3
မောင်မူ
‘စစ်မြေပြင်အသုံးချ စိတ်ကျန်းမာရေးအခြေအနေဆန်းစစ်နည်းများ (၄) – မိတ်ဖက်စနစ်ဖြင့် စောင့်ကြည့်ခြင်း’
ဆူဆိုက်ကို စောင့်ကြည့်ကာကွယ်ခြင်းအကြောင်း ပြောစဉ်က မိတ်ဖက်စနစ်အကြောင်း အကျဉ်းမျှ ပြောခဲ့ပါသည်။ ယခု အကျယ် ပြောပါမည်။
မိတ်ဖက်စနစ်ဆိုသည်မှာ ရဲဘော်များအား နှစ်ယောက်လျှင် တတွဲတွဲဖက်ပေးကာ အချင်းချင်း၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို စောင့်ကြည့်စေခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ မည်သူမှ တယောက်တည်း မခံစားနေစေရဖို့၊ မည်သူမှ မိမိ၏ပြဿနာကို တယောက်တည်း ရုန်းကန်တိုက်ခိုက်ခြင်း မပြုလုပ်နေရဖို့ ဖြစ်ပါသည်။ ကူညီနိုင်ရန် စောင့်ကြည့်ခြင်းဆိုပါစို့။
အရင်ဆုံး မိတ်ဖက်စနစ်တွင် မိတ်ဖက်ရဲဘော်၏ အဓိကတာဝန်ကို ပြောပါမည်။ ဒီနေ့အခြေအနေ ဘယ်လိုရှိသလဲ၊ နေ့စဉ် စစ်ဆေးရပါမည်။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာ၊ ရုတ်တရက် တိတ်ဆိတ်သွားခြင်း၊ ဒေါသပေါက်ကွဲခြင်း၊ အသက်အန္တရာယ်ရှိသည့်အပြုအမူများကို ပြုလုပ်ခြင်း စသည့်အပြောင်းအလဲကို စောင့်ကြည့်ရပါမည်။ လိုအပ်ပါက အသက်ရှုလေ့ကျင့်ခန်းမှာ၊ စိတ်ငြိမ်သက်စေမည့် နည်းများကို ပြုလုပ်နိုင်အောင် ကူညီရပါမည်။ နောက်တခုမှာ အကူအညီလိုအပ်ချိန် ရယူရန် တိုက်တွန်းခြင်းဖြစ်ပါသည်။ နောက်ဆုံးတခုမှာ မိမိ၏ မိတ်ဖက်ကို တိုက်ပွဲတွင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိနေချိန် စသည့် အချိန်များတွင် တယောက်တည်း မထားခဲ့ဖို့ ဆိုပါစို့။
ယခု လက်တွေ့အကောင်အထည်ဖော်ရာတွင် အသုံးပြုနိုင်သည့် နည်းနာများကို ဆက်ပြောပါမည်။
နံပါတ်တစ်မှာ ဟုတ်တယ်၊ မဟုတ်ဘူး ဖြေရသည်ထက် စကားလမ်းကြောင်းကို ဖွင့်ပေးသည့် မေးခွန်းမျိုး မေးရပါမည်။ မင်းရဲ့စိတ်ထဲ ဘာတွေဖြစ်နေသလဲ၊ ဒီနေ့အတွင်း မင်းအတွက် အခက်ဆုံးကိစ္စက ဘာလဲ စသဖြင့် ဖြစ်သည်။ ပြီး တဖက်လူ၏ စကားကို ကဲ့ရဲ့ခြင်း၊ ဝေဖန်ခြင်း။ အပြစ်တင်ခြင်းမရှိဘဲ နားထောင်တတ်ရန် လိုအပ်ပါသည်။
နောက်တခုမှာ တယောက်နှင့် တယောက် အသက်ရှုလေ့ကျင့်ခန်းများ လေ့ကျင့်ပေးခြင်း ဖြစ်သည်။ လေးစက္ကန့်ကြာ ရှုသွင်း၊ လေးစက္ကန့်ကြာ ထိန်း၊ လေးစက္ကန့်ကြာ ရှုထုတ်၊ လေးစက္ကန့်ကြာ ထိန်း စသည့် သေတ္တာအသက်ရှုနည်းမျိုးဖြစ်သည်။ စိတ်ဖိစီးချိန်၊ စိတ်လှုပ်ရှားချိန်များတွင် အသက်ရှုရန် သတိပေးပြီး အတူတကွ ရှုနိုင်ပါသည်။
နောက်တခုမှာ မအိပ်ခင် ရေသောက်ပြီးပြီလား၊ ဘာစားပြီးပြီလဲ၊ ကျည်ကာတွေကော ဘယ်လို လုပ်ထားသလဲ စသဖြင့် မေးမြန်းစစ်ဆေးခြင်းဖြစ်သည်။ နေ့စဉ်ပြုလုပ်ခြင်းအားဖြင့် တဖက်လူကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုဖြစ်စေပါသည်။
နောက်တခုမှာ အရေးပေါ်အခြေအနေအတွက် လေ့ကျင့်ခြင်း ဖြစ်ပါသည်။ ဥပမာ မိမိ၏ မိတ်ဘက်သည် ဆူဆိုက်လုပ်ချင်သည့်အတွေးများ ပေါ်နေသည်ဆိုပါစို့၊ မိတ်ဖက်အား တယောက်တည်း (လုံးဝ) မထားခဲ့ဘဲ အတူတကွနေခြင်း၊ ကိုယ်ကိုယ်ကိုယ် သတ်သေဖို့တွေးနေတာလား စသဖြင့် တိုက်ရိုက်မေးခြင်း၊ ဆေးတပ်သား (သို့) အထက်အရာရှိထံသို့ သတင်းပို့ခြင်း၊ အသက်အန္တရာယ်ရှိသည့် ပစ္စည်းကိရိယာများကို လက်လှမ်းမီသည့်နေရာမှ ဖယ်ရှားရပါမည်။
အားနည်းချက်ကို လှောင်ပြောင်ခြင်း၊ အရှက်ရစေခြင်း၊ အပြုအမူများ ပြောင်းလဲနေသည်ကို မသိချင် လျစ်လျူရှုထားခြင်းစသည်တို့ကို ပြုလုပ်၍ မရ။ မိတ်ဆက်စနစ်သည် တပ်ဖွဲ့အတွင်း စိတ်ပိုင်းဆိုင်ရာပြဿနာများကို စောစောစီးစီး သိရှိနိုင်ရန် ရည်ရွယ်ရင်းဖြစ်ကာ ကုသခြင်းမဟုတ်၊ အကယ်၍ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုခုကို ဖော်ထုတ်မိပါက ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဆက်လက်ပြသရပါမည်။
ထိုစနစ်၏ အားသာချက်များ ရှိပါသည်။
ပထမအချက်မှာ စိတ်ဖိစီးမှုနှင့် စိတ်ကျန်းမာဆိုင်ရာ ပြဿနာများကို စောစောစီးစီး သိရှိဖော်ထုတ်နိုင်ပါသည်။ မိမိ မိတ်ဖက်၏ သီးသန့်နေခြင်း၊ အသက်အန္တရာယ် ရှိသည့်ကိစ္စများကို အဆင်အခြင်မဲ့ပြုမူခြင်း၊ အာရုံမစိုက်နိုင်ခြင်းစသည့် အပြောင်းအလဲများကို စောစော သတိထားမိကာ ပြဿနာကြီးမဖြစ်ခင် ကြိုတင် ကုစားမှုပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။
ဒုတိယမှာ မိမိနှင့်အတူ၊ မိမိအတွက် ကျောထောက်နောက်ခံ လူတဦးရှိနေသည်ဆိုသည့် သိစိတ်ကြောင့် ရဲဘော်သည် ကြောက်စိတ်၊ အလွန်အမင်း ထိတ်လန့်ခြင်းများ လျော့ကျစေပါသည်။ ထို့ပြင် အထက်လူကြီးကို စကားပြောရခြင်းထက် မိမိ၏မိတ်ဖက်ရဲဘော်ကို စကားပြောရခြင်းက ပို၍ လွယ်ကူပါသည်။
နောက်တခုမှ ဆူဆိုက်ကို ကာကွယ်ခြင်းဖြစ်ပါသည်။ တယောက်တည်း သီးသန့်နေခြင်းက ဆူဆိုက်လုပ်နိုင်ခြေကို မြင့်မားစေပါသည်။ မိတ်ဖက်စနစ်အရ ရဲဘော်သည် အခြားသူတဦးနှင့် အမြဲတစေ အချိတ်အဆက်ရှိနေပြီး သီးသန့်နေခြင်းကို လျော့ကျစေပါသည်။ ထို့ပြင် ဆူဆိုက်စကားများပြောခြင်း၊ မိမိ ပိုင်ပစ္စည်းများကို အခြားသူများအား ပေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းစသည့် အခြေအနေများကိုလည်း စောင့်ကြည့်နိုင်ပါသည်။
နောက်တခုမှာ အခက်အခဲကို နှစ်ယောက်အတူ မျှဝေကျော်ဖြတ်ရခြင်းက စည်းလုံးမှုကို ရှိစေပါသည်။ ပင်ပန်းနေသည့်အချိန်မှာပင် စိတ်ဓါတ်ပိုင်းတက်ကြွမှုကို ဆက်ထိန်းပေးနိုင်ပါသည်။ ထို့ပြင် မိတ်ဖက်အချင်းချင်း အခြားတယောက်အနေဖြင့် လူ့ကျင့်ဝတ်၊ ရဲဘော်ကျင့်ဝတ်နှင့် မညီသော အပြုအမူများကို လုပ်ဆောင်ခြင်းမပြုရန်လည်း သတိပေးတားဆီးနိုင်ပါသည်။ ရက်စက်ကြမ်းကြုတ်မှုများနှင့် စိတ်ဓါတ်ပိုင်း ကျိုးပဲ့ခြင်းများဖြစ်နိုင်ခြေကို လျော့ချပေးပါသည်။
အထက်တွင် ပြောခဲ့သမျှမှာ မိတ်ဖက်စနစ်၏ အားသာချက်များဖြစ်ပါသည်။ ယခု အားနည်းချက် များကို ဆက်ပြောပါမည်။
ပထမအချက်မှာ ရဲဘော်သည် သူ၏မိတ်ဖက်ရဲဘော်ကို စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကာ မှီခိုလွန်ခြင်း ဖြစ်ပါသည်။ အကယ်၍ မိတ်ဖက်ရဲဘော် မရှိပါက၊ ထိခိုက်ဒဏ်ရာရပါက၊ တိုက်ပွဲတွင် ကျဆုံးပါက ယင်းကြောင့် ထိတ်လန့်ရှော့ခ်ရခြင်း၊ ပူဆွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်းများ ဖြစ်နိုင်ပါသည်။
နောက်တခုမှာ မိတ်ဖက်များသည် သေချာလေ့ကျင့်ပေးထားသည့် ကုထုံးပညာရှင်များမဟုတ်ကြ။ ထိုအတွက် ထိခိုက်ဒဏ်ရာကိစ္စများ၊ ကြောက်သည့်ကိစ္စများ၊ ဆူဆိုက်ကိစ္စများကို နားထောင်ရပြီး ထိုရဲဘော်ထံတွင် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှု၊ စိတ်ပင်ပန်းမှုတို့ဖြစ်နိုင်ပါသည်။ ရဲဘော်တဦးး၏ စိတ်ဖိစီးမှုက နောက်ရဲဘော်တဦးသို့ ကူးစက်သွားပြီး စိတ်ဖိစီးမှုဧရိယာ ကျယ်ပြန့်သွားသည် ဆိုပါစို့။
နောက်တခုမှာ အတွဲ အဆင်မပြေခြင်းဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ကွာခြားခြင်း၊ အချင်းချင်း ယုံကြည်မှုမရှိခြင်း၊ ရာထူးအဆင့်ကွာခြားခြင်းစသည့် ပြဿနာများက မိတ်ဖက်ရဲဘော်အား စောင့်ကြည့်ခြင်းမရှိတော့ဘဲ စနစ်ကို ပျက်ပြားစေပါသည်။
နောက်တခုမှာ ရဲဘော်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကျိုးပေါက်သည်ဟု ခံစားရပြီး ပြဿနာကို မိတ်ဖက်အား ထုတ်ဖော်ခြင်းမပြုဘဲ ဖုံးကွယ်နိုင်ခြေရှိခြင်းဖြစ်ပါသည်။ စိတ်ကျခြင်းနှင့် ဆူဆိုက်ကိစ္စများတွင် ထိုအခြေအနေက အန္တရာယ်ရှိပါသည်။ နောက်တခုမှာ ပို၍ တာဝန်ယူနိုင်သော မိတ်ဖက်က နှစ်ဦးလုံး၏ စိတ်ဖိစီးမှုများကို သယ်ပိုးထားရကာ ထိုမညီမျှမှုမှတဆင့် ခြေကုန်လက်ပန်းကျခြင်း၊ မကျေနပ်ခြင်းများ ဖြစ်နိုင်ပါသည်။ နောက်တခုမှာ ခေါင်းဆောင်လုပ်သူက ဒီစနစ်လုပ်ထားတာပဲ၊ စိတ်ကျန်းမာရေးအတွက် စိတ်ချရပါပြီဆိုသော မှားယွင်းသည့်အတွေးတွေးကာ ပညာရှင်များထံမှ အကူအညီများ မရယူတော့ဘဲနေခြင်းဖြစ်ပါသည်။ နောက်တခုမှာ မိမိ၏ မိတ်ဖက်တွင် တစုံတခုဖြစ်ပါက ကျန်ရဲဘော်အနေဖြင့် အပြစ်ရှိစိတ် ခံစားရနိုင်ပါသည်။
ယခုပြောခဲ့သမျှမှာ မိတ်ဖက်စနစ်၏ အားသာချက်၊ အားနည်းချက်များဖြစ်ပါသည်။ စနစ်တိုင်းတွင် အားသာချက်၊ အားနည်းချက်များ ရှိမြဲဖြစ်သဖြင့် ထိုအချက်မှာ အရေးမကြီး။ အဓိကကျသည်မှာ အားနည်း ချက်များကို ကျော်လွှားကာ အားသာချက်များကို အသုံးချနိုင်ဖို့ဖြစ်ပါသည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
