
“စစ်ရေးလိုအပ်ချက်နဲ့ နိုင်ငံရေးပုံစံများ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဒီအပတ်ထဲ NUG အောက်ကတပ်တချို့ ထွက်သွားတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (ကာဝန်) ဘက်က ထုတ်ပြန်တဲ့အထဲမှာ အကြောင်းပြချက်နှစ်ခု ပေးတာတွေ့ရတယ်။ ပထမအချက်က လက်အောက်ခံတပ်တွေကို အထောက်အပံ့ကောင်းကောင်း မပေးနိုင်တာ (လက်နက်မထောက်ပံ့နိုင်တာ) နဲ့ နောက်တချက်က စစ်ရေးလိုအပ်ချက်အရ တပ်အရွှေ့အပြောင်းလုပ်တာကို တချို့တပ်တွေက မလိုက်ပါလို (ကိုယ့်နယ်မြေမှာပဲ တိုက်လိုတာ) ကြောင့် ဆိုပြီးဖြစ်တယ်။
‘လက်နက်လိုအပ်ချက်နဲ့ စစ်ရေးလိုအပ်ချက်’
ပထမအချက်က ဘဏ္ဍာရေး လိုအပ်ချက်အရဖြစ်တယ်။ တော်လှန်ရေးစတင်ကတည်းက နုဂျီအပါအဝင် တပ်ဖွဲ့အသီးသီးရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကို ပြည်တွင်းပြည်ပကနေ အလှူခံတာ၊ ငွေတိုက်စာချုပ်တွေလိုမျိုး ထုတ်ရောင်းတာ၊ တချို့အဖွဲ့ဝင်တွေက ပိုင်ဆိုင်မှုတွေ ထုခွဲရောင်းချတာ၊ ကိုယ် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ အခွန်ကောက်ခံတာ စသည်ဖြင့် နည်းမျိုးစုံနဲ့ ဖြေရှင်းနေခဲ့ကြ ဖြေရှင်းနေကြဆဲဖြစ်တယ်။
ဒီနေရာမှာ လက်နက်စက်ရုံတွေနဲ့ နိုင်ငံပိုင်ဘတ်ဂျက်ကို လိုသလိုအသုံးပြုနိုင်တဲ့ စကစကို ဘယ်လိုမှ လိုက်မမှီနိုင်ကြ။ နုဂျီရဲ့ တော်လှန်ရေးအတွက် ဘဏ္ဍာရေးလိုအပ်ချက်ဟာ တော်လှန်ရေးသာ ပြီးဆုံး အောင်မြင်သွားမယ်၊ တော်လှန်ရေးအင်အားစုတွေအားလုံးကို သင့်တင့်အောင် ထောက်ပံ့ပေးသွားနိုင်ဖို့ဟာ မလွယ်ကူနိုင်တာ တွေ့ရတယ်။
စစ်ရေးလိုအပ်ချက်အရ တပ်ရွှေ့ပြောင်းမှုတွေ မလုပ်နိုင်တဲ့ တပ်တွေကတော့ နုဂျီက အလုံးစုံ ပံ့ပိုးပေးထားနိုင်တဲ့ တပ်ရင်းတပ်ဖွဲ့တွေမဟုတ်ဘဲ နုဂျီရဲ့ဦးဆောင်မှုနဲ့ စုစည်းတိုက်ပွဲဝင်နေကြတဲ့ တပ်ဖွဲ့တွေထဲက ဖြစ်ပါလိမ့်မယ်။ တပ်ရွှေ့ပြောင်းဖို့ လိုတယ်ဆိုတဲ့ကိစ္စဟာ တော်လှန်ရေးဘက်က စစ်ရေးအောင်မြင်မှုတွေ ရခဲ့တဲ့ နောက်ပိုင်းမှာကျမှ ထွက်ပေါ်လာတဲ့သဘောရှိတယ်။ တပ်တွေ ရွှေ့ပြောင်းအခြေချတယ်၊ တခြားစစ်တိုင်းတွေမှာ တပ်အသစ်တွေ တိုးချဲ့ဖို့လုပ်တယ်၊ အခြားဒေသတွေကို ဝင်ရောက်ပြီး ဒေသခံတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့လုပ်တယ် ဆိုတာတွေကိုကြည့်ရင် တော်လှန်ရေးဘက်က အောင်ပွဲရပြီး မြေပြင်ထိန်းချုပ်မှုတွေ များများလုပ်လာတာကြောင့်ဖြစ်တယ်။ တပ်တွေ ရွှေ့ပြောင်းရလွယ်လာတယ်၊ ဗျူဟာမြောက်တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖို့ လိုအပ်လာတယ် ဆိုတဲ့အချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့သဘောဖြစ်တယ်။
‘နိုင်ငံရေးပုံစံ သုံးမျိုး’
ကမ္ဘာပေါ်မှာ နိုင်ငံရေးစနစ်တွေ အယူအဆတွေ မျိုးစုံ ပေါ်ထွန်းခဲ့ပေမယ့် အကြမ်းအားဖြင့် သုံးမျိုး ခွဲခြားကြည့်နိုင်တယ်။ မျိုးရိုးစဥ်ဆက်အလိုက် အုပ်ချုပ်သွားတဲ့ ဘုရင်စနစ်၊ စစ်တပ်လို အဖွဲ့အစည်းတခုရဲ့ အကြီးအကဲ၊ ဘာသာရေးအဖွဲ့စည်းတခုရဲ့ ခေါင်းဆောင်တဦး၊ ပါတီတပါတီရဲ့ ခေါင်းဆောင်တဦးတည်းက ထိန်းချုပ်ကြိုးကိုင်သွားတဲ့ အာဏာရှင်စနစ်တွေဟာ မော်ဒန်ခေတ်မတိုင်မီကဖြစ်လို့ ပရီမော်ဒန် (မော်ဒန်အကြို) နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဖြစ်တယ်။
ဒီမိုကရေစီဟာ လူထုရွေးကောက်တင်မြှောက်တဲ့ ပါတီတခုက အချိန်ကာလ သတ်မှတ်ချက်တခုအတွင်း တိုင်းပြည်ကို ဦးဆောင်ရတဲ့ မော်ဒန် နိုင်ငံရေးစနစ်ဖြစ်တယ်။ ပို့စ်မော်ဒန် (မော်ဒန်လွန်) နိုင်ငံရေး ဆိုတာကျတော့ အစိုးရတရပ်၊ အုပ်ချုပ်ရေးပုံစံတခု ဆိုတာထက် အယူအဆတခု အတွေးအခေါ်တရပ်အနေနဲ့ ပေါ်ထွက်လာခဲ့တာဖြစ်တယ်။ လူ့အခွင့်အရေး၊ အသားအရောင်ခွဲခြားမှု၊ လူမျိုးစုအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ ကျားမခွဲခြားမှု စတဲ့ နိုင်ငံရေးအယူအဆနဲ့ လှုပ်ရှားမှုတွေအားလုံးဟာ မော်ဒန်လွန် (ပို့စ်မော်ဒန်) နိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်တယ်။
မော်ဒန်နိုင်ငံရေးစနစ်မှာ တရားဥပဒေဟာ အဓိကဒေါက်တိုင်ဖြစ်တယ်။ ဥပဒေပြုသူ၊ ဥပဒေအရအုပ်ချုပ်သူနဲ့ ဥပဒေအတိုင်း တရားစီရင်မှုတို့ ဖြစ်တယ်။ ဥပဒေရဲ့ရှေ့မှောက်မှာ နိုင်ငံသားအားလုံး တန်းတူညီမျှတယ်ဆိုပြီး ဖော်ပြတယ်။ အနှစ်ချုပ်ပြောရရင်တော့ နုဂျီဟာ မော်ဒန်နိုင်ငံရေးစနစ်ရဲ့ အထိုင်ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒေသအလိုက် ဖွဲ့စည်းပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေဟာ မော်ဒန်အကြိုခေတ်ရဲ့ နိုင်ငံရေးပုံသဏ္ဎာန်ဖြစ်တယ်။
အီးအေအိုတွေနဲ့ တချို့လူငယ်တွေဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ပို့စ်မော်ဒန် နိုင်ငံရေးအယူအဆအခြေခံနဲ့ တည်ဆောက်ထားခဲ့ကြတာဖြစ်တယ် (တနည်းပြောရရင် အစိုးရဆိုတာထက် အစိုးရကိုဆန့်ကျင်ဖို့ စုစည်းထားတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအဖွဲ့အစည်းတွေ ဖြစ်တယ်)။ တော်လှန်ရေးအင်အားစုတွေအတွင်း အခြေခံမှာ ထိုင်ထားကြပုံခြင်း မတူတာကို သဘောပေါက်ဖို့ လက်ခံထားနိုင်ဖို့ဟာ ဒီအင်အားစုတွေခြင်း ပေါင်းစည်း တိုက်ပွဲဝင်နိုင်ဖို့အတွက် လိုအပ်ချက်တခုဖြစ်တယ်။
‘နိုင်ငံရေးက ပံ့ပိုးတဲ့ တော်လှန်ရေး’
လက်နက်ကိုင်တော်လှန်ရေး ဆိုတဲ့အတိုင်း စစ်ရေးကို အားပြုထားတဲ့အတွက် အမိန့်နာခံမှုတခုနဲ့ စုစည်းတိုက်ပွဲဝင်နိုင်စွမ်းရှိမှုဟာ အဓိကကျတယ် ဆိုတာကို ရှမ်းမြောက်နဲ့ ရခိုင်တိုက်ပွဲတွေရဲ့ အောင်မြင်မှုတွေက သက်သေခံခဲ့ပြီးဖြစ်တယ်။ တပ်တွေကို ရည်ရွယ်ချက်တခုနဲ့ ရွှေ့ပြောင်း တိုက်ပွဲမဝင်နိုင်ခြင်းဟာ အဖွဲ့အစည်းတွေခြင်း မစုစည်းနိုင်ရုံမက စစ်ပွဲတွေကိုပါ မစုစည်းနိုင်ဘဲ နေရာဒေသများစွာကို ကွဲထွက် ဖြန့်ကျက်သွားစေတဲ့ အကြောင်းအရင်းတခု ဖြစ်တာကိုလည်း တွေ့ရတယ်။
တော်လှန်ရေးဟာ မော်ဒန်နိုင်ငံရေးပြိုကွဲမှုရဲ့ အကျိုးဆက်ဖြစ်တာမို့ တိုက်ပွဲတွေဟာ မော်ဒန်အခြေခံနဲ့ သွားနိုင်ဖို့လိုတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အမိန့်ပေးထိန်းချုပ်မှုနဲ့ စစ်စည်းကမ်းတွေကို လိုက်နာနိုင်ကြဖို့ဖြစ်တယ်။ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ စည်းမျဥ်းစည်းကမ်းတခုနဲ့ အုပ်ချုပ်ထားနိုင်ဖို့ဖြစ်တယ်။ ဒါပေမယ့်တော်လှန်ရေးလွန်ကာလရဲ့ နိုင်ငံရေးကတော့ ပို့စ်မော်ဒန်နိုင်ငံရေးကို အခြေခံရမှာဖြစ်တယ်။ လူနည်းစု၊ လူမျိုးစုလွတ်လပ်ရေးနဲ့ ပြည်နယ်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးတို့ကို ဆိုလိုတယ်။
တော်လှန်ရေးကာလအတွင်း တိုက်ပွဲဝင်တဲ့ နိုင်ငံရေးအခြေခံနဲ့ တော်လှန်ရေးလွန်ကာလ နိုင်ငံရေးတွေရဲ့ မတူညီမှုကို တော်လှန်ရေးအဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်မှုတွေက နားလည် လက်ခံကြဖို့ဖြစ်တယ်။ ဒီအခြေခံမှာ ညှိနှိုင်းပေါင်းစည်းနိုင်ခဲ့ရင် ဒါကို နိုင်ငံရေးကပံ့ပိုးတဲ့ တော်လှန်စစ်လို့ ဆိုနိုင်ပါလိမ့်မယ်။ တော်လှန်ရေးကို နိုင်ငံရေးက ပံ့ပိုးနိုင်တဲ့အခါမှသာ တော်လှန်ရေးဟာ အဆုံးသတ်အဆင့်ကို လျှင်မြန်စွာ ဝင်ရောက်လာနိုင်မှာဖြစ်တယ်။
Be the first to comment