စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၄)

‘စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၄)’
◼️ ထွင်
(1.2.2021) နေ့တွင် မြန်မာ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် တိုးတက်မှု မြူတမှုန်စာပင် မတွေ့ရဘဲ မြန်မာတနိုင်ငံလုံး စစ်အနိဋ္ဌာရုံ မြင်ကွင်းများစွာသာ မြင်ကြရတော့သည်။ ထို စစ်အနိဋ္ဌာရုံ မြင်ကွင်းများသည် ပြောမကုန်အောင် ရှိသည်။
သည်တော့ မြန်မာနိုင်ငံကို တိုးတက်စေချင်လို့ဆိုပြီး (တကယ်တော့ အာဏာမက်လို့) အာဏာသိမ်းလိုက်ရာ တိုးတက်ရမည့်အစား ဆုတ်ယုတ်သော စစ်အနိဋ္ဌာရုံ မြင်ကွင်းများကိုသာ မြင်ရတော့သည်။ ထို မြင်ကွင်းများထဲက ကျွန်ုပ်ကိုယ်တိုင် မျက်မြင်ဒိဋ္ဌိ မြင်ခဲ့ရသော စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို ပြောပြချင်ပါသည်။
ကျွန်ုပ်က မကွေးတိုင်း မြိုင်မြို့နယ်သားမို့ ကျွန်ုပ် မြင်ခဲ့သော စစ်အနိဋ္ဌာရုံ မြင်ကွင်းများက မြိုင်မြို့နယ်ထဲမှာ။ မြိုင်မြို့နယ်ထဲက ဝက်ပုတ်ဆိုသော ရွာကြီး။ ဝက်ပုတ်ရွာကြီးသည် ရွာ ကြီးသလို စစ်ဒဏ်ကိုလည်း အကြီးအကျယ် ခံခဲ့ရသည်။ ကျွန်ုပ်အထင် ဝက်ပုတ်ရွာကြီးသည် မြိုင်မြို့နယ်ထဲမှ ရွာများစွာထဲတွင် စစ်ဒဏ် အခံရဆုံး ရွာဖြစ်သည်။ ဝက်ပုတ်ရွာထက် စစ်ဒဏ်အခံရဆုံးကတော့ မြိုင်မြို့ ဖြစ်သည်။ မြိုင်မြို့သည် ကျွန်ုပ် သည်စာ ရေးနေချိန်အထိ စစ်ခွေးတို့၏ လက်အောက်တွင် ရှိနေဆဲဖြစ်သည်။ စျေးမရှိတော့။ ဆေးရုံမရှိတော့။ ကျောင်း တကျောင်းမျှ မဖွင့်တော့။ တမြို့လုံးနီးပါး အိုးပစ်အိမ်ပစ် ရှောင်တိမ်းနေရဆဲ ဖြစ်သည်။ သည်လို တမြို့လုံး တိမ်းရှောင်နေရပြီး မြို့ပျက်ကြီးလို တိတ်ဆိတ်ချောက်ချားဖွယ်ကောင်းသော မြို့မျိုး မြိုင်မြို့ တမြို့တည်းသာ ရှိသည်ထင်ပါသည်။
ဝက်ပုတ်ရွာသည် မြိုင်မြို့နယ်ထဲက ရွာ။ အိမ်ခြေ ငါးရာဝန်းကျင် ရှိသည်။ ရွာကို လေးစု ခွဲထားသည်။ ညောင်ပင်စု၊ တည်ပင်စု၊ အုန်းပင်စုနှင့် ရွာမ ဟူ၍ ဖြစ်သည်။ တောင်သူလုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ပြီး ဘုန်းကြီးကျောင်းပေါင်း သုံးကျောင်း ရှိသည်။ အခြေခံပညာအထက်တန်းကျောင်းလည်း ရှိသည်။ နှစ်စဥ် ပွဲတော်ကြီးများစွာ ကျင်းပကြသည်။ ဇာတ်ပွဲများလည်း ခဏခဏ ငှားရမ်းဖျော်ဖြေကြသည်။ သည့်ကြောင့် ဝက်ပုတ်ရွာကြီးသည် နေပျော်ချင်စရာကောင်းသော ရွာကြီးဖြစ်သည်။
မင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နေပျော်ချင်စရာကောင်းသော ရွာကြီးကနေ ရွာပျက်ကြီးဖြစ်သွားသည်။ စစ်အနိဋ္ဌာရုံ မြင်ကွင်းများစွာ မမြင်ချင်မှအဆုံး မြင်ရသော ရွာကြီးဖြစ်ခဲ့ရသည်။
အာဏာသိမ်းပြီး မကြာမီလေးမှာပဲ ဝက်ပုတ်ရွာထဲတွင် ပျူစောထီးများ သောင်းကျန်းလာခဲ့ကြသည်။ သည့်ကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူများ မကြာခဏ သတ်ဖြတ်ခံရသည့် သတင်းများ ကြားလာခဲ့ရသည်။ သည့်ကြောင့် ဝက်ပုတ်ရွာထဲတွင် မထင်မှတ်သော သေနတ်သံများလည်း မကြာခဏ ကြားလာခဲ့ရသည်။
ထိုအဖြစ်အပျက်များစွာ ဖြစ်ပြီးနောက် ဝက်ပုတ်ရွာထဲသို့ စစ်ခွေးများ မကြာခဏ ဝင်ရောက်လာကြသည်။ ပျူစောထီးများက စစ်တပ်နှင့် ပူးပေါင်းခြင်း။ သည်တော့ ပျူစောထီးတို့၏ ပြောဆိုတိုင်ကြားချက်ဖြင့် ရွာထဲက ပြည်သူတွေ ခဏခဏ အဖမ်းခံရသည်။ သတ်ဖြတ်ခံရသည်။ ဆိတ်ကျောင်းသားကိုပင် သတ်ဖြတ်သွားသည်။
ထို ကြောက်မက်ဖွယ် အဖြစ်အပျက်များ ဖြစ်ပျက်ပြီးသောအခါ ဝက်ပုတ်ရွာသူရွာသားများသည် ရွာတွင် မနေရဲတော့ဘဲ အိုးပစ်အိမ်ပစ် ထွက်ပြေးရတော့သည်။ ဤသည်က ပျူစောထီးတို့၏ အကြံပဲဖြစ်သည်။ ရွာကို အပိုင် ကြီးစိုးချင်ကြခြင်း။ ပျူခေါင်းဆောင် ဝင်းငွေ အမည်ရှိသည်။ ထွက်မပြေးလျှင် ဖမ်းဆီးခံရမည်။ ပျူစောထီးအဖြစ် သွတ်သွင်းခံရမည်။
တချို့ပြည်သူများဆိုလျှင် ဘာပစ္စည်းမျှ ယူဆောင်ခွင့် မရလိုက်။ အဝတ်တထည် ကိုယ်တခုနှင့် ပြေးခဲ့ကြရသည်။ လှည်းနွားများ မယူနိုင်ခဲ့ကြ။ ကျောင်းနွား၊ ကျောင်းဆိတ်ကလေးများအား ခြံထဲမှာ သည်အတိုင်း ထားပစ်ခဲ့ကြရသည်။
သည်တော့ ပိုင်ရှင်မဲ့သော အိမ်များထံမှ ပစ္စည်း၊ ပစ္စယများအား ပျူစောထီးများက ခိုးဝှက်ယူဆောင်ကြသည်။ နွားများ၊ ဆိတ်များစွာ သတ်ဖြတ်ခံရပြီး ဟင်းအိုးထဲ ရောက်ကြရသည်။ တချို့ ကျောင်းနွား၊ ကျောင်းဆိတ်ကလေးများက ခြံထဲကလွတ်ပြီး ပိုင်ရှင်မဲ့ တိရိစ္ဆာန်ကလေးများ ဖြစ်သွားကြတော့သည်။ ထိုတိရိစ္ဆာန်လေးများသည် ပတ်ဝန်းကျင်မှ ရွာပေါင်းစုံ၏ ယာခင်း၊ လယ်ခင်းတွေထဲ ဝင်ရောက်ကြရာ ပြန်လည် သတ်ဖြတ်ခံကြရသည်။ လွန်စွာ သနားဖွယ်ပင်။
ကျွန်ုပ်တို့အိမ်သို့လည်း ဝက်ပုတ်ရွာမှ မိသားစု နှစ်စုသည် စစ်ဘေးရှောင်၊ ပျူဘေးရှောင်အဖြစ် နှစ်လမျှ နေသွားခဲ့ဖူးသည်။ လူဦးရေ များသော မိသားစုမို့ သူများအိမ်တွင် ကြာရှည်နေလို့ မဖြစ်။ သည့်ကြောင့် တခြားသို့ ပြောင်းရွှေ့သွားရပြန်သည်။ မိမိပိုင်ရွာသို့ လုံးဝ ပြန်ခွင့်မရှိကြတော့။ နွားလည်း မပါ။ လှည်းလည်းမပါ။ ယာတွေလည်း ပစ်ခဲ့ရပြီ။ ဝင်ငွေ အပိုရစေသော မန်ကျည်းပင်၊ ဆီးပင်တွေ၊ သရက်ပင်တွေလည်း ခူးဆွတ်သူ မဲ့ကုန်ကြပြီ။
ဝက်ပုတ်ပြည်သူများ ထွက်သွားကြသောအခါ ပျူစောထီးများနှင့် သူတို့၏ မိသားစုဝင်များသာ ကျန်တော့သည်။ စစ်သားများနှင့် အတူပူးပေါင်းပြီး (27.2.2022) နေ့တွင် ပျူစောထီးစစ်အဖွဲ့ကို တည်ထောင်ခဲ့သည်ဟု ပကဖခေါင်းဆောင်များထံမှ ကျွန်ုပ် စုံစမ်းသိရှိခဲ့ရသည်။ ပျူစောထီးပြည်သူ့စစ်အဖွဲ့ဟု ခေါင်းစဥ်တပ်ကြသည်။ အားလုံး စုဖွဲ့ပြီး နေထိုင်ကြသည်။ စာသင်ကျောင်းကြီးထဲ။ ဪ မည်သည့်အကြာင်းကြောင့်မျှ စာသင်ကျောင်းအား စစ်အထိုင်ချစခန်းအဖြစ် အသုံးမပြုရ ဟု မင်းအောင်လှိုင်ထုတ်ထားသော ဥပဒေကို မင်းအောင်လှိုင်ကပဲ ကျူးလွန်ခွင့် ပြုနေခြင်း။
ပျူတို့သည် သူတို့မုန်းသော စစ်အာဏာရှင်ကို ဆန့်ကျင်​သော၊ သူတို့ မလိုမုန်းထားသောသူတို့၏ အိမ်များကို တအိမ်ပြီးတအိမ် စိတ်ရှိတိုင်း မီးရှို့ ဖျက်ဆီးပစ်နေတော့သည်။ ရွာပတ်ပတ်လည် လေးဘက်လေးတန်စလုံး တောမီးများကို နှစ်စဥ်ရှို့သည်။ တော​​နေအိမ်ကလေးများ မီးလောင်ခံရပြန်သည်။ သနပ်ခါးခင်းများ မီးလောင်ဆုံးရှုံးရပြန်သည်။
ပျူစောထီးများသည် ပျူစောထီးပြည်သူ့စစ်အဖွဲ့ဟုသာ ခေါင်းစဥ်တပ်သည် သူတို့အဖွဲ့သည် ပြည်သူ့အတွက် ဘာမျှ ကောင်းကျိုးမဖြစ်။ ဆိုးကျိုးကိုသာ ဖြစ်စေခဲ့သည်။ ရိက္ခာကုန်လျှင် ပခုက္ကူမှ စစ်တပ်ကို ခေါ်သည်။ ပခုက္ကူစစ်တပ်သည် ကားအစီးရေ သုံးဆယ်မျှခန့်မျှ ရောက်လာပြီး ရိက္ခာပို့သည်။ ဝက်ပုတ်ပျူတို့အတွက် စစ်တပ်က ရိက္ခာပို့လာတိုင်း ပခုက္ကူကနေ ဝက်ပုတ်ရွာအထိ ဖြတ်လာသည့် လမ်းပတ်ဝန်းကျင်ရှိ ပြည်သူများစွာ၊ ရွာများစွာသည် စစ်လန့်ကြရသည်။ စစ်ပြေးကြရသည်။ စစ်ရှောင်ကြရသည်။ မပြေးနိုင်လျှင်၊ ဖမ်းမိလျှင် လူသားဒိုင်းအဖြစ် ဝက်ပုတ်ပျူရွာထဲ ဖမ်းဆီးခေါ်ဆောင်သွားခံရသည်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရသူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် သတင်းတခုသည် ဖေ့ဘုတ်တခွင် ပျံ့နှံ့ခဲ့ဖူးသည်။ ဝက်ပုတ်ပျူရွာအား သိမ်းပိုက်အပြီး ကြွင်းကျန်ရစ်သော မှတ်တမ်းတခုကို တော်လှန်ရေးတပ်များ တွေ့ခဲ့သည်။ ဗိုလ်စိန်သောင်း ဆိုသော ခွေးဗိုလ် ရေးမှတ်ထားသော မှတ်တမ်း။ (11.6.2023) တနင်္ဂနွေနေ့ ၁၀နာရီ ၁၀မိနစ် အချိန် ဂွေးကုန်းမှ (၁၀) ဦးနှင့် သံချောင်း နှင့် မန်ကျည်းစု (၂) ဦး စုစုပေါင်း (၁၂) ဦးအား ရှင်းလင်းခဲ့ ဟူ၍ ဖြစ်သည်။
ကျေးရွာတိုင်းရှိ PDF အဖွဲ့များသည်လည်း ဝက်ပုတ်ရွာထံသို့ စစ်ကြောင်း အလုံးလိုက် အရင်းလိုက် ဝင်ရောက်လာတိုင်း မိမိရွာ လုံခြုံရေးအတွက်၊ မိမိရွာထဲ စစ်ခွေးများ မဝင်ရေးအတွက် ကြိုတင်မိုင်းထောင်ရသည်။ ကြိုတင်ကင်းစောင့်ကြရသည်။ အိပ်ရေးပျက်ကြရသည်။ ပခုက္ကူနှင့် ဝက်ပုတ်ရွာသည် မိုင်ပေါင်း ကွာဝေးပါသည်။ ထိုအကွာအဝေးအတွင်း ရှိသော ရွာတိုင်း စစ်ဒုက္ခ ခံရသည်ဆိုလျှင် ရွာပေါင်း မရေတွက်နိုင်အောင် များပြားသည်ကို မှန်းဆနိုင်ပါသည်။ ဤသည်မှာ ပျူစောထီးပြည်သူ့စစ်အဖွဲ့ ဟူသော ခေါင်းစဥ်နှင့် လိုက်ဖက်၏လော။ ပြည်သူ့အတွက် ကောင်းကျိုးဖြစ်ပါ၏လော။
ဝက်ပုတ်ရွာထံသို့ ရိက္ခာပို့ရန် အလုံးလိုက် အရင်းလိုက် ဝင်ရောက်လာသော စစ်တပ်သည် ရိုးရိုးလာသည် မဟုတ်ပေ။ လမ်းတွင် PDF များက ကြိုတင်မိုင်းထောင်မည်၊ ခြုံခိုတိုက်ခိုက်မည်ဟု ယူဆကြသဖြင့် လမ်းအတိုင်း မလာဘဲ ရွာပေါင်းစုံထံ ပတ်မွှေပြီး ဖြတ် ဝင်လာကြသည်။ ထို့ကြောင့် ဖြတ်ဝင်ခံရသော ရွာတိုင်း စစ်ပြေးကြရသည်။ မိလျှင် ဖမ်းဆီးသတ်ဖြတ်ခံရသည်။ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခံရသည်။ တချို့အိမ်များကိုလည်း ကြုံရင် ကြုံသလို မီးရှို့သွားသည်။ ခိုးဝှက်ယူငင်လို့ရသမျှ ပစ္စည်း၊ ပစ္စယ စားသောက်ကုန်မျိုးစုံလည်း သယ်သွားသည်။ မသယ်နိုင်လျှင် ဖျက်ဆီးသွားကြသည်။ ညအိပ် ညနေ တည်းခိုပြီး ကြက်၊ ဝက်၊ နွား စသည့် တိရစ္ဆာန်လေးများအား သတ်ဖြတ်ကာ ချက်ပြုတ်စားသောက်သွားကြသည်။ ပြန်သွားလျှင် တိရစ္ဆာန်ကလီစာများစွာ ပုပ်သိုးကာ မြင်မကောင်းအောင် ကျန်ခဲ့သည်။ ဝက်ပုတ်ရွာထံသို့ လာပို့သော ရိက္ခာများသည် ပခုက္ကူစစ်တပ်မှ ယူဆောင်လာခြင်းမဟုတ်ဘဲ ရွာပေါင်းစုံထံမှ ခိုးဝှက်ယူဆောင်လာခြင်းလည်း ဖြစ်နိုင်သည်။ ဖြတ်ခံ၊ ဒုက္ခပေးရသော ရွာတိုင်း၏ ဒုက္ခအဝဝသည် ဝက်ပုတ်မှ ပျူစောထီးများကြောင့်သာ ဖြစ်သည်။
ပခုက္ကူတပ်မှ စစ်ကားတန်းကြီးသည် ရွာပေါင်းစုံအား ဖြတ်ပြီးမှ၊ ဒုက္ခပေးပြီးမှ ဝက်ပုတ်ရွာသို့ ရောက်လာကြတော့သည်။ ရောက်လျှင် တပတ်၊ ဆယ်ရက်ခန့်မျှ နားသည်။ နားနေခိုက် အနီးပတ်ဝန်းကျင်မှ ရွာများသည် ဘယ်အချိန်၊ ဘယ်ရက်မှာ စစ်သားများ ဝင်စီးလေမလဲ မသိရသဖြင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရသည်။ ရင်တမမနှင့် နားစွင့်နေကြရသည်။ စစ်ရှောင်ရက်မှာ ကြာရှည်လွန်းသဖြင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှသည်။
စစ်ခွေးကားတန်းကြီးသည် တပတ်၊ ဆယ်ရက်ခန့်မျှ နားပြီးသည့်အခါ ပြန်ကြဖို့ ပြင်သည်။ ပြန်သည်မှာလည်း ရိုးရိုးမပြန်ပေ။ လာလမ်းအတိုင်း မပြန်။ ဆန့်ကျင်ဘက် လမ်းကနေ ပြန်သည်။ အပြန်မှာလည်း အလာကဲ့သို့ လမ်းကနေ မပြန်။ ရွာပေါင်းစုံကနေ ဖြတ်ပြန်သည်။ အဖြတ်ခံရသည့်ရွာတိုင်း အလာတုန်းက ခံခဲ့ရသော ရွာများကဲ့သို့ ဒုက္ခပင်လယ် ဝေကြရသည်။ ဤသည်မှာ စစ်ခွေးတို့၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။ ဝက်ပုတ်ရွာသို့ ရိက္ခာပို့မည် ဆင်ခြေနှင့် ရိက္ခာပို့ချင်တာက နည်းနည်း ရွာပေါင်းစုံကို ဒုက္ခပေးချင်တာက များများဖြစ်သည်။ ရွာကလေးတွေကို ရှေ့တန်းဟု သဘောထားပြီး စိစိညက်ညက်ကြေအောင် တိုက်ခိုက်သွားကြသည်။
စစ်ခွေးကားတန်းကြီး ပြန်သွားပြီးသော်လည်း ဝက်ပုတ်ရွာ၏ ဘေးပတ်ဝန်းကျင်မှ ရွာများစွာသည် ဝက်ပုတ်မှ ပျူစောထီးများ ရှိနေသရွေ့ စိတ်အေးလက်အေး မနေနိုင်ကြရပေ။ ဘယ်နေ့၊ ဘယ်အချိန်တွင် ဝင်စီးမလဲ၊ ခြုံခိုတိုက်ခိုက်မလဲ တွေးပူနေရသည်။ အချိန်ပြည့် နားစွင့်ရသည်။ သည့်ကြောင့် အသွားအလာ ​ဆင်ခြင်ရပြန်သည်။ အလုပ်ကိုလည်း ဖြောင့်အောင် မလုပ်နိုင်ပေ။ ဝက်ပုတ်ရွာနားတဝိုက်တွင် ရှိသော ယာမြေများ မစိုက်ပျိုးရဲကြ။ ထိုဝန်းကျင်တဝိုက်တွင် သနပ်ခါးကောင်းမွန်သော မြေမျိုးမို့ သနပ်ခါး အများဆုံး စိုက်ကြသည်။ ထို သနပ်ခါးခင်းများသည် တစ်နှစ်လောက် ပစ်ထားရုံနှင့် ပေါင်းထူထပ်တတ်သည်။ ပျူစောထီးများက နှစ်စဥ် တောမီးရှို့သဖြင့် သနပ်ခါးခင်းများသည် ပေါင်းမြက်များနှင့်အတူ မီးလောင် ပျက်စီးရသည်။ ညညဆိုလည်း ဖြောင့်ဖြောင့်မအိပ်ရ။ ပျူခွေးများက ဝန်းကျင်အနှံ့ လောင်ချာကြီးနှင့် ရမ်းသန်းပစ်ခတ်တတ်သောကြောင့်ပင်။
သည့်ကြောင့်လည်း ပြည်သူများစွာက ဝက်ပုတ်ပျူစခန်းအား အမြန်သိမ်းပိုက်နိုင်စေချင်ကြသည်။ သို့ပါသော်လည်း လက်နက်အင်အားက မမျှတ၊ တပ်ပေါင်းစုံကို စုစည်းပြီး တိုက်ခိုက်သိမ်းလို့ ရပါသော်လည်း အခြေအနေက မပေးသေးပြန်။ သည့်ကြောင့်လည်း မအောင့်အည်းနိုင်တော့သည့် ပြည်သူများက ပျူတွေကို မသိမ်းပိုက်နိုင်ရင်နေ ပျူတွေ ထွက်ပြေးအောင် တရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည် တကဲကဲ လုပ်ကြသည်။
သည်လို သောကနှင့် ဒုက္ခမျိုး ပြည်သူတွေ ခံရသည်မှာ အာဏာသိမ်းချိန်ကစပြီး ဝက်ပုတ်ပျူရွာအား သိမ်းပိုက်ပြီးသည့်နေ့ အထိဖြစ်သည်။ ဝက်ပုတ်ပျူရွာအား တပ်ပေါင်းစုံ စုစည်းပြီး (5.8.2024) နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ (8.8.2024) နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ပျူစောထီးခေါင်းဆောင် ဝင်းငွေ ကတော့ ထိုနေ့ မတိုင်ခင်ကတည်းက PDF များက သုတ်သင်နိုင်ခဲ့ပြီးပြီဖြစ်သည်။ ဝင်းငွေအား သုတ်သင်နိုင်ခဲ့သော နေ့နှင့် ဝက်ပုတ်ရွာအား သိမ်းပိုက်နိုင်ခဲ့သော နေ့သည် ဝက်ပုတ်ရွာသူရွာသားများနှင့် ပတ်ဝန်းကျင်မှ ရွာသူရွာသားများအတွက် အပျော်ဆုံး နေ့ဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ ရွာသူရွာသားများသည် စိတ်အေးလက်အေး နေနိုင်တော့မည်။ ကျီးလန့်စာစားဘဝက လွတ်ပြီ။ တောင်သူယာမြေတွေ ပြန်စိုက်နိုင်တော့မည်။ ဝက်ပုတ်ရွာထဲသို့ အစီးရေ နှစ်ဆယ်မျှ ရှိသော စစ်ခွေးကားတန်းကြီးလည်း မလာနိုင်တော့။ သည်တော့ အဲသည် စစ်ခွေးကားတန်းကြီး လာစဥ်က ဒုက္ခမျိုးလည်း ပြည်သူတွေ မကြုံရနိုင်တော့။
ဝက်ပုတ်ရွာသူရွာသားများသည် ကိုယ့်ရွာကို ပြန်ရအောင် လုပ်နိုင်ခဲ့ပြီ။ အိမ်ပြန်နိုင်ကြတော့မည်။ သို့ပါသော်လည်း အစကနေ ပြန်စဖို့အတွက်တော့ အတော့်ကို ကြိုးစားရဦးမည်ဖြစ်သည်။ သူတို့မှာ အိမ်တွေ မရှိကြတော့။ လှည်းများ၊ နွားများ မရှိကြတော့။ ထွန်တုံး၊ ထွန်သွား၊ ထွန်စက်များ မရှိကြတော့။ အားလုံး မီးလောင်ဆုံးရှုံးခဲ့ရပြီ။ အလုပ်အကိုင် ရှားပါးပြီး ကုန်စျေးနှုန်း ကြီးမြင့်နေချိန် အိမ်တအိမ် ပြန်ဆောက်နိုင်ဖို့ မနည်းလုံးပန်းရမည်။ တကောင်လျှင် သိန်းသုံးဆယ်ဝန်းကျင်ရှိသော နွားနှစ်ကောင်ဝယ်နိုင်ဖို့ မနည်းကြိုးစားရမည်။
ကျွန်ုပ်သည် ဝက်ပုတ်ရွာအား သိမ်းပိုက်အပြီး မနက်ဖြန်တွင် ဝက်ပုတ်ရွာထဲသို့ ကွင်းဆင်းခဲ့ပါသည် ။ကျွန်ုပ် တော်လှန်စားဖိုမှူးလုပ်ခဲ့သော တပ်ဟောင်းဖြစ်သည့် ကင်ဒို အမည်ရှိ တပ်ဖွဲ့ခေါင်းဆောင်နှင့် အတူဖြစ်သည်။ ထိုစဥ်က ဝက်ပုတ်ရွာ၏ စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို မမြင်ချင်မှအဆုံး မြင်ခဲ့ရသည်။
ဟိုးယခင်က ဝက်ပုတ်ရွာသို့ သွယ်တန်းထားသော လမ်းမကြီးက ပိတ်ထားသဖြင့် တောကြိုတောကြားကနေ ခက်ခက်ခဲခဲ သွားရသည်။ ဆိုင်ကယ်နှင့်။ ဖြတ်ခဲ့သည့် တောများသည် သနပ်ခါးများ စိုက်ပျိုးထားသော ယာမြေများဖြစ်သည်။ မနှစ်က တောမီးနှင့်အတူ လောင်ကျွမ်းခဲ့သဖြင့် သနပ်ခါးပင်စည်များသည် မဲတူးလျှက်ရှိသည်။ ဪ ဝက်ပုတ်ပျူတွေကြောင့် ဆုံးရှုံးရသော သနပ်ခါးခင်း။
ဆက်လက်ပြီး မောင်းနှင်လာခဲ့ရာ PDF တို့ တိုက်ခိုက်ရန် နေရာယူထားသော အရာများစွာ တွေ့ရသည်။ ရှေ့တန်းထမင်းထုပ်များ၊ ရေသန့်ဘူးများ၊ အချိုရည်ဘူးခွံများ။ ပျ့ကျဲလျက်။ ဪ တိုက်ပွဲထွက်ရာ ရှေ့တန်းမြင်ကွင်း။
ပြီးမှ ရွာအစပ်သို့ ရောက်သည်။ ရွာ အစပ် ရောက်ရောက်ချင်း မီးလောင်ထားသော အိမ်ကို တွေ့ရသည်။ ရွာအစပ်တွင် ဆောက်လုပ်ထားသော အိမ်ပင်ဖြစ်ငြား ထိုအိမ်သည် အတော်ချမ်းသာပုံရသည်။ အိမ်ကို အင်္ဂတေဖြင့် ဆောက်ထားသည်။ လျှပ်စစ်နွားစာစဥ်းစက်၊ ထရပ်ကားနှင့် ထွန်စက်ကြီးတို့ တွေ့ရသည်။ အားလုံးသည် မီးလောင်ထားခံရသည်။ ချမ်းသာသည့်အိမ်ကို မနာလိုကြသည့်အလား။ မလောင်လောင်အောင် ရှို့ထားသည်။
ကျွန်ုပ်တို့ သွားမည်က ပျူစောထီးတို့ အထိုင်ချရာ ရွာအလယ်မှ အထက်တန်းကျောင်းကြီးဆီသို့။ ထိုနေရာသို့ သွားရာ လမ်းတလျှောက်ရှိ အိမ်အတော်များများသည် မီးရှို့ထားခံရသည်။ ထိုအိမ်တိုင်းသည် ပျူစောထီးတို့ ရှို့သော အိမ်များပင် ဖြစ်သည်။ စစ်အာဏာရှင်ကို ဆန့်ကျင်သည်ဟု ယူဆသမျှ အိမ်တိုင်းကို အငြိုးနှင့် ရှို့ခြင်းပင်။ မီးရှို့မခံရသော အိမ်အချို့ကကျတော့ လူမနေတော့တာ ကြာပြီဖြစ်သဖြင့် ခြုံနွယ်ပိတ်ပေါင်းများစွာ ရှုပ်ထွေးလျှက်ရှိပြီ။ ခြတက်၊ ခြကိုက်ခံရပြီး ပြိုလိုပြို၊ ပြုတ်လိုပြုတ်။ တချို့ အိမ်ကလေးများဆို မီးရှို့မခံရသည့်တိုင် လုံးဝ နေလို့မရတော့။ ပျက်စီးနေကြပြီ။ ဘုန်းကြီးကျောင်းကြီးရှေ့သို့လည်း ဖြတ်သွားခဲ့ရရာ စေတီ ​ဘုရား၊ ကျောင်း၊ တန်ဆောင်း၊ သိမ်တိုက်များသည် အရောင်အဆင်း ​မှေးမှိန်လျှက် ရှိခဲ့ပြီ။ ဝက်ပုတ်ရွာတွင် ဘုန်းကြီးကျောင်း သုံးကျောင်းရှိရာ ထိုသုံးကျောင်းစလုံး ဘုန်းကြီး၊ ကိုရင်၊ ကျောင်းသား တဦးမှ မရှိသဖြင့် ကျွန်ုပ် မြင်ခဲ့သော ဘုန်းကြီးကျောင်းကဲ့သို့ အစစအရာရာ မှေးမှိန်နေလိမ့်မည် ဖြစ်သည်။ ထိုဘုန်းကြီးကျောင်းကြီးထဲသာ ပျူစောထီးတို့ တပ်စွဲခဲ့လျှင် ရစရာမရှိအောင် ပျက်စီးလိမ့်မည်ဖြစ်သည်။
ပျူစောထီးတို့ တပ်စွဲခဲ့သော စာသင်ကျောင်းရှေ့သို့ ရောက်ရှိခဲ့ပါပြီ။ ကျောင်းရှေ့မှာရော၊ ကျောင်းဝန်းထဲမှာရော PDF အများအပြား ယူနီဖောင်းကိုယ်စီ၊ သေနတ်ကိုယ်စီနှင့် ရောက်ရှိနေကြသည်။ အရပ်ဝတ်နှင့် ပြည်သူအချို့လည်း တွေ့သည်။
ကျောင်းဝင်ပေါက်မှာ အမြောက်ကြီး ထောင်ထားသည်။ ပျူစောထီးတို့ ထောင်ထားခြင်းပင်။ ဪ လက်စသတ်တော့ ဝက်ပုတ်ပျူရွာကနေ ဘေးပတ်ဝန်းကျင် ရွာပေါင်းစုံထံသို့ လောင်ချာကြီး ခဏခဏ ရမ်းသန်းပစ်လွှတ်နေတာ သည်အမြောက်ကြီးနှင့်ကိုး။ သည်အမြောက်ကြီးကြောင့်ပဲ ဘေးရွာက အမျိုးသားကြီးတဦး ပွဲချင်းပြီး ဆုံးခဲ့ပြီး ဇနီးသည်မှာ ခြေပြတ်ခဲ့ရသည်။ သည့်ထက်ကံဆိုးသည်က သူတို့၏ သားသည် PDF တဦးဖြစ်ပြီး ရှေ့တန်းတွင် ကျဆုံးခဲ့သည်။
ကျောင်းဝန်းထဲ ဝင်လိုက်တော့ နေရာအနှံ့ အပျက်အစီးများစွာ မြင်မကောင်းအောင် တွေ့ရသည်။ ပုပ်စော်တွေလည်း နံသည်တဲ့။ ကျောင်းဆောင်ကြီးက လုံးဝပျက်စီးနေပြီ။ အမိုးတွေ လောင်ချာကျပြီး အပေါက်ကြီးဖြစ်နေသည်။ သွပ်တွေ လန်ကျနေသည်။ နံရံများစွာ အကျိုး၊ အပဲ့ချည်း။ နဂိုပုံမှန်စာသင်ကျောင်းဖြစ်ဖို့ အတော်ကြီးကို ပြင်ဆင်ရဦးမည်။ ကျောင်းဆောင်ခန်းထဲမှာတော့ စစ်ခွေး၊ ပျူခွေးများ နေထိုင်သည့်နေရာမို့ ဖရုံဖရဲ။ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ အသုံးအဆောင် ပစ္စည်းပစ္စယများသည် စွန့်ပစ်ပလပ်စတစ်အမှိုက်ပုံကဲ့သို့ ပွစာတက်လျှက်။ ဝက်လူးအိုင်ကဲ့သို့ ရွံရှာဖွယ်။
ဝက်ပုတ်ရွာအား သိမ်းပိုက်နိုင်ခဲ့သော်လည်း ဝက်ပုတ်ရွာသူရွာသားများသည် အိမ်မပြန်နိုင်ကြသေးပေ။ PDFများကလည်း နေခွင့်မ​​ပေးသေး။ နေလျှင် အချိန်မရွေး လေယာဥ်နှင့် အငြိုးတကြီး ပစ်ခတ်နိုင်သောကြောင့်ပင်။
PDF များက နေခွင့်ပေးလျှင်တောင် မပြန်နိုင်ကြသေးပေ။ အိမ်မရှိတော့သောကြောင့်နှင့် ပြန်လည်ထူထောင်ရေးကို မလုပ်နိုင်ကြသေးသောကြောင့်ပင်။ ပြန်လည်ထူထောင်ရေးကို လုပ်နိုင်လျှင်တောင် အိမ်အသစ်ပြန်ဆောက်ဖို့ မဝံ့ရဲကြသေး။ စစ်ခွေး၊ ပျူခွေးများသည် PDF တို့ သိမ်းပိုက်နိုင်ခဲ့သော နေရာများကို အလွန်အငြိုးတကြီးထားပြီး လေယာဥ်နှင့် တိုက်ခိုက်တတ်သည်။ သည့်ကြောင့် တော်လှန်ရေးပြီးမှသာ စိတ်ချလက်ချ ပြန်လည်ထူထောင်ရေး လုပ်နိုင်ကြလိမ့်မည်ဖြစ်သည်။
တကယ်လည်း ဝက်ပုတ်ရွာအား မြိုင်မြို့ပေါ်အား စစ်ခွေးများက အလုံးလိုက်အရင်းလိုက် ပြန်ရောက်လာပြီး အိမ်များကို မီးရှို့သွားခဲ့ပြန်သေးသည်။ သည့်အပြင် ရွာအစပ်တွင် ပျူခွေးတို့ ထောင်ထားသော နင်းမိုင်းအား ကျောင်းနွားများ နင်းမိသဖြင့် နွား သေဆုံးသလို တောမီးလည်း လောင်ကျွမ်းသဖြင့် ထိုတောမီးကနေ ရွာကို ကူးစက်ပြီး အိမ်များကို လောင်ကျွမ်းခဲ့ရပြန်သည်။ လောင်ကျွမ်းနေသည်ကို ကျွန်ုပ်ကိုယ်တိုင် ဖြတ်သွားရင်း မြင်ခဲ့ရခြင်းပင်။ ဝက်ပုတ်ရွာသည် ဤသို့ စစ်ဒဏ်ကို အလူးအလှိမ့် ခံနေရသည်။
ပျူရွာဟုလည်း ရှက်ဖွယ်လိလိ သမုတ်ခံရသည်။ တခါ ဝက်ပုတ်က အသိတယောက်က ကျွန်ုပ်အား လာပြောဖူးသည်။ ကဲ အခုတော့ ရွာကို သိမ်းလိုက်ပြီးပြီဆိုတော့ နောက်ဆို ပျူရွာလို့ လုံးဝ မခေါ်ပါနဲ့တော့တဲ့။ ခံပြင်းစိတ်ဖြင့်။ နောက်တယောက်ကကျတော့ ငါးခုံးမတကောင်ကြောင့် တလှေလုံး ပုပ်ရတာပါ ဆိုပြီး ပျူရွာဟု သမုတ်ခံရသည်ကို ဝမ်းနည်းပက်လက် ရင်ဖွင့်ခဲ့ဖူးသည်။
ကျွန်ုပ်သည် ဝက်ပုတ်ရွာအား သိမ်းပိုက်ပြီးနောက်ပိုင်း သွားရေးလာရေးကိစ္စရှိသဖြင့် ဝက်ပုတ်ရွာထဲသို့ ဖြတ်ဖြတ်သွားရသည်။ ဖြတ်သွားတိုင်း မီးလောင်အိမ်တွေ မြင်နေရသည်။ မီးမလောင်သော အိမ်ရှင်အချို့ကတော့ အိမ်ကလေးကို ရှင်းဖို့ လင်းဖို့ ရောက်နေကြသည်။ ကျွန်ုပ်၏ ဆိုင်ကယ်သံကို ကြားလျှင် ပြူကြည့်နေတတ်သည်။ ထိုမျက်ဝန်းထဲတွင် ကြောက်ရွှံ့မှု အရိပ်အယောင်တွေ တွေ့နေရသည်။ ဘယ်ရန်သူက လာလုပ်ကြံမလို့လဲဆိုသော တွေးကြောက်မှုမျိုးနှင့် မလုံခြုံမှုများကို ခံစားနေရသည်။ ထိုမျက်ဝန်းများကို မြင်ရသည့်အခါ ကျွန်ုပ်အလွန်သနားမိသည်။
တခါတော့ မီးလောင်ခံရသော အိမ်က အမျိုးသမီးတဦးသည် ထိုအိမ်တွင် ရေချိုးနေသည်ကို နှစ်ကြိမ်တွေ့ဖူးသည်။ သူမသည် အိမ်ပြန်ခွင့်ရလို့ အိမ်ပြန်လာခဲ့သော်လည်း နေစရာ အိမ်မရှိတော့။ လဲလျောင်းစရာ မရှိ ခုတင်မရှိတော့ပေ။ ထိုအကြောင်းကို သိသည့်အခါ ကျွန်ုပ်သည် ရင်နာရပြန်သည်။
ဝက်ပုတ်ရွာသည် ဟိုးအရင်လို စည်ကားသိုက်မြိုက်သည့် ရွာ ပြန်ဖြစ် ဖို့ အတော့်ကို ကြိုးစားရဦးမည်။ ဟိုးအရင်လို အိမ်နီးချင်းတွေ စုံစုံလင်လင်နှင့် စကားဖောင်ဖွဲ့နိုင်ကြဖို့ လုံးပမ်းကြရပါဦးမည်။ တောင်သူအလုပ်တွေ ပုံမှန်ပြန်လုပ်နိုင်ပြီး သီးနှံအထွက်တိုးဖို့ ရုန်းကန်ကြရဦးမည်။ ဟိုးအရင်လို ပွဲလမ်းသဘင်တွေ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ အတော့်ကိုအချိန်ယူကြရပါဦးမည်။
ဪ… ဝက်ပုတ်ရွာ၏ စစ်အနိဋ္ဌာရုံ မြင်ကွင်းများပေတကား။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
About The Call 726 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*