဲ့အဖော်က ငိုက်တဲ့ ပုံပေါ်နေတာ၊ လက်ထဲက သေနတ်မှာလည်း ကျည်အပြည့်နဲ့၊ မင်း ဘာလုပ်မလဲ” စသဖြင့် မေး၍ရပါသည်။ ထို့ပြင် လက်ရှိအခြေအနေကို နားလည်သဘောပေါက်ခြင်းအတွက်မူ မိမိလက်ရှိ ရှိနေသည့် ပတ်ဝန်းကျင်၊ အချိန်ကာလနှင့် လူပုဂ္ဂိုလ်များကို သိမှုကို ဆန်းစစ်ရမည်ဖြစ်ပြီး ယင်းမှာ ခက်ခဲသည်မဟုတ်။ အခု ဘယ်နေရာကို ရောက်နေသလဲ။ အခုက ဘယ်အချိန်လဲ။ မနက်လား၊ နေ့လား၊ ညာလား၊ ဒီလူက ဘယ်သူလဲ စသဖြင့် မေးနိုင်ပါသည်။
အကယ်၍ ရဲဘော်အား S.A.F.E နည်းလမ်းဖြင့် စစ်ဆေးပြီး တခုခုတွင် အဆင်မပြေပါက၊ တိုက်ပွဲကြောင့် စိတ်ဖိစီးခြင်းမဟုတ်၊ စိတ်ကျန်းမာဆိုင်ရာပြဿနာတခုခု ရှိနေသည်ဟု သတ်မှတ်ကာ စိတ်ကျန်းမာပညာရှင်နှင့် တိုင်ပင်ဆွေးနွေးရန် ဆက်လက်လွှဲပို့ရပါမည်။
အကယ်၍ ရဲဘော်သည် အနုစားလက္ခဏာများကို ခံစားနေရပါက လွှဲပို့ခြင်းမပြုမီ အခြေခံကုသမှု အနည်းငယ်ကြိုးစားနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြစ်သော အနားယူစေခြင်း။ ရေဓါတ်ဖြည့် ပေးခြင်း၊ အဟာရကျွေးမွေးခြင်းကို ဖြည့်ဆည်းပေးခြင်း၊ တိုက်ပွဲပြီးတဲ့အချိန်မှာ လူအများစုက ဒီလိုပဲခံစားတတ်ကြပါတယ်ဟု စိတ်ဖိစီးတုံ့ပြန်မှုများကို ပုံမှန်ဖြစ်ကြောင်း နှစ်သိမ့်မှုပေးခြင်း၊ မိဘ၊ သူငယ်ချင်း၊ ယုံကြည်သူများနှင့် ဆက်သွယ်ပေးကာ ရင်ဖွင့်စေခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထိုအခြေအနေကို ၂၄ နာရီမှ ၄၈ နာရီကြာ စောင့်ကြည့်ပြီး တိုးတက်မှုရှိပါက ဆက်လက်စောင့်ကြည့်နိုင်ပြီး အကယ်၍ ပိုဆိုးလာလျှင်ဖြစ်စေ။ ဒီအတိုင်းဆက်ရှိနေလျှင်ဖြစ်စေ စိတ်ကျန်းမာဆိုင်ရာအထောက်အပံ့ရနိုင်သည့်နေရာသို့ လွှဲပို့ရမည်ဖြစ်ပါ သည်။
အကယ်၍ ရဲဘော်သည် မိမိကိုယ်ကိုယ် သတ်သေခြင်းအကြောင်း ပြောခြင်း၊ သေခြင်းတရာအကြောင်း ပြောခြင်း၊ မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင်ပြုလုပ်ခြင်းများ ပြုလုပ်လျှင်ဖြစ်စေ၊ ဒေါသ မထိန်းနိုင်ခြင်း၊ အပြင်းအထန်ဒေါသကြီးခြင်းများဖြစ်လျှင်ဖြစ်စေ၊ အစစ်အမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်နေခြင်း၊ တကယ်မရှိသည့်အသံများကို ကြားနေခြင်းများဖြစ်လျှင်ဖြစ်စေ၊ အချိန်၊ လူနှင့် နေရာများကို မသိတော့ဘဲ လက်ရှိအခြေအနေနှင့် ကင်းကွာလျှင်ဖြစ်စေ၊ အစားလုံးဝ မစား၊ လူများနှင့်လည်း လုံးဝဆက် ဆံခြင်းမရှိတော့ဘဲ လုံးဝ သီးသန့်နေနေလျှင်ဖြစ်စေ၊ အကြောက်လန့်လွန်ကဲကာ လုပ်ငန်းဆောင်တာများကို မလုပ်ဆောင်နိုင်တော့လျှင်ဖြစ်စေ၊ ထိုအခြေအနေများကို အန္တရာယ်ရှိသည့် အခြေအနေများဟု သတ်မှတ်ကာ စောင့်ကြည့်ခြင်းမပြုဘဲ ချက်ချင်း လွှဲပို့ရပါမည်။
အထက်တွင်ပြောခဲ့သမျှကို အကျဉ်းချုပ်ရပါက တိုက်ပွဲကြောင့် စိတ်ဖိစီးခြင်းနှင့် အခြားစိတ်ကျန်းမာ ပြဿနာများကို ခွဲခြားရန်အတွက် လက္ခဏာများ၏ ကြာချိန်၊ ပြင်းထန်မှု၊ အစစ်အမှန်နှင့် ကင်းကွာခြင်း ရှိမရှိ၊ အနားယူပြီးနောက် သက်သာခြင်း ရှိမရှိ စသည်တို့ကို ကြည့်ရပါမည်။ လုပ်ငန်းတာဝန်များကို ထမ်း ဆောင်နိုင်ခြင်းရှိ၊ မရှိကလည်း အရေးကြီးသည့် အချက်ဖြစ်ပါသည်။ တရက်၊ နှစ်ရက် အနားယူပြီးနောက် သက်သာသလား၊ စောင့်ကြည့်ကာ မသက်သာပါက လိုအပ်သည့်စိတ်ကျန်းမာရေး စောင့်ရှောက်မှုရနိုင်သည့်နေရာသို့ လွှဲပို့ရမည်ဖြစ်သည်။ အန္တရာယ်ရှိသည့် လက္ခဏာများဖြစ်လျှင်မူ စောင့်ကြည့်ခြင်းမပြုဘဲ ချက်ချင်း လွှဲပို့ရမည်ဖြစ်ပါသည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
