စစ်မြေပြင်အသုံးချ စိတ်ကျန်းမာရေးအခြေအနေဆန်းစစ်နည်းများ(၃) – မိမိကိုယ်ကိုယ်သတ်သေခြင်း (သို့မဟုတ်) ဆူဆိုက်ကို စောင့်ကြည့်ကာကွယ်ခြင်း

မောင်မူ

by The Call
1 views
‘စစ်မြေပြင်အသုံးချ စိတ်ကျန်းမာရေးအခြေအနေဆန်းစစ်နည်းများ(၃) – မိမိကိုယ်ကိုယ်သတ်သေခြင်း (သို့မဟုတ်) ဆူဆိုက်ကို စောင့်ကြည့်ကာကွယ်ခြင်း’
■ ​မောင်မူ
လူတယောက် ဆူဆိုက်ပြုလုပ်သည်ဆိုပါစို့၊ သေဆုံးပြီးသည့်နောက်တွင် ပြန်လှည့်၍ မရ။ ပြန်၍ ရှင်လာအောင်လည်း ပြုလုပ်၍ မရ။ ထိုအချက်က ဆူဆိုက်သည် မပြုလုပ်ခင် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း ညွှန်ပြနေပြီး ထိုသို့ကာကွယ်နိုင်ရန်အတွက် လူတယောက် ဆူဆိုက်လုပ်နိုင်ခြေ ရှိ၊ မရှိကို မည်သို့ သိနိုင်ကြောင်း ပြောရတော့မည်ဖြစ်ပါသည်။ အမှန်စင်စစ် ထိုကိစ္စမှာ ထူးဆန်းသည်မဟုတ်။ အခြားစိတ်ပိုင်း ဆိုင်ရာပြဿနာများကဲ့သို့ပင် ထိုသူ၏အပြုအမူ၊ အပြောအဆိုများမှတဆင့် စောင့်ကြည့်လေ့လာရခြင်း ဖြစ်သည်။
ရဲဘော်တယောက် ဆူဆိုက်ပြုလုပ်နိုင်သည်ဟု မည်သည့်အခါတွင် သံသယဝင်ကြမည်နည်း။
ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာများကို မလုပ်တော့ခြင်း၊ အတူနေသည့် ရဲဘော်ရဲဘော်များကို ရှောင်ဖယ်ကာ သီးသန့်နေလာခြင်းများဖြစ်လာလျှင် ကနဦး သတိထားရတော့ မည် ဖြစ်ပါသည်။ အကယ်၍ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ခွဲဝေပေးခြင်း၊ သို့မဟုတ် သေတမ်းစာကဲ့သို့ နောက်ဆုံး နှုတ်ဆက်စာများ ရေးသားခြင်းတို့ ပြုလုပ်နေသည်ဆိုပါစို့။ သို့တည်းမဟုတ် မိမိ၏မိတ်ဆွေများ ကို ခရီးဝေးသွားတော့မည်ကဲ့သို့ နှုတ်ဆက်တောင်းပန်ခြင်းများ ပြုလုပ်နေပါကလည်း ဆူဆိုက်လုပ်ခြင်းသည် သတိထားရမည့်ကိစ္စ ဖြစ်ပါသည်။ အသက်အန္တရာယ်ရှိသည့် အပြုအမူများကို ဇွတ်တရွတ်၊ ဂရုမဲ့ ပြုလုပ်ခြင်း၊ ပစ်ကွင်းထဲသို့ အကာအကွယ်မပါ အဆင်အခြင်မဲ့ ဝင်ရောက်ခြင်း၊ သေဆုံးနိုင်သည့် လုပ်ငန်းဆောင်တာများကို မိမိလုပ်မည်ဟု စေတနာ့ဝန်ထမ်း တာဝန်ယူခြင်း စသည့်အပြုအမူများကလည်း သေသွားလည်း အေးတာပဲဆိုသည့် သေခြင်းတရားကို ကိုင်းညွှတ်နေသည့် အတွင်းစိတ်ကို ဖော်ပြနေခြင်းဖြစ်ကာ ရဲဘော်အား သေချာစောင့်ကြည့်ဖို့လိုအပ်ပါသည်။ အိပ်မပျော်ခြင်း၊ အအိပ်လွန်ခြင်း၊ အစားမစားခြင်း၊ အစားအလွန်စား ခြင်းစသည့် နေ့စဉ်အပြုအမူအပြောင်းအလဲများကလည်း စိတ်ကျန်းမာရေးပြဿနာ၏ လက္ခဏာများဖြစ်သဖြင့် လျစ်လျူရှုရန် မသင့်။ ငါတို့ ဘယ်လိုမှ ဒီပွဲမှာ မနိုင်လောက်တော့ဘူးဆိုသည့် မျှော်လင့်ချက်မရှိသည့် စကားမျိုးဆိုလျှင်လည်း သတိထားရပါမည်။
အထက်တွင်ပြောခဲ့သည်မှာ ရဲဘော်၏အပြုအမူကို ကြည့်ခြင်းဖြစ်ကာ နောက်ထပ်အနေဖြင့် ရဲ ဘော်၏စကားများကို အာရုံထား နားထောင်ဖို့လည်း လိုအပ်ပါသည်။ ငါ သေသွားရင်ကောင်းမယ်၊ ငါ ဆက်မရှင်ချင်တော့ဘူး ဆိုသည့် သေချင်သည့်စိတ်ကို တိုက်ရိုက်ဖော်ပြသည့်စကားများ၊ မင်း ငါ့ကို ဒီထက်ပိုပြီး စိတ်မပူရတော့ပါဘူးဆိုသည့် သေချင်စိတ်ကို အရိပ်အမွက် ဖော်ပြသည့်စကားများ၊ အသက်ရှင်ရခြင်းအတွက် အပြစ်ရှိစိတ်၊ ရှက်စိတ်နှင့် ဝန်ထုပ်ဝန်ပိုးကဲ့သို့ ခံစားနေရကြောင်းကို ဖော်ပြသည့်စကားများ၊ သူအနေဖြင့် မျှော်လင့်ချက်မဲ့နေကြောင်း၊ လှောင်ပိတ်ခံနေရသည့် အခြေအနေဖြစ်ပြီး ထွက်ပေါက်မရှိတော့ကြောင်း၊ အထက်ပါ စကားများမှာ ရဲဘော်တဦး ဆူဆိုက်လုပ်နိုင်ခြေကို ဖော်ပြနေသည့်စကားများဖြစ်ပါသည်။
အပြုအမူနှင့်စကားကို ကြည့်ပြီးပါက နောက်ထပ်ကြည့်ရမည့်ကိစ္စမှာ ရဲဘော်၏ ခံစားချက်နှင့် အလုပ်လုပ်ဆောင်နိုင်မှု ဖြစ်သည်။ ရဲဘော်သည် ဆိုးဆိုးရွားရွား ဂနာမငြိမ်ဖြစ်နေသလား၊ ရက်ကြာရှည် မျှော်လင့်ချက်မဲ့ စိတ်ပျက်လက်ပျက်အနေအထားဖြစ်နေသလား၊ ထိုသို့မဟုတ်ဘဲ ခံစားချက်များ ထုံထိုင်းကာ တုဏိဘာဝေဖြစ်နေသလား၊ ရဲဘော်သည် ခံစားချက်များ ရုတ်တရက် တက်လိုက်ကျလိုက် ပြောင်းလဲနေသလား၊ စိတ်လိုက်မာန်ပါ ဒေါသကြီးနေသလား၊ စသည့်အခြေအနေများဖြစ်သည်။ ဂနာမငြိမ် ဖြစ်နေရာက ရုတ်တရက် တည်ငြိမ်သည့်ဟန် ပေါက်သွားခြင်းက ရဲဘော်၏ ဆုံးဖြတ်ချက်ချလိုက်ပြီးသည့် လက္ခဏာလည်း ဖြစ်နိုင်ပါသည်။ စည်းမျဉ်းစည်းကမ်း လိုက်နာမှု၊ လက်နက်ထိန်းသိမ်းသည့်ပုံစံ၊ တကိုယ်ရေသန့်ရှင်းရေးတွင် လျော့ကျခြင်းစသည့်အချက်များကိုလည်း ဆန်းစစ်ရန်လိုအပ်ပါသည်။
အကယ်၍ အထက်ပါသုံးခုကို ဆန်းစစ်ခဲ့ပြီး ထိုရဲဘော်အနေဖြင့် ဆူဆိုက် လုပ်ကောင်းလုပ်နိုင် သည်ဟူသည့် အတွေးတခု ရှိလာပြီဆိုပါစို့။ မေးခွန်းကို တိုက်ရိုက်မေးဖို့ လိုအပ်ပါသည်။ မင်း ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ စဉ်းစားနေသလား၊ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အစီအစဉ် ရှိသလား၊ မင်းကိုယ်မင်း ဝန်ထုပ်ဝန်ပိုးတခုလို ခံစားနေရပြီး မင်း မရှိတော့ရင် ပိုကောင်းမယ်လို့ တွေး နေသလား စသဖြင့် ရိုးရိုးရှင်းရှင်းနှင့် တိုက်ရိုက် မေးခွန်းမေးဖို့ လိုအပ်ပါသည်။ ထိုသို့ တိုက်ရိုက်မေးမြန်းခြင်းက ဆူဆိုက်ကို ပို၍ မဖြစ်စေပါ။ မိမိအနေဖြင့် ဂရုစိုက်မှုကို ဖော်ပြခြင်းသာဖြစ်ပြီး အကူအညီပေးရန် အတွက် လက်ကမ်းခြင်းသာဖြစ်ပါသည်။ ပြီးနောက်ထပ် လုပ်နိုင်သည်မှာ လက်ငင်းအန္တရာယ်ကို စစ်ဆေးခြင်းဖြစ်ပါသည်။ ရဲဘော်သည် သေနတ်နှင့် အလှမ်းမီသည့်အခြေအနေလား၊ ဆေးပြားတွေနှင့် အလှမ်းမီသည့်အခြေအနေလား၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများနှင့် အလှမ်းမီသည့် အခြေအနေလား၊ ဆန်းစစ်ရပါမည်။ ပြီး ရဲဘော်အနေဖြင့် သေနတ်ကို ကျည်အပြည့်ဖြည့်ထားခြင်းမျိုး၊ နှုတ်ဆက်စာ ရေးသား ထားခြင်းမျိုးများ ပြုလုပ်ထားသလားလည်း ကြည့်ရှုစစ်ဆေး၍ရပါသည်။ ထိုသို့စစ်ဆေးပြီး အခြေအနေတခုခု တွင် “ရှိနေသည်”ဟု အဖြေထွက်ပါက ထိုအန္တရာယ်ရှိသည် ပစ္စည်းများကို လုံခြုံအောင် သိမ်းဆည်းရပါမည်။ ပြီး ရဲဘော်ကိုလည်း (မည်သည့်အခြေအနေတွင်မှ) တယောက်တည်း မထားရ၊ လူစောင့်တဦး အနားတွင် အမြဲထားကာ စောင့်ကြည့်ရမည့်ဖြစ်ပြီး လိုအပ်သည့် အထက်အဆင့်ဆင့်သို့ ချက်ချင်း သတင်းပို့ကာ စိတ်ကျန်းမာရေးဆရာဝန်နှင့် ချိတ်ဆက်ပြသရမည် ဖြစ်ပါသည်။ ထိုကာလအတွင်း ရဲဘော်အား လုံခြုံဘေးကင်း၊ တိတ်ဆိတ်သည့်နေရာသို့ ရွေ့ကာ ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်း၊ မဖြစ်နိုင်သည့် ကတိများ ပေးခြင်းမပြုဘဲ အထောက်အကူပြုစကားပြောပေးရပါမည်။
အခု ပြောခဲ့သမျှမှာ ရဲဘော်တယောက် ဆူဆိုက်လုပ်ခြင်းကို စောင့်ကြည့်ကာကွယ်ခြင်းဖြစ်ပါသည်။ ယခု တပ်ရင်းတပ်ဖွဲ့တခုလုံးစာအနေဖြင့် ဆူဆိုက်ကို ကာကွယ်မှုပြုလုပ်နိုင်မည့်နည်းနာများကို ဆက်ပြောပါမည်။
​ပထမနည်းနာမှာ ရဲဘော်ရဲဘက် မိတ်ဖက်ဖွဲ့ပေးကာ အပြန်အလှန်စောင့်ကြည့်စေခြင်းဖြစ်သည်။ ထိုနည်းလမ်းမှာ ရဲဘော်များကို နှစ်ယောက်တတွဲ တွဲဖက်ပေးကာ အချင်းချင်းတွင် စိတ်၊ ခံစားချက်၊ အပြုအမူ၊ စိတ်ဖိစီးမှုအခြေအနေ အပြောင်းအလဲများကို စောင့်ကြည့်မည့်သူ ရှိစေခြင်းဖြစ်သည်။ တိုက်ပွဲပြီးချိန်၊ သတင်းဆိုးများ ကြားရချိန်၊ ကြီးကြီးမားမား ဆုံးရှုံးမှု ကြုံတွေ့ရချိန်များတွင် နေ့စဉ်နီးပါး သတိထား စောင့်ကြည့်ခိုင်းသည်မျိုး လုပ်၍ရသည်။ သို့သော် မိတ်ဖက်အနေဖြင့် တဖက်လူ၏ ပုံမှန်ချိန် အပြုအမူများ ကို သိထားရန်မူ လိုအပ်၏။ အကယ်၍ ပြောင်းလဲမှုတခုခု ကြုံတွေ့ရသည်ဆိုပါစို့၊ ဆေးတပ်သား (သို့မဟုတ်) ခေါင်းဆောင်ဖြစ်သူထံ မြန်မြန်ဆန်ဆန် သတင်းပို့ရန် သင်ပေးထားရမည်ဖြစ်သည်။
​နောက်တခုမှာ ခေါင်းဆောင်နှင့် မိတ်ဆွေရဲဘော်များက ပံ့ပိုးမှုပေးခြင်းဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူမှ စိတ်ကျန်းမာရေးအကြောင်းများ ပြောကာ အကူအညီရယူခြင်းသည် ဖြစ်သင့်ကြောင်း ပွင့်လင်းစွာ ပြောဆိုတိုင်ပင်နိုင်သည့် ယဉ်ကျေးမှုကို ပုံဖော်ပေးသည်မျိုး၊ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းအပေါ် ချီးမွမ်းခြင်း၊ အသိအမှတ်ပြုခြင်း ပြုလုပ်ကာ မိမိကိုယ်ကိုယ် စောင့်ရှောက်သည့်အလေ့အထအား ဖွံ့ဖြိုးစေသည်မျိုး။ စစ်ဆင်ရေးပြီးနောက် အနားယူချိန်၊ စိတ်ဖြေလျှော့ချိန် ပေးသည်မျိုးတို့ဖြစ်သည်။
​နောက်တခုမှာ ကြီးမားသည့် ဆုံးရှုံးမှုများ ကြုံရချိန်၊ သတင်းဆိုးများ ကြားရချိန်၊ စသည့် မိမိကိုယ်ကိုယ် ထိခိုက်အောင် လုပ်နိုင်သော ဖိအားများ ကြုံကြိုက်နေချိန်မျိုးတွင် တပ်စု ပြန်လည်တည်ငြိမ်သည့် ကာလအထိ လက်နက်များ၊ ခဲယမ်းများကို လုံလုံခြုံခြုံ၊ စနစ်တကျ သိမ်းဆည်းကာ လွယ်လင့်တကူ လက်လှမ်းမမီစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ဆေးများနှင့် ပေါက်ကွဲစေတတ်သော ပစ္စွည်းများကို ဘေးအန္တရာယ်ကင်းအောင် သိမ်းဆည်းခြင်းဆိုပါစို့။
​နောက်တခုမှာ ရဲဘော်များအား အရေးပေါ် စိတ်ဖြေလျှော့နည်းလမ်းများကို သင်ကြားပေးခြင်းဖြစ်သည်။ စိတ်ဖိစီးမှု ကြုံလာချိန်တွင် ဖြေရှင်းရမည့်နည်းလမ်းများ၊ အသက်ရှုခြင်းကဲ့သို့ နည်းလမ်းများကို သင်ကြားပေးနိုင်သည်။ ဖြစ်နိုင်လျှင် စိတ်ဖိစီးမှုကြုံရချိန် အကြောဆန့်ခြင်း၊ ထိုင်ထပြုလုပ်ခြင်း၊ အသက်ပြင်းပြင်း ရှုခြင်းစသည့် သေချာ စီစဉ်တကျ ပြုလုပ်ထားသည့် ခဏတာ အားလပ်ချိန်ပြုလုပ်ခြင်းမျိုး ပြုလုပ်နိုင်သည်။ နောက်တခုမှာ ဆေးတပ်သားများ၊ ယုံကြည်ရသည့် ရဲဘော်ရဲဘက်များနှင့် တာဝန်ရှိသူများထံ ရင်ဖွင့်ရန် တွန်းအားပေးခြင်းဖြစ်သည်။
​နောက်တခုမှာ ထိခိုက်ဒဏ်ရာ ရချိန်၊ ရဲဘော်ရဲဘက်ကို တိုက်ပွဲတွင် ဆုံးရှုံးရချိန်၊ မိသားစုပြဿနာ များနှင့် စည်းကမ်းအရ အရေးယူမှုပြုလုပ်ရချိန်များ၊ တိုက်ပွဲမှ ပြန်လာပြီးစအချိန်များ၊ ကြာရှည်စွာ အသင့်စောင့်နေရသည့်အချိန်များမှာ ဆူဆိုက်လုပ်နိုင်ခြေမြင့်မားသည့် အချိန်များဖြစ်ပြီး ထိုအချိန်မျိုးကို စောင့်ကြည့်ရန်လို၏။
​အကယ်၍ တစုံတယောက်က ဆူဆိုက်အတွေးများကို ဖော်ပြခဲ့ဖူးပါကလည်း မကြာခဏ ပြန်လည် စစ်ဆေးရန်လိုအပ်သည်။ ထိုသူများသည် တယောက်တည်း သီးသန့်နေနေသလားသေချာ စောင့်ကြည့်ဖို့ လိုသည်။
​အထက်တွင် ပြောခဲ့သမျှမှာ မိမိတို့တပ်ရင်းတပ်ဖွဲ့အတွင်း ဆူဆိုက်ကို စောင့်ကြည့်ကာကွယ်နိုင်မည့် နည်းလမ်းများဖြစ်ပါသည်။ ဆူဆိုက်အကြောင်း ပြောနေကျ စကားတခွန်းနှင့် ယခုဆောင်းပါးကို အဆုံးသတ်ချင်ပါသည်။ ယင်းမှာ ဆူဆိုက်ကာကွယ်ခြင်းကို လုပ်ဆောင်ရာတွင် ပိုသည်ဟူ၍ မရှိ၊ ပိုလုပ်မိသဖြင့် အသက်အန္တရာယ်မရှိ၊ လျော့ပြီးလုပ်မိသည့်အခါတွင်သာ အသက်အန္တရာယ် ရှိပြီး လျော့ပေါ့သဘောထားမလုပ်မိဖို့ အရေးကြီးကြောင်းဖြစ်ပါသည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment