
‘စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၅)’

စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၄) အထိ ရေးပြီးသည့်အခါ စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၅) ကို ရေးဖို့ ဘယ်အကြောင်းအရာကို ရေးလျှင် ကောင်းမည်လဲဟု မိတ်ဆွေတချို့ကို မေးကြည့်တော့ ကိုင်းတောမရွာအကြောင်း ရေးကြည့်ပါလားဟု အကြံပေးကြသည်။ ကိုင်းတောမရွာအကြောင်းက ရေးစရာတွေ ပြည့်နေသည်ကို ကျွန်ုပ် သိလိုက်ရာ မဆိုင်းမတွ ချရေးဖြစ်လိုက်သည်။
ကိုင်းတောမရွာကြီးဟာ မြိုင်မြို့နယ်ထဲမှာ။ မြိုင်မြို့နှင့် ဆယ်မိုင်ဝေးသည်။ မြိုင်မြို့ဟာ မြို့ကလေး သေးသလောက် မြို့နယ်မှ ရွာများကတော့ (၃၂၉)ရွာခန့် ရှိပါသည်။ သည်တော့ မြိုင်မြို့နယ်၏ နယ်မြေသည် ကျယ်ဝန်းသည်။ ဘယ်လောက်အထိ ကျယ်ဝန်းသလဲဆို ဥပမာ မြိုင်နယ်အရှေ့စပ်မှ ရွာသည် မြိုင်နယ် အနောက်အစပ်မှ ရွာကို မသိ၊ မကြားဖူး၊ မရောက်ဖူးတတ်ကြပေ။ သို့ပါသော်လည်း ကိုင်းတောမဟု ဆိုလိုက်လျှင်တော့ မြိုင်တနယ်လုံးက သိကြ၊ ကြားဖူးကြပါသည်။ အဘယ်ကြောင့်မူ ကိုင်းတောမရွာဟာ စံပြရွာကြီးဖြစ်သောကြောင့်ပင်။
ကိုင်းတောမရွာသည် စံပြရွာကြီး ဖြစ်သည်နှင့်အညီ ဆေးရုံကြီးလည်း ရှိသည်။ ရဲစခန်းလည်း ရှိသည်။ အထက်တန်းကျောင်းကြီးလည်း ရှိသည်။ သို့ပါသော်လည်း ကိုင်းတောမရွာအား မြိုင်တနယ်လုံးက သိကြ၊ ကြားဖူးသည့်အကြောင်းကား အထက်တန်းကျောင်းကြီး ရှိသောကြောင့်ပင်။ အထက်တန်းကျောင်းကြီးသည် ကိုင်းတောမရွာ၏ အချက်အချာပင် ဖြစ်သည်။
ဟိုးအလျင် နှစ်ဆယ်ရာစုနှောင်းပိုင်းကာလတဝိုက်က မြိုင်မြို့နယ်တွင် အထက်တန်းကျောင်းပေါင်း တဆယ်ကျောင်း မပြည့်တပြည့်သာ ရှိသည်။ ထိုအထဲတွင် ကိုင်းတောမအထက်တန်းကျောင်းလည်း ပါဝင်သည်။ ထိုကာလတုန်းက အထက်တန်းကျောင်း ရှားပါးရာရှိသည့် အထက်တန်းကျောင်းကြီးဆီကိုသာ စုပြုံတက်ရောက်ခဲ့ကြရသည်။ ကိုင်းတောမအထက်တန်းကျောင်းသို့လည်း အပါအဝင်ပင်။
ကိုင်းတောမ အထက်တန်းကျောင်းထံ တက်ရောက်သင်ကြားခဲ့ကြသော ကျေးရွာပေါင်း ခြောက်ဆယ်နီးပါး ရှိခဲ့ပါသည်။ ထိုခေတ်က ဆိုင်ကယ်များ ခေတ်မစားသေး။ မဝယ်နိုင်၊ မစီးနိုင်ကြသေး။ စက်ဘီးခေတ်ဖြစ်သည်။ စက်ဘီးတစီး ဝယ်နိုင်ဖို့ကိုပင် အနိုင်နိုင် ကြိုးစားခဲ့ကြရသော ခေတ်ကာလဖြစ်သည်။ ကျောင်းသားနှစ်ယောက်ရှိသော မိသားစုထဲတွင် စက်ဘီးနှစ်စီး မဝယ်နိုင်သဖြင့် တစီးတည်းကို နောက်ထိုင်ခုံပေါ် အငယ်ကိုတင်ပြီး ကျောင်းသွားကြရသည်။ ကျောင်းသွားခရီးကလည်း ဝေးလံရာ တင်ခေါ်ရသူမှာ ပင်ပန်းဆင်းရဲလှပါသည်။ (ကျွန်ုပ်သည်လည်း အစ်မ၏ နောက်ခုံကနေ လိုက်ပါရင်း ကျောင်းတက်ခဲ့ရရာ အစ်မ၏ ပင်ပန်းခံရမှုကို ပြေးမြင်ပြီး အစ်မကို သနားမိသည်။ နှစ်မိုင်ခွဲဝေးသော ခရီးလမ်းဖြစ်သည်။) တချို့များဆို ရှစ်မိုင်ကနေ ဆယ်မိုင်အထိ ဝေးလံလှသော ရွာကနေ စက်ဘီးကလေးနှင့် နေ့ချင်းပြန် ကျောင်းတက်ကြရသည်။ ကျွန်ုပ် လီဆယ်ပြီး ရေးနေခြင်း မဟုတ်ပေ။ ကျွန်ုပ်လည်း ငါးတန်းကနေ ဆယ်တန်းအထိ ကိုင်းတောမကျောင်းတွင် ပညာသင်ကြားဖူးသဖြင့် သိနေခြင်းဖြစ်သည်။
မြိုင်မြို့နယ်နှင့် ထိစပ်နေသော ပေါက်မြို့နယ်အစပ်မှ ပေါက်မြို့နယ်ရွာများစွာထံကလည်း ကျောင်းလာတက်ကြသည်။ သည်လောက်ဆိုလျှင် ကျွန်ုပ် လီဆယ်ပြီး ရေးခြင်းမဟုတ်သည်ကို မှန်းဆနိုင်ပါသည်။ သည့်အပြင် တချို့များ ရှစ်မိုင်၊ ကိုးမိုင်ကနေ နေ့ချင်းပြန် ကျောင်းတက်ကြရသော ကျောင်းသူကျောင်းသားများဆို ဘယ်လောက် ခက်ခဲပင်ပန်းမလဲဆိုတာ တွေးကြည့်နိုင်ပါသေးသည်။ ကျွန်ုပ်တို့ကို ခြောက်တန်းတုန်းက သင်ခဲ့သော မြိုင်မြို့ပေါ်က ဆရာကြီးတဦးဆို ဆယ်မိုင်ဝေးသည့် မြိုင်မြို့ကနေ ကိုင်းတောမကျောင်းသို့ နေ့ချင်းပြန်စက်ဘီးနှင့် ကျောင်းသွားကျောင်းပြန်လုပ်ခဲ့သည်။ ခက်ခက်ခဲခဲနှင့် ပညာသင်ပေးခဲ့သည့် ဆရာကြီး၏ ကျေးဇူးကို လုံးဝမမေ့ပါ။ ကျွန်ုပ် ထိုအခြေအနေများကို ပြောပြနေရသည့် အကြောင်းက များစွာရှိပါသည်။
ကျွန်ုပ်လည်း တွေးကြည့်နိုင်သော အရွယ်သို့ ရောက်လာသည့်အခါ နောက်ဆက်တွဲအတွေးများ ထပ်ဆင့်ဝင်လာပြီး အလိုလိုသိလာသော အကြောင်းများစွာ ရှိလာခဲ့ပါသည်။ ပြောပြရမည်ဆိုလျှင်…။
ပြောပြရမည်ဆိုလျှင်တော့ ထိုကာလဟာ ဒေါ်အောင်ဆန်းစုကြည်အား အတင်းအဓမ္မဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့်အချိန်။ မြန်မာနိုင်ငံအား အာဏာရှင်သန်းရွှေ အုပ်ချုပ်နေသည့်လက်ထက်။ နှစ်ဆယ်ရာစုနှောင်းပိုင်း၊ နှစ်ဆယ့်တစ် ရာစုအဝင်။
သိသည့်အတိုင်း အာဏာရှင်တိုင်းလိုလိုဆိုသည်မှာ တဘို့တည်းသမားများစွာ။ တိုင်းပြည်မှာ ကိုယ်သာလျှင် အကြီးမြတ်ဆုံး ဖြစ်လိုသူ။ တတိုင်းပြည်လုံးကို ကျွန်ဇာတ်သွင်းပြီး အမိန့်ပေးလိုသူ။ တိုင်းပြည်မှာ ကိုယ့်ထက်တော်သူ မရှိစေရ။ အဲ့သည်လို ဖြစ်ဖို့အတွက်ဆိုလျှင် ပညာတတ်တွေ များစွာ ပေါ်ထွက်လာမည်ကိုလည်း လိုလားမည်မဟုတ်။ သည့်ကြောင့် စာသင်ကျောင်းတွေ များပြားစွာ ဖွင့်မည်ကို အားပေးမည်လည်း မဟုတ်။ သည့်ကြောင့် ပညာသင်ဖို့ ခက်ခဲအောင် လုပ်လိမ့်မည်။ ကျွန်ုပ် သည်လို အတွေးဝင်မိသည့်အခါ ကိုင်းတောမကျောင်းတွင် တက်ရောက်ခဲ့ကြသော ကျောင်းသူကျောင်းသားများစွာသည် သည့်ကြောင့် ကျောင်းတက်ရတာ ခက်ခဲကြရသလားဟု ထင်မိသည်။ အခမဲ့ ပညာသင်ရသည်မဟုတ်။ ကျောင်းဝတ်စုံများလည်း မရရှိ။ ကျောင်းသုံးသင်ရိုးစာအုပ်ကိုပင် အပြည့်အစုံမရ။
ကျွန်ုပ်ဆိုလျှင် သင်ရိုးစာအုပ်အပြည့်အစုံ မရသဖြင့် ကူးပြီးကျက်ခဲ့ရသည်။ မဲပေါက်မှ ရသည်။ အပြင်မှာလည်း ဝယ်လို့မရ။ ကျောင်းတက်ရာမှာ ခက်ခဲရုံမက စာမေးပွဲအောင်မြင်ဖို့လည်း အလွန်ခက်ခဲခဲ့ကြသည်။ ဆယ်တန်းကို ဆယ်နှစ်၊ ရှစ်နှစ် တက်ခဲ့ကြသူတွေရှိသည်။ ကျွန်ုပ်တို့ရွာတွင် ရှစ်နှစ်ဖြေမှ အောင်မြင်သူရှိသည်။ ခုနှစ်နှစ်ဖြေရာ မအောင်မြင်ခဲ့သူရှိသည်။ သည်လို နှစ်များစွာ မဆုတ်မနစ်ဖြေဆိုသည်ဆိုလျှင် အောင်မြင်လိုစိတ် တကယ်ရှိသောကြောင့်ပင်။ သည်လို အောင်မြင်လိုစိတ်ရှိသူကို ကျရှုံးအောင် လုပ်ခြင်းဟာ ပညာရေးကို တကယ်အားမပေးသောကြောင့်ပင်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီး အုပ်ချုပ်ခွင့် ရသည့်အခါ စစ်အာဏာရှင်လက်ထက်က ပြဋ္ဌာန်းခဲ့သော ပညာရေးစနစ်ကို ပြောင်းလဲပစ်သည်။ အခမဲ့ပညာသင်ခွင့် ရသည်။ ကျောင်းဝတ်စုံများလည်း အခမဲ့ရသည်။ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် အကုန်အခမဲ့။ မူလတန်းအောက် ကျောင်းသူကျောင်းသားများ မုန့်အခမဲ့ကျွေးမွေးသည်။ ကျောင်းသုံးသင်ရိုးစာအုပ်အခမဲ့။ သင်ရိုးစာအုပ် မရသူ မရှိစေရ။ မရလျှင်လည်း အပြင်တွင် အလွယ်တကူ ဝယ်လို့ရသည်။ ဆယ်တန်းတွင်လည်း အောင်ချက်နှုန်းများခဲ့သည်။ (ကျွန်ုပ်လည်း ကိုင်းတောမကျောင်းမှာ ဆယ်တန်းအောင်ခဲ့ပါသည်။) ကျေးရွာအတော်များများ မူလွန်ကျောင်းလေးတွေ များပြားစွာ ဖွင့်နိုင်သဖြင့် ကျောင်းသားကျောင်းသူလေးတွေ ငယ်ငယ်ရွယ်ရွယ်နှင့် ဝေးဝေးလံလံကျောင်းဆီသို့ ပင်ပင်ပန်းပန်း မသွားကြရတော့။ ကိုယ့်ရွာကျောင်းမှာပဲ အေးအေးသက်သာ သင်ယူနိုင်ခဲ့ကြပြီ။
သည့်အပြင် ယခင် KG ကလေးများအား သင်္ချာသင်လျှင် လက်ချောင်းကလေးများဖြင့် သင်ခဲ့ရသည်။ ယခုမူ ကျောက်ခဲ၊ သစ်တုံးကလေးများဖြင့် သင်ရသည်။ ဒါဟာ မွေးရာပါ သို့မဟုတ် မတော်တဆမှုဖြင့် လက်ချောင်းမရှိတော့သော ကလေးများကို စာနာသောကြောင့် ဖြစ်သည်။ ဘယ်လောက်တောင် လူသားချင်းစာနာထောက်ထားစိတ်ရှိသော ပညာရေးစနစ်သစ်လဲကွယ်။ အလွန်ကောင်းမွန်သော ပညာရေးစနစ်ပင်။
ကိုင်းတောမရွာအကြာင်း ဆက်ပြီး ပြောရမည်ဆိုလျှင် ဟိုးယခင်ကတည်းက ရဲစခန်းလည်းရှိသည်။ အထက်တန်းကျောင်းကော ရဲစခန်းပါ ရှိသည့်အတွက် ဆေးရုံပါ ရှိထားသင့်သည်မို့ (2017) ခုနှစ်တွင် ဆေးရုံကြီးပါ ဆောက်လုပ်ဖွင့်နိုင်ခဲ့သည်။ ဆေးရုံပါ ဖွင့်နိုင်ခဲ့သည့်အတွက် အနီးအနားမှ ကျေးရွာများစွာသည် လွယ်လွယ်ကူကူ ဆေးကုသမှု ခံယူနိုင်ခဲ့ကြသည်။ ဟိုးယခင်ကဆိုလျှင် မြိုင်မြို့နှင့် ပခုက္ကူမြို့ကြီးဆီသို့ ဝေးဝေးလံလံသွားပြီး ကုသကြရသည်။ ကိုင်းတောမ ရွာသူရွာသားများကလည်း စေတနာသဒ္ဓါတရား အလွန်ထက်သန်ကြသည်။ ဆေးရုံကြီးတွင် အလှည့်ကျ စောင့်ကြပ်ပေးကြသည်။ သန့်ရှင်းရေးလုပ်ပေးကြသည်။ ဆေးရုံဝန်ထမ်းများ ၊ လူနာစောင့်များ ၊ လူနာများအတွက် နေစဉ်မနက်တိုင်း အဟာရ ကုသိုလ်ပြုကြ ၊ နေ့ခင်းစာအဟာရကုသိုလ် ပြုကြသည်။
ဆေးရုံပေါ်လာပြီးနောက်ပိုင်း ကိုင်းတောမရွာကြီးသည် အလွန်စည်ကားတိုးတက်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အအေးဆိုင်၊ အလှပြင်ဆိုင်၊ ဆေးဆိုင်၊ ဓာတ်ပုံဆိုင်၊ ဘိုးဘွားများအတွက် အပူရှောင် အေးရိပ်သာ စသဖြင့် စသဖြင့် အလျှိုအလျှို တိုးတက်ပေါ်ပေါက်လာခဲ့သည်။ ထိုကာလသည် ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့်ကာလတွင် ဖြစ်သည်။
သည်လို အချက်အချာကျခဲ့သော ကိုင်းတောမ စံပြရွာကြီးသည် မင်းအောင်လှိုင် အာဏာသိမ်းလိုက်သော (1.2.2021) နေ့ကစပြီး ရွာပျက်ကြီး ဖြစ်သွားခဲ့သည်။ ကိုင်းတောမရွာတင်မက ကိုင်းတောမရွာ၏ ဘေးမှ ရွာငယ်များစွာသည်လည်း အိုးအိမ်နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရရာ ရွာပျက်များစွာ ဖြစ်ကုန်ကြရတော့သည်။ မင်းအောင်လှိုင် အာဏာသိမ်းလိုက်သည်တွင် တိုးတက်ဖို့နေနေသာသာ ဆုတ်ယုတ်သွားသည်မှာ ကိုင်းတောမရွာနှင့် ပတ်ဝန်းကျင်မှ ရွာငယ်လေးများ၏ အခြေအနေက သက်သေ။
အဘယ်ကြောင့်မူ ကိုင်းတောမရွာတွင် ရဲစခန်းရှိသောကြောင့်ပင်။ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ စာသင်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ဆေးရုံမှ ဆရာဝန်၊ သူနာပြုများ စီဒီအမ်ဝင်ကြသော်လည်း ရဲစခန်းမှ ရဲများကတော့ တဦးမျှ စီဒီအမ်မဝင်ကြပါ။ သည့်ကြောင့် ပြည်သူများသည် မလုံခြုံမှုကို ခံစားရသောကြောင့် စွန့်ခွာသွားခဲ့ကြသည်။ ဘဝများစွာသည် ရောက်ရာအရပ်မှာ မသေအောင် ရှင်သန်ရုန်းကန်ရင်း ကျွမ်းထိုးမှောက်ခုံဖြစ်ကြရသည်။ ကိုင်းတောမ အထက်တန်းကျောင်းတော်ကြီးဆီမှာ ပညာသင်ကြားနေကြသည့် ကျောင်းသားလူငယ်လေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးကုန်ရသည်။ ကိုင်းတောမဆေးရုံကြီးထံမှာ ဆေးကုသနေကြရသည့် ဘေးပတ်ဝန်းကျင်မှ ရွာများစွာသည်လည်း ဆေးကုသရန် ခက်ခဲကုန်ကြရသည်။ စစ်ခွေးဂိတ်များစွာရှိသည့် ပခုက္ကူလမ်းပေါ် အသက်ပေးဖြတ်သန်းပြီး ပခုက္ကူမြို့ထံ သွားရောက်ဆေးကုသကြရတော့သည်။
စွန့်ခွာရမပေါ့။ ကိုင်းတောမရွာထဲတွင် ရဲများ၊ စစ်သားများ အထိုင်ချသည့် နေရာက တနေရာတည်းမှ မဟုတ်ဘဲ။ နှစ်နေရာတောင်။ ဆေးရုံနှင့် စာသင်ကျောင်း၏ ကြားတွင် စစ်တပ်အထိုင်ချစခန်းတခုလည်း ရှိသည်။ ထိုနေရာတွင် ရေတင်စက်ရှိသောကြောင့်ပင်။ ကိုင်းတောမရွာနှင့် လေးမိုင်ဝေးသော တောတွင်းတနေရာတွင် စစ်တပ်ပိုင် စက်ရုံကြီးရှိသည်။ ထိုစက်ရုံအတွက် ကိုင်းတောမရွာမှ ရေတင်စက်ကနေ ရေတင်ပေးသည်။ (ထိုစက်ရုံမှာ ယခုထိ မသိမ်းပိုက်နိုင်သေးပါ။)
ကိုင်းတောမရွာတွင် သည်လို စစ်တပ်နှစ်ခု တပ်စွဲထားသော်လည်း ပျူစောထီးရွာဟု သမုတ်မခံရ။ ကိုင်းတောမရွာ၏ ဘေးပတ်ဝန်းကျင်တွင် ရှိသော ပျူစောထီးတို့ တပ်စွဲထားသည့် တွင်းမရွာ၊ သရက်ကန်ရွာ၊ ဝက်ပုတ်ရွာတို့ကဲ့သို့ အစွန်းရောက် အတ္တကြီးသူ မရှိသောကြောင့်ပင်။ ထိုရွာများသည် ပျူစောထီးများကြောင့် ပျက်ရသည်။ ကိုင်းတောမရွာကား ရဲခွေးများကြောင့် ပျက်ရသည်။ (တွင်းမနှင့် သရက်ကန်မှာ မသိမ်းပိုက်နိုင်သေး၊ ဝက်ပုတ်ရွာကား (8.8.2024) နေ့က သိမ်းပိုက်ပြီး)
(5.8.2024) နေ့တွင် ကိုင်းတောမရွာအား ပီဒီအက်ဖ်တပ်ဖွဲ့ပေါင်းများစွာက သိမ်းပိုက်နိုင်ခဲ့ကြပါသည်။ သိမ်းပိုက်ပြီးသည့်အခါမှ ကိုင်းတောမရွာအတွင်း ဖြတ်သန်းသွားလာခွင့် ရရာ နဂိုက စည်ကားသိုက်မြိုက်ခဲ့သော ကိုင်းတောမရွာ၏ အခြေအနေမှာ မြင်မကောင်း၊ ရှုမကောင်းလောက်အောင် ပျက်စီးယိုယွင်းနေသည်ကို တွေ့ခဲ့ရပါသည်။ လမ်းတလျှောက် ပေါင်းမြက်များစွာ ထူထပ်လျှက်ရှိသည်။ ဆေးရုံနှင့် စာသင်ကျောင်းအတွင်းတွင် သစ်ပင်ခြုံနွယ်များ ထူထပ်များပြားစွာ ပေါက်ရောက်နေသည့်အတွက် ကျောင်းနှင့် ဆေးရုံတို့ကို သေချာမမြင်ရတော့လောက်အောင် စီးမိုးအုပ်ဆိုင်းနေပါပြီ။ အရင်က လူအမြဲစည်ကားခဲ့သော ဆိုင်များစွာတွင်လည်း သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်လျှက်။ အိမ်တိုင်းအိမ်တိုင်း ခြတက်ကုန်ပြီး အလဲလဲအပြိုပြို ဖြစ်ကျန်ရစ်ကုန်ကြပြီ။ စစ်အနိဋ္ဌာရုံ မြင်ကွင်းများပင်။
ကိုင်းတောမရွာအား သိမ်းပိုက်ခဲ့ပြီးသည်မှာ တနှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ပြည်သူများ အိမ်ပြန်ခရီးနှေးကွေးနေကြသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ကြောင့် ဆုံးရှုံးမှုများကို ပြန်လည်ရှင်သန်ရပ်တည်နိုင်အောင် ရုန်းကန်ရာတွင် အခက်အခဲများစွာရှိနေကြ၍ ပြန်လည်ထူထောင်နိုင်ဖို့ အတော်ကြီးကို ရုန်းကန်ကြရဦးမည်။ သည့်ကြောင့် ကိုင်းတောမရွာကြီးသည် ပေါင်းမြက်များစွာ ထူထပ်မြဲထူထပ်လျက်။ ပြန်လည်ရှင်းလင်းရေးမလုပ်နိုင်ကြသေး။ နဂိုစည်ကားခဲ့သော ကိုင်းတောမရွာကြီးသည် မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီး စည်ကားရမည့်အစား ရွာပျက်ကြီး ဖြစ်နေခဲ့ပေပြီ။ ဪ သည့်ကြောင့်လည်း ရှေ့ရှေ့က စာရေးဆရာကြီးများက ပြောခဲ့ကြသည်ပဲ။ အာဏာရှင်တို့ကျေးဇူး မူးလို့တောင် ရှုစရာမရှိဘူး ဟု။
(24.6.2025)
(အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။)
Be the first to comment