
“စစ်ရေးစစ်ရာ တပတ်တာ (၄၀)”
■ နောင်လူသစ်
ဇူလိုင်လ (၂၀) ရက်မှ ဇူလိုင်လ (၂၇) ရက်အထိ
☆ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်မှ ဇူလိုင်လ (၂၇) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း ( ၆၁ )ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၆၃ )ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၉ ) ခုရှိ မြို့နယ်ပေါင်း (၂၄) မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးဖြင့် တိုက်ခိုက်မှု နှင့် စစ်ကြောင်းထိုးဝင်ရောက်သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၃၃ ) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်ကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၅) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်လက်ရှိနေပြီး တော်လှန်ရေးအင်အားစုများက စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။
☆ ပဲခူးတိုင်းဒေသအတွင်း စစ်ကောင်စီ စစ်ကြောင်းများကို တော်လှန်ရေးအင်အားစုများက ဖြတ်တောက်တိုက်ခိုက်ခြင်းများ၊ စစ်ကောင်စီစခန်းများကို စီးနင်းတိုက်ခိုက်ခြင်းများကြောင့်တိုက်ပွဲများပြင်းထန်ခဲ့သည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၃၉) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
☆ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို စစ်ကောင်စီက မြေပြင်၊ လေကြောင်း၊ ရေကြောင်း အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် သပိတ်ကျင်းမြို့ကိုစစ်ကောင်စီက ထိန်းချုပ်နိုင်ခဲ့သည်။
☆ မန္တလေးတိုင်း မတ္တရာ နှင့် ပုသိမ်ကြီး မြို့နယ်တွင် စစ်ကောင်စီတပ်များ နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားသည်။
☆ မန္တလေးတိုင်း မတ္တရာ နှင့် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ တပ်စခန်း ၃ ခုထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုများခဲ့သည်။
☆ ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းအား စစ်ကောင်စီက ထိုးစစ်ဆင်ပြီး ထိန်းချုပ်နိုင်ခဲ့သည်။
☆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်ရင်း စခန်းတခုကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။
☆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ နှင့် စစ်တွေမြို့နယ်တို့၌ ဇူလိုင် ၂၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား အပြန်အလှန် ပစ်ခတ်မှုတွေရှိလာပြီး စစ်ရေးတင်းမာမှုများရှိလာခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။
Be the first to comment