2
ထွင်
‘စစ်အနိဋ္ဌာရုံ မြင်ကွင်းများ (၈)’
မှတ်မှတ်ရရ ထိုနေ့က (11.11.2025) ရက်နေ့ပဲ ဖြစ်ပါသည်။ ဆောင်းဦးကာလ အညာဒေသ၊ ခိုက်ခိုက်တုန်အောင် ချမ်းနေပါပြီ။ မြေပဲ အဓိကစိုက်သော ဒေသမို့ တောင်သူအားလုံး မြေပဲများ သိမ်းပြီးကုန်ကြပြီ။ နွားမရှိသော တောင်သူအချို့သာ နွားရှိသော တောင်သူတို့၏ နွားများ အားအောင် စောင့်နေရသဖြင့် မပြီးနိုင်ကြသေး။ မြေပဲစိုက်စဥ်ကလည်း နွားရှင်တို့အားလုံး စိုက်ပျိုးအပြီး နွားအားမှ စိုက်ရသဖြင့် မြေပဲဖော်ချိန်ကလည်း နောက်ကျနေကြသည်။
တောင်သူအချို့ နွားမရှိကြဘူးဆိုတာကလည်း ပြည်တွင်းစစ်ကြီးကြောင့်ပင်။ အလျင်က စစ်အာဏာရှင်သည် ရွာတွေထဲ စစ်ကြောင်း ထိုးလာတတ်သည်။ စစ်ကြောင်း အနားရောက်လာပြီဟု သတင်းကြားကြားချင်း ရွာသူရွာသားများသည် အထုပ်ပြင်ပြီး ဆိုင်ကယ်တဖုံ၊ ခြေကျင်တသွယ်ဖြင့် ပြေးကြရသည်။ နွားရှိသော အိမ်များကတော့ ရွာထဲ စစ်ကြောင်းဝင်မည်ကို ကြားသိရသော်လည်း ကျန်သည့် မိသားစုဝင်များသာ ပြေးရပြီး တယောက်ယောက်ကတော့ မရှောင်ပြေးနိုင်ဘဲ အိမ်မှာသာ ပုံ့ပုံ့လေးထိုင်နေရသည်။ သည်နေရာမှာ “ကျီးစောင့် ကြက်နှင်” စကားပုံပျောက်ပြီး “နွားကြည့် အိမ်စောင့်” ဟု ပြောင်းသွားသည်။ နွားတွေ၊ လှည်းတွေနှင့် ရှောင်ရပြေးရသည်က ဆိုင်ကယ်နှင့် ပြေးရသလို မလွယ်ကူ။ ဝေးဝေးလံလံ မရောက်နိုင်လွယ်။ မတော်လို့ လှည်းပေါ် အထုပ်အပိုးအပြည့်နှင့် လမ်းမှာ ပက်ပင်းမိလျှင် လူကိုပါ သတ်သွားမည်သာမက နွားတွေကိုပါ သတ်သွားမည်။
သည့်အပြင် လှည်းနွားကြီးနှင့် သူများအိမ်မှာ စစ်ရှာင် နေရမည်ကလည်း အားနာစရာ။ နွားရှိသည့်အိမ်ဟာ နွားချေး၊ နွားသေးများနှင့် အလွန်ညစ်ပတ်တတ်သည်လေ။ သည်တော့ နွားရှိသည့်အိမ်မှာ တည်းလျှင်တော့ သိပ်ပြီးအားနာစရာ မလိုပေမယ့် နွားမရှိသည့်အိမ်မှာ တည်းလျှင် အလွန်အားနာရသည်။ နွားစာအတွက် ရိတ်ရ စဥ်းရမည်ကိုလည်း အလုပ်ရှုပ်မှာနှင့်မို့ မရှောင်ပြေးတော့ဘဲ အိမ်မှာပဲ ပုံ့ပုံ့လေး ထိုင်နေရသည်။ အိမ်ထဲ စစ်အာဏာရှင်တို့ ဝင်လာခဲ့လျှင် စစ်ခွေးတို့ ပြုသမျှ ငုံ့ခံနေရသည်။ တချို့ နွားကြည့်အိမ်စောင့်တို့သည် အိမ်မှာတင် သတ်ဖြတ်ခံရသည်။ တချို့ကျတော့ သူ့အိမ်မှာ ဝင်တည်းပြီး ချက်ပြုတ်ကျွေးမွေးခိုင်းသည်။ တချို့ကျတော့ အိမ်မှာ ရှိသမျှနှင့် တခြားအိမ်များစွာက ဆန်၊ ဆီ၊ မြေပဲဆံ စသည့် ရိက္ခာများစွာကို မိမိ၏ လှည်းပေါ်အတင်ခိုင်းပြီး စစ်ခွေးတို့၏ တပ်သို့ ကိုယ်တိုင် မောင်းပို့ပေးကြရပါသည်။ မောင်းပို့အပြီး ပြန်လွှတ်မလားဆိုတော့လည်း မဟုတ်ပြန်။ တချို့နွားများကို သတ်ဖြတ်စားသောက်ပစ်ကြသည်။
စစ်ခွေးတို့၏ ထိုသို့သော လုပ်ရပ်ဆိုးများကြောင့် တချို့တောင်သူများသည် နွားများကို ရောင်းပစ်ကြတော့သည်။ ယာကလေးတွေကိုတော့ သူများနွားကို အခကြေးငွေပေးပြီး စိုက်ပျိုးရတော့မည်။ ယာမြေအနည်းငယ်သာ ရှိသော တောင်သူတချို့သာပါ။ ယာမြေ ၅၀၀ အထက်ရှိသော တောင်သူများကတော့ ရောင်းလို့မဖြစ်။ ရောင်းလိုက်လျှင် ယာအများအပြားအား စိုက်ပျိုးဖို့ရာ နွားငှားခ အများအပြား ကုန်ကျလိမ့်မည်။ ရသမျှ သီးနှံမှာ နွားငှားခနှင့် ဘာမျှ ကျန်လိမ့်မည်မဟုတ်။ ယာမြေ အနည်းငယ်သာ ရှိသော တောင်သူများအဖို့ နွားကို ရောင်းပစ်သည်က သတ်ဖြတ်ခံရသည်ထက် တော်ပေသေးသည်။ နွားတကောင်၏ တန်ဖိုးမှာ သိန်းသုံးဆယ်အထက် ရှိသည်ကိုး။ သတ်ဖြတ်စားသောက်ခံရလျှင် အရင်းပြုတ်မည်။ ယာအနည်းငယ်ကလေးအတွက် နွားငှားခလည်း အများအပြား ကုန်ကျလိမ့်မည်မဟုတ်။
ထိုသို့သော အဖြစ်မျိုးကြောင့် နွားများ မရောင်းရက်သော တောင်သူများသည် နွားကြည့်အိမ်စောင့် မနေရဲကြတော့ပေ။ နောင်များ စစ်ရှောင်ရသည့်အခါ အရေးကြီးသော ပစ္စည်း၊ ပစ္စယများ၊ ထမင်းအိုး၊ ဟင်းအိုးများ၊ ဆန်၊ ဆီ ရိက္ခာများအပြင် နွားစာများကိုလည်း ပီနံအိတ်နှင့် ဆန့်သလောက် အပြည့်အသိပ်တင်ပြီး စစ်ရှောင်ကြတော့သည်။ ရောက်ရာအရပ်ဆီက လမ်းဘေးမှာ၊ ဇရပ်မှာ၊ မန်ကျည်းပင်ကြီးများအောက်မှာ ဖြစ်သလို နေထိုင် ချက်ပြုတ် စားသောက်ကြတော့မည်။ သူများအိမ်မှာ မတည်းရက်ကြတော့။ သည့်ကြောင့် စစ်ရှောင်လှည်းတန်းကြီးမှာ ဟိုးယခင် ကိုးဆယ်ခေတ်က ဇာတ်ပွဲကြည့် သွားကြသော လှည်းတန်းကြီးနှင့် တူနေတော့သည်။
ထိုနေ့က ဝမ်းကွဲအစ်မ၏ မြေပဲများကို ကူသိမ်းပေးနေရသည်။ အဲ့နေ့မတိုင် သုံးရက်အလို(8.11.2025) ကတည်းက ကျွန်ုပ်တို့နယ်ဘက်သို့ စစ်ခွေးစစ်ကြောင်း ထိုးနေပါပြီ။ မကြာခင် လာမည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် စစ်တပ်က တရားမဝင်သော ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေသည်။ မဲရမည်မဟုတ်သော ကျွန်ုပ်တို့နယ်ကနေ မဲရလိုရငြားဆိုပြီး နယ်မြေပြန်ရအောင် ကြိုးစားနေဟန် တူပါသည်။ စစ်ကြောင်းကို နှစ်ကြောင်း ခွဲထိုးနေသည်။ ပခုက္ကူတပ်မှ စစ်ခွေးအင်အား တရာကျော်ရှိသည်။ ကျေးရွာပေါင်း သုံးဆယ်ကျော်ခန့် စစ်ပြေးရှောင်နေကြပြီ။ ကျွန်ုပ်တို့ ရွာဆီသို့လည်း လာရှောင်ကြသည်။ စစ်ခွေးကြောင်းသည် ကျွန်ုပ်တို့ရွာရှိရာအရပ်သို့ လှည့်လာနေသည်။ တရွာပြီးတရွာ ဝင်ဝင်လာပြီး ကျွန်ုပ်တို့ရွာနှင့် နီးနီးလာနေသည်။ တရွာလုံးသည် စစ်ခွေးကြောင်း ဘယ်ရောက်နေပြီလဲဟု နားတစွင့်စွင့် ရှိနေကြသည်။ သည့်ကြောင့်လည်း တရွာလုံး စစ်ရှောင်ဖို့ အထုပ်အပိုး ပြင်နေကြပြီ။ လှည်းပေါ်သို့လည်း အပြည့်အသိပ် တင်နေကြပြီ။ ရွာ့ကာကွယ်ရေးခေါင်းဆောင်များက ထွက်ကြတော့ဟု အမိန့်ပေးလာလာချင်း ထွက်ကြဖို့ ပြင်နေကြပြီ။
ကျွန်ုပ်တို့ကတော့ ကိုယ်ပိုင်နွားရှိသဖြင့် မြေပဲများ သိမ်းပြီးစ ဖြစ်သည်။ ဆွတ်တော့ မဆွတ်ရသေးပါ။ အစ်မဝမ်းကွဲကတော့ နွားမရှိသဖြင့် မြေပဲဖော်ချိန် နောက်ကျနေသည်။ စစ်ခွေးကြောင်းကလည်း နီးနီးလာသဖြင့် ပုံမှန်ဆို သုံးရက်တိတိ နေလှန်းရသော မြေပဲကို တရက်ပဲ လှန်းရသေး မသိမ်းမဖြစ် သိမ်းလိုက်ရပြီ။ မြေပဲတွေ မှိုတက်ချင်လည်း တက်ပါစေတော့။ ထော်လာဂျီပေါ် မြေပဲတွေ တင်လို့ မပြီးခင်မှာပဲ စစ်ခွေးကြောင်းက ရွာနှင့် နီးလာနေပြီတဲ့။ ပြန်လာခဲ့ကြပါတော့တဲ့။ စစ်ရှောင်ရတော့မယ်တဲ့။ ရွာထဲက ကလေးတွေက အစ်မရဲ့ အငှားလုပ်သားတွေကို လာခေါ်နေပြီ။ လုပ်သားတွေကလည်း အမြန်လက်စသတ်ပြီး အိမ်သို့ ခပ်သုတ်သုတ်လေး ပြန်သွားကြသည်။ အစ်မက အငှားလုပ်သားများအတွက် မုန့်ဟင်းခါးလည်း ချက်ပြုတ်နေပြီ။ အဲ့သည်မုန့်ဟင်းခါးကိုပင် အငှားလုပ်သားများ မစားသွားကြရ။ ထော်လာဂျီ အစ်မအိမ်ရောက်တော့လည်း ထော်လာဂျီနှင့် စစ်ရှောင်လိုက်မည့်သူတွေက မြန်မြန်လာပါတော့ အထုပ်တွေ တင်ရမှာဆိုပြီး ထော်လာဂျီသမားကို တပူဆာဆာလုပ်နေပြီ။ ကျွန်ုပ်ကတော့ ပျာယာခတ်မနေဘဲ အစ်မကျွေးသော မုန့်ဟင်းခါးကို အေးဆေးစားပြီးမှ အိမ်ပြန်သည်။
အိမ်ရောက်တော့ တအိမ်လုံးက စစ်ရှောင်ဖို့ ဆိုင်ကယ်ပေါ်မှာရော လှည်းပေါ်မှာရော အထုပ်အပိုးတွေက အပြည့်အသိပ်။ အနောက်မြောက်ဘက်အိမ်က တကိုယ်တည်းနေသော အဖေ၏ ဒွေးလေး၊ ကျွန်ုပ်၏ အဖွားလေးကလည်း လှည်းနှင့် လိုက်မည်မို့ လှည်းပေါ်ရောက်နေပြီ။ ကျွန်ုပ်ကတော့ မြေပဲသိမ်းကအပြန် တကိုယ်လုံး ဖုန်အလိမ်းလိမ်းနှင့်မို့ ရေချိုးပြီး အေးဆေးလိုက်လာခဲ့မည်ဆိုပြီး ဆိုင်ကယ်တစီးထားခဲ့ကာ အိမ်သားတွေ ထွက်သွားကြပြီ။ ပြီးမှ ကျွန်ုပ်လည်း ရေမိုးချိုးပြီး အထုပ်ပြင်ရတော့သည်။ စစ်ရှောင်ရက် ဘယ်နှရက်ကြာမည်မသိရသဖြင့် အိမ်က ကြက်ကလေးတွေအတွက် အိမ်ရှေ့တွင် ပြောင်းနှံနှင့် ဆပ်နှံများကို ဖြန့်ကြဲထားခဲ့သည်။ ကြက်ကြီးများအတွက် မြေပဲရိုးပုံထဲက မြပဲတောင့်များကို ဆွတ်စားပါစေဆိုပြီး ရိုင်ပတ်နှင့်ပင် မကာဖြစ်ခဲ့။ ရေသောက်ရန်အတွက် ရေဇလုံလေးထဲ ရေအပြည့်ဖြည့်ခဲ့သည်။ ပြီးမှ အိမ်သားတွေသွားရာ စစ်ရှောင်စခန်းဆီသို့ ဒုန်းစိုင်းနှင်တော့သည်။
လမ်းတလျှောက်တွင် စစ်အနိဋ္ဌာရုံ မြင်ကွင်းများမှာ မမြင်ချင်မှအဆုံး မြင်ရတော့သည်။ ကျွန်ုပ်က ဆိုင်ကယ်နှင့်မို့ မြန်မြန်ဆန်ဆန် ရောက်သဖြင့် ရှေ့က သွားနှင့်သော နွားလှည်းများကို မီလေသည်။ တလမ်းလုံး ဖုန် အလိမ်းလိမ်းနှင့်။ လှည်းသံတအီအီနှင့်။ နွားကျောကုန်းပေါ် တဖြန်းဖြန်းရိုက်သော နှင်တံသံများ။ စားကျက်လွှတ် နွားများကိုပါ အပါခေါ်သွားသဖြင့် လမ်းပေါ်တွင် နွားများ အပြန့်အကျဲ။ လှည်းများပေါ်တွင် အဆာပလာများ ထုပ်ပိုးထားသော ပီနံအိတ်ဖြူများက အပြွတ်အသိပ်။
ရှေ့သို့ နည်းနည်း ကျော်လွန်လာခဲ့လျှင် တော်လှန်ရေးသမား ပီဒီအက်ဖ်အများအပြားကို အားရဖွယ် တွေ့လိုက်ရသည်။ ပီဒီအက်ဖ်များသည် လမ်းဘေးနှစ်ဘက်လုံးမှ သစ်ပင်များအောက်တွင် နေရာယူနေကြသည်။ တပ်ဖွဲ့ပေါင်းစုံမှ ပီဒီအက်ဖ်များ စုပေါင်းပြီး စစ်ခွေးကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံရန် ရောက်နေကြခြင်း ဖြစ်သည်။ စစ်ခွေးကြောင်း ဝင်လာတိုင်း တပ်ဖွဲ့ပေါင်းစုံသည် သည်လိုစုစည်းတတ်ကြသည်။ ပီဒီအက်ဖ်များမှာ လမ်းဘေးတွင် တမျှော်တဆုံးနှင့် ရှည်လျားများပြားနေသောကြောင့် စိတ်ထဲတွင် လုံခြုံမှုကို ခံစားလိုက်ရသည်။
ပြီး ပီဒီအက်ဖ်များကို ကျော်လွန်လာခဲ့လျှင် ကျွန်ုပ်တို့ရွာကမဟုတ်သော တခြားရွာက စစ်ရှောင်များကို လမ်းဘေးတွင် ရှည်လျားစွာ တွေ့လိုက်ရပေသည်။ လမ်းဘေးတွင် ရပ်သူရပ်၊ ဇရပ်ပေါ်တွင် ထိုင်သူ ထိုင်၊ မန်ကျည်းပင်ကြီးများအောက်တွင် လှည်းချွတ်ပြီး နားသူ နားနေကြသည်။ အားလုံး၏ မျက်ဝန်းများက လမ်းပေါ်တွင် စစ်ရှောင်ရန် ဖြတ်သွားနေသော လှည်းများ၊ ဆိုင်ကယ်များကို ကြည့်နေသည်။ သူတို့လည်း လွတ်ရာကျွတ်ရာ လှည့်ပတ်စစ်ရှောင်နေကြရပြီး အခြေအတည်တကျ စစ်ရှောင်ဖို့ရာ နေရာ ရှိဟန်မတူပေ။ စစ်ခွေးကြောင်းက စက်ဝိုင်းသဏ္ဌာန်လှည့် လှည့်ပတ်နေသည်ကိုး။ စစ်ခွေးကြောင်း ဟိုနေရာ ဝင်လာပြီ ကြားလိုက်တိုင်း စစ်ရှောင်များမှာ ဟိုနေရာနှင့် ဝေးရာဆီသို့ လှည့်ပတ်ပြေးရှောင်နေရသည်။
ကျွန်ုပ်ကတော့ ရွာတရွာတွင် ကိုယ့်ရွာက စစ်ရှောင်များနှင့်အတူ ဝင်ရောက်တည်းခိုသည်။ စစ်ရှောင်များအတွက် ထိုရွာကပဲ စေတနာနှင့် ချက်ပြုတ်ကျွေးမွေးပါသည်။ (အခမဲ့ မစားခဲ့ရပါ။ ခြောက်ရက် စစ်ရှောင်ပြီးသည့်အခါ စစ်ရှောင်တဦးစီဆီကနေ ထမင်းဖိုး ငါးထောင် ကောက်ခဲ့သည်။) အိမ်ကလူတွေကတော့ လှည်းနှင့်မို့ တခြားနေရာသို့ သွားရှောင်ကြသည်။ စစ်ရှောင်လျှင် မိသားတစုလုံး တစုတစည်းတည်း စစ်ရှောင်ဖို့ မသင့်ပေ။ မတော်လို့ စစ်ခွေးကြောင်းနှင့် ပက်ပင်းမိလျှင် သို့မဟုတ် လေကြောင်းဖြင့် ဗုံးကြဲလိုက်လျှင် မိသားတစုလုံး အသက်ပျောက်နိုင်တတ်သည်။ သည့်ကြောင့် ကျွန်ုပ် မိသားစုနှင့် ခွဲရှောင်သည်။ ညီလေးကတော့ ဆယ့်တတန်းတက်နေသော ရွာသို့ ကျောင်းတက်ရင်း သွားရှောင်နေသည်။
ကျွန်ုပ် စစ်ရှောင်သည့် နေရာတွင် စတားလင့်အင်တာနက်လည်း ရသဖြင့် ကျွန်ုပ်သည် မြေပြင်သတင်းများကို သိရှိရန်အတွက် တရက်စာ နှစ်ထောင်ပေးပြီး လိုင်းတက်လိုက်သည်။ လိုင်းတက်တက်ချင်း စစ်ခွေးကြောင်းသည် ကျွန်ုပ်တို့ တည်းခိုရာရွာ၏ မြောက်ဘက်ရွာသို့ ရောက်နေပြီဆိုသော သတင်းကို တွေ့လိုက်ရသဖြင့် ကျွန်ုပ်သည် သက်ဆိုင်ရာလူကြီးများကို ပြောပြလိုက်သည်။ လူကြီးများကလည်း ဟုတ်လား သေချာလား ဟု ပြန်မေးပြီး ပိုပြီးတိကျသေချာစေရန်အတွက် တခြားသို့ သတင်းလှမ်းမေးကြသည်။ သေချာတယ် ဆိုကြသဖြင့် ယခုရွာလည်း တရွာလုံးစစ်ရှောင်ဖို့ ပြင်ဆင်နေကြပြီ။ တရွာလုံးရော စစ်ရှောင်များရော ထိတ်ထိတ်လန့်လန့်နှင့် အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ စစ်ရှောင်များအတွက် နေ့လယ်စာလည်း ချက်ပြုတ်ပြီးစီးသွားပြီ။ မသယ်နိုင် ထားခဲ့ရပြီ။ တရွာလုံး ပြေးကြပြီ။ သည်ရွာကို အားကိုးတကြီးနှင့် စစ်လာရှောင်ပါသည် သည်ရွာလည်း စစ်ပြေးရှောင်ရသည်နှင့် ကြုံလိုက်ရပြီ။
ကျွန်ုပ်လည်း အထုပ်အပိုးကို ဆိုင်ကယ်ပေါ်တင်ပြီး စစ်ခွေးကြောင်းနှင့် ဝေးရာသို့ နှင်တော့သည်။ ဘယ်ကို ဦးတည်ရမည်မသိ။ ခြေဦးတည့်ရာသို့သာ နှင်ရတော့သည်။ တရက်စာ နှစ်ထောင်ပေးလိုက်ရသော စတားလင့်အင်တာနက်ဖိုးကို နှမြောလှသော်လည်း သတင်းသိလိုက်ရတာ အမြတ်ဟု သဘောပိုက်လိုက်သည်။
သည်တခါတော့ ဘယ်စစ်ရှောင်မှ နေရာအတည်မကျ မတည်းခိုနိုင်ကြ။ လမ်းဘေးက မန်ကျည်းပင်အောက်မှာ အစုအစုနှင့် ပုံ့ပုံ့လေးထိုင်ရင်း သတင်းနားစွင့်ကြရသည်။ ကျွန်ုပ်တို့ တညအိပ် တည်းခဲ့သောရွာ၏ မြောက်ဘက်ရွာတွင် တိုက်ပွဲများ ဖြစ်ပွားသံ ဆူဆူညံညံ ကြားရသည်။ တိုက်ပွဲမှာ အလွန်ပြင်းထန်လှသည်။ တအုန်းအုန်း တဒိုင်းဒိုင်းနှင့်။ မီးခိုးလုံးကြီးများလည်း မြင်ရသည်။ ထိုရွာကို မီးရှို့လိုက်ပြီထင်သည်။ ထိုရွာသည် ယခင်က ပျူစောထီးတို့ အထိုင်ချရာ ရွာဖြစ်ပြီး မကျေနပ်စိတ်နှင့် ပြန်လည်လက်စားချေတာ သည်တခါနှင့်ဆို နှစ်ကြိမ်ရှိပြီဖြစ်သည်။
စစ်ရှောင်များသည် တိုက်ပွဲမှ အသံများကြားမှာပင် လမ်းဘေးမှာ နေ့လယ်စာကို ချက်ပြုတ်ကြသည်။ ကိုယ့်အိမ်က ယူလာခဲ့သော အိုးများဖြင့် မီးဖိုပြီး ချက်ပြုတ်ရသည်။ ဆိုင်ကယ်နှင့် စစ်ရှောင်သူများအဖို့တော့ ထမင်းအိုးများ သယ်မလာနိုင်ခဲ့သဖြင့် မုန့်ဝယ်စားကြရသည်။ ကျွန်ုပ်ကတော့ ထိုနေရာမှာ အိမ်ကလှည်းနှင့်တွေ့သဖြင့် မိသားစုလက်ဆုံ စားရသည်။
တိုက်ပွဲသံသည် နေ့လယ် တနာရီခန့်တွင် တိတ်ဆိတ်သွားသည်။ စစ်ခွေးများ အထိနာပြီး နဂိုနေရာသို့ နောက်ပြန်ဆုတ်သွားသည်တဲ့။ ကျွန်ုပ်တို့စစ်ရှောင်များလည်း အရင်က တည်းခဲ့သည့်ရွာသို့ ပြန်သွားကြရသည်။ ကိုယ့်ရွာသို့တော့ မပြန်နိုင်သေးပါ။ စစ်ခွေးကြောင်း ပြန်ဆုတ်သွားသည့်နေရာက စစ်အထိုင်ချစက်ရုံဖြစ်သည်။ ထိုစက်ရုံသည် ကျွန်ုပ်တို့ရွာနှင့် နီးသည်။ စစ်ခွေးအင်အား အလုံးလိုက်အရင်းလိုက်သည် ထိုစက်ရုံတွင် ရှိနေတိုင်း ကျွန်ုပ်တို့တရွာလုံး စစ်ရှောင်နေကြရပါသည်။
ညရောက်တော့ နေ့လယ်က ဖြစ်ခဲ့သော တိုက်ပွဲ အခြေအနေများကို သိခဲ့ရသည်။ စစ်ခွေးကြောင်းက အိမ်နှစ်လုံးကို မီးရှို့ခဲ့ပြီး ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားခဲ့သည်တဲ့။ ထိုပြည်သူနှစ်ဦးသည်ကား ကျွန်ုပ်တို့ စစ်မရှောင်ခင် တခြားရွာများစွာထံ ဖြတ်လာစဥ်က ပက်ပင်းတိုးမိသော ပြည်သူများဖြစ်သည်။ မြေပဲဖော်နေကြသော ပြည်သူများ တဲ့။ တောတိုက်ထဲမှာ နေကြသည်တဲ့။ တောတိုက်ထဲနေသည်မို့ မြေပြင်သတင်းများနှင့် ပြတ်တောက်ပြီး စစ်ခွေးကြောင်း လာနေသည်ကို မသိရဘဲ အဖမ်းခံလိုက်ရခြင်းတဲ့။ ထိုတောတိုက်ကလူများအား ယူနီဖောင်းဝတ်နှင့် ပီဒီအက်ဖ်တယောက်က တာဝန်သိစွာ သွားရောက်ခေါ်ယူရင်း စစ်ခွေးကြောင်းနှင့် ပက်ပင်းမိပြီး နေရာမှာတင် အသတ်ခံရလိုက်ရသည်။ စစ်ခွေးများက ပြည်သူနှစ်ဦးကိုတော့ ဓားစာခံအဖြစ် ခေါ်သွားပြီး နေ့ခင်းက တိုက်ပွဲတွင်မှ ရက်ရက်စက်စက် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ အမျိုးသားကိုတော့ နောက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကို သေနတ်နှင့် ပစ်သတ်ခြင်းဖြစ်သည်။ အမျိုးသမီးကိုတော့ ကိုယ်အနှံ့ ဓားနှင့် လှီးဖြတ်ပြီး ရက်ရက်စက်စက် သတ်သွားခြင်းဖြစ်သည်။
ည ဆယ်နာရီခန့်ရောက်တော့လည်း သတင်းကြားရပြန်သည်။ စစ်ခွေးကြောင်းက ပြန်ထွက်လာပြီဟု ဆိုပြန်သည်။ သည်တခါတော့ တခြားနေရာသို့ ထွက်သည်ဟု ဆိုသဖြင့် သည်ရွာသို့ မလာနိုင်လောက်ဘူးဆိုပြီး စိတ်အေးလက်အေး အိပ်စက်နေကြသည်။ ကျွန်ုပ်ကတော့ စတားလင့်အင်တာနက်မပိတ်သေးသဖြင့် မအိပ်သေးဘဲ သတင်းဖတ်ရင်း ဖုန်းပွတ်နေခဲ့သည်။ ထိုစဥ်မှာပဲ ဝုန်း ဝုန်း ဆိုပြီး ပါရာမော်တာနှင့် လက်နက်ကြီးထုသံ နှစ်ချက်ကို ကြားလိုက်ရသည်။ ကျွန်ုပ်သည် လန့်ဖျတ်ပြီး အိပ်ရာတန်းလျားအောက်သို့ ဝင်ပုန်းရသည်။ ဗုံးကျသံသည် ကျွန်ုပ်တို့ ရွာဘက်သို့ ကျသည်ဟု ခန့်မှန်းရသည်။
တကယ် ခန့်မှန်းသည့်အတိုင်း နာရီဝက်ခန့်အကြာတွင် မက်ဆင်ဂျာကနေ ရွာကပီဒီအက်ဖ် ကောင်လေးတယောက်က သတင်းလာပေးသည်။ စာသင်ကျောင်းအနောက်ဘက်က ခင်ဗျားတို့ယာထဲ ကျတာတဲ့။ ဗုံးနှစ်လုံး စလုံးဖြစ်သည်။ တရွာလုံး စစ်ရှောင်နေကြသော်လည်း ပီဒီအက်ဖ်လေးများကတော့ ရွာကို အစောင့်အဖြစ် နေရစ်ကြသည်။ ဗုံးသည် စာသင်ကျောင်းကို ပစ်ချဟန်တူပါသည်။ ထိုယာထဲတွင် ပဲစင်းငုံနှင့် ပဲလွန်းဖြူကို ကျွန်ုပ်ကိုယ်တိုင် သီးညှပ်စိုက်ထားသည်။ စစ်ရှောင်မည့်နေ့က အမေသည် စစ်ရှောင်စဥ် ချက်ပြုတ်ရန်အတွက်ဆိုပြီး ပဲသီးစိုများနှင့် ချဥ်ပေါင်သီးများကို ခူးသွားခဲ့သေးသည်။ ယာတဝက်လောက် ပဲစင်းငုံများ ပျက်စီးသွားသည်။ မြက်ပင်လေးများပါမကျန်အောင် ယာပြင်သည် ဖြူပြာခါသွားသည်။ ထိုဗုံးသည် ကျွန်ုပ်တို့ အိမ်ခေါင်မိုးထိ စင်ပြီး သွပ်ကို ဖောက်ဝင်သွားသည်။ လက်နက်ကျည်စအား စစ်ရှောင်အပြန်၌ တွေ့ရသည်။ ထိုအဖြစ်ကစပြီး ကျွန်ုပ်သည် အိမ်အပေါ်ထပ်သို့ မအိပ်ရဲတော့ပေ။
မနက်ကျတော့ သတင်းဆိုးများကို ကြားရပြန်သည်။ ညက စစ်ခွေးကြောင်း ထွက်လာသော သတင်းသည် သတင်းမှားတဲ့။ ကျွန်ုပ်လည်း အတွေးတော့ဝင်မိသည်။ နေ့လယ်ကပဲ တိုက်ပွဲ ပြင်းထန်ထားသည်ပဲ။ ချက်ချင်းပြီး စစ်ကြောင်းပြန်ထိုးတာ ဟုတ်နိုင်ပါ့မလား ဆိုပြီး။
ထိုသတင်းမှားကြောင့် ဖြစ်ရသော ဆိုးကျိုးများကတော့ ရင်နင့်ဖွယ် ကောင်းပါသည်။ ကျွန်ုပ်တို့ရွာသားတဦးသည် စစ်ကြောင်းထွက်သည်ဟု ကြားသိရသော ဘက်သို့ စစ်ရှောင်သွားနေသည်။ သူသည် ရွာတွင် ထွန်စက်မောင်းသည်။ ရွာတွင် သူ့ထွန်စက်ကလေး တစ်ီးသာ ရှိသည်။ နွားမရှိသော တောင်သူများသည် သူ့ထွန်စက်ဖြင့် ယာထွန်ပြီး မြေပဲလည်း ဖော်ကြသည်။ တရွာလုံးနီးပါးက သူ့ထွန်စက်ကို ငှားကြသောကြောင့် သူ့မှာ ငွေရွှင်နေခဲ့သည်။ အခုတော့ ထိုငွေအားလုံး ပြောင်သွားခဲ့ရပြီ။
အကြောင်းကား သူသည် သူ့ထွန်စက်ကလေးဖြင့် အသက်မွေးရသောကြောင့် ထွန်စက်ကလေးကို မြတ်မြတ်နိုးနိုးနှင့် စစ်ရှောင်ရာဆီ မောင်းသွားသည်။ ကျွန်ုပ်တောင် စာအုပ်ချုပ်စက်ကလေးကို နွားလှည်းပေါ် တင်ခဲ့လိုက်သေးသည်။ ညကြီးသန်းခေါင် စစ်ခွေးကြောင်း ထွက်လာပြီဟု ကြားကြားချင်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး သူ့ထွန်စက်နှင့်ပဲ သူ့ခြေထောက်ကို နင်းမိခဲ့ပါသည်။ ထိုအဖြစ်ကြောင့် ညကြီးမင်းကြီး မန္တလေးဆေးရုံသို့ ပြေးရသည်။ ဘယ်လောက်တောင် ဒုက္ခများလိုက်မလဲ တွေးသာကြည့်။ အဒေါ်ကြီးတယောက်ဆိုရင်လည်း ညကြီးမင်းကြီး ပြေးရင်းလွှားရင်း ကြောက်တာရော လန့်တာရောကြောင့် ခြေချော်လဲပြီး ဒဏ်ရာရသတဲ့။ အဲ့သည်နားမှာ ရှိသည့် ကျေးရွာတိုင်း ပွက်လောရိုက်ကုန်ကြသတဲ့။ ညကြီးမင်းကြီး စစ်ပြေးရှောင်ကြရတော့ ဒုက္ခက နည်းမည်မဟုတ်ပေ။ ကျွန်ုပ် ထည့်သွင်း ရေးသားဖို့ လိုက်မမီနိုင်သော အဖြစ်အပျက်များစွာလည်း ရှိသေးသည်။ ရေးမကုန်သောကြောင့်ပင်။
လိုင်းပေါ်မှာ ပြည်ပရောက်တွေက ကျွန်ုပ်၏ မက်ဆေ့ဂျာထံ စစ်ကြောင်းသတင်းတွေ တသောသော လာမေးကြသလို သူတို့ရဲ့ မိသားစုဝင်တွေ ဘေးကင်းရဲ့လား ဘာညာနှင့် သတင်းတွေ မေးလို့ မပြီးတော့။ တနယ်တည်းက သူငယ်ချင်းတွေကလည်း ငါတို့ရွာဘက် လှည့်လာပြီဆို ဟုတ်လား၊ ငါတို့တရွာလုံးတော့ ဗြောင်းဆန်နေတာပဲ တဲ့။ တချို့ကျတော့ ပို့စ်တင်ထားကြသည်။ ခွေးပုကြောင့် လူတွေအကုန် ဒုက္ခရောက်ကုန်ပြီတဲ့။ မှန်ပါသည်။ ယခုခွေးစစ်ကြောင်းကြောင့် ရသော ဒုက္ခသည် အလျင်က စစ်ခွေးကြောင်းထက် ဒုက္ခပိုများပါသည်။ ကျွန်ုပ်တို့ တနယ်လုံးတင်မဟုတ်။ ကျွန်ုပ်တို့နယ်နှင့် ထိစပ်နေသော နယ်ရောအပါအဝင်ဖြစ်သည်။ ကျွန်ုပ်တို့ရွာ၏ အနောက်ဘက် နှစ်ရွာကျော်တွင် ကျွန်ုပ်တို့နယ် ဆုံး၏။ စစ်ခွေးကြောင်းကလည်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့နယ်ရော အနောက်ဘက်နယ်ရော ဖြစ်သည်။ ထိုခွေးစစ်ကြောင်းနှစ်ဖွဲ့သည် နှစ်နယ်လုံးကို ကွေ့ပတ်ပြီး ပေါင်းဆုံကြသည်။
နှစ်နယ်လုံးကို ကွေ့ပတ်သည်ဆိုတော့ စစ်ကြောင်းထိုးရက်က ကြာရှည်ပါသည်။ နှစ်နယ်လုံးမှ ရွာများသည် စစ်မရှောင်ရသည့်ရက် မရှိပေ။ နှစ်နယ်လုံးသည် မြေပြင်စစ်ကြောင်းရန်တင်မက ဝေဟင်ပါရာမော်တာရန်လည်း ကြောက်ရသည်။ ပါရာမော်တာသည် နေ့ရောညရော မြေပြင်စစ်ကြောင်း ကူညီသည့်သဘောနှင့် ပစ်ချနေသည်။ တနေ့လျှင် အကြိမ်နှစ်ဆယ်ခန့် ပျံဝဲနေသည်။ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ပါရာမော်တာတစင်းအား ပီဒီအက်ဖ်များက ပွိုင့်ဖိုက်လက်နက်နှင့် ပစ်ချနိုင်ခဲ့သည်။ သည့်ကြောင့် ပြည်သူများ၏ ဝမ်းသာသံမှာ ပြည့်လျှံနေသည်။ ဖေ့ဘုတ်တခွင်တွင်လည်း ပျံ့နှံ့ကာ အပျော်တွေ ကူးစက်ကုန်ကြသည်။ စိတ်မကောင်းစရာကား ယာဥ်အား သိမ်းဆည်းရရှိခဲ့သော်လည်း ယာဥ်မောင်းကိုတော့ ရှာမတွေ့ခဲ့ပေ။
အထက်ပါ အမျိုးမျိုးသော အကြောင်းများကြောင့် ဖေ့ဘုတ်တခွင်မှ သတင်းခေါင်းကြီးတွင် ကျွန်ုပ်တို့နယ်နှင့် ကျွန််ုပ်တို့နယ်နှင့်ထိစပ်နေသောနယ်မှ သတင်းများအကြောင်း ပြည့်လျှံနေခဲ့သည်။ သတင်းများသည် တလနီးပါး ခေါင်းကြီးသတင်းများတွင် နေရာယူခဲ့သည်။ ပါရာမော်တာအား ပစ်ချနိုင်ခဲ့ပြီးနောက်ပိုင်း ကျွန်ုပ်တို့နယ်ဘက်တွင် သည်စာမူ ရေးပြီးချိန်အထိ ပါရာမော်တာသံ တိတ်ဆိတ်သွားခဲ့သည်။ သို့တိုင် စစ်ခွေးကြောင်းသည် ပခုက္ကူသို့ ပြန်မရောက်သေးပေ။ တချို့ရွာများလည်း စစ်ရှောင်နေရဆဲ ဖြစ်သည်။
အညာမှာ ထိုသို့ ဖြစ်ပျက်နေပါသည်။
(2.12.2025)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
