– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
‘ဖြန့်ကျက်ထားတဲ့စစ်ပွဲများ’
သြဂုတ် ၁၀ ရက်ကစပြီး အေအေဟာ ရခိုင်တောင်ဘက်စွန်းက ဂွကို စတိုက်ခဲ့တဲ့အတွက် ရခိုင်မှာ စစ်မက်ကင်းစင်တဲ့မြို့ ကုန်ဆုံးသွားခဲ့ပြီဖြစ်တယ်။ လက်ရှိ ဂွနဲ့ သံတွဲရဲ့ အလယ်တည့်တည့်လောက်လို့ ပြောနိုင်တဲ့ ကျိန္တလီမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ မြောက်ဘက်စွန်းမှာတော့ ဒီရက်ပိုင်းထဲ ထိုးစစ်အရှိန် မြှင့်တင်ခံရတဲ့အတွက် စကစရဲ့ နခခ (၅) ဟာ မောင်းတော နောက်ဆုံးနေ့တွေကို ရင်ဆိုင်နေရပြီး ဒီလထဲမှာ မောင်းတောကျခဲ့ရင် မြောက်ပိုင်းမှာ စစ်တွေမြို့တော်တခုတည်းသာ အထီးတည်း ကျန်ရစ်ခဲ့မှာဖြစ်တယ်။
ရခိုင်နဲ့ပုံစံတူ စစ်ဆင်ရေးဆင်နွှဲလာတဲ့ မြန်မာစစ်တိုင်းကတော့ မန္တလေးဖြစ်တယ်။ မြောက်ပိုင်း မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျဥ်းနဲ့ တကောင်းမှာ တိုက်ပွဲတွေနဲ့ အောင်ပွဲတွေကို ဇူလိုင်လဝက်လောက်ကနေ ဒီလထဲထိ တောက်လျှောက်ကြားခဲ့ရပြီး တောင်ပိုင်းမှာ NUG PDF တွေရဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကို နွားထိုးကြီးမြို့မှာ သြဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့တယ်။ နွားထိုးကြီးကို ဘယ်ဘက်ကမှ အလုံးစုံ ထိန်းချုပ်မထားနိုင်သေးဘူး။ မန်းတောင်စစ်မျက်နှာဟာ မြင်းခြံ၊ တောင်သာနဲ့ မလှိုင်ဘက်ကို ကူးစက်လာပေမယ့် နွားထိုးကြီးလို မြို့ပေါ်တိုက်ပွဲတွေထိ ရောက်မလာသေးတာ တွေ့ရတယ်။ မန်းတောင်ဘက်ခြမ်း စစ်ဆင်ရေးဟာ ဘယ်သူမှ မျှော်လင့်မထားဘဲ ပေါ်ထွက်လာခဲ့ပြီး ဆက်အရှိန်ရနေဆဲဖြစ်တယ်။
တော်လှန်ရေးအစောပိုင်း ရက်တွေထဲကစ တာထွက်စောခဲ့တဲ့ ပျောက်ကြားစစ်ချန်ပီယံ စစ်ကိုင်းတိုင်းဟာ နာမည်ကျော် ဒီပဲရင်းအောင်ပွဲနဲ့ လူထုကို ဒီလထဲမှာ ပြန်လည် လှုပ်နိုးလာခဲ့တယ်။ ဒီပဲရင်းကို ရွှေဘို၊ ဒီပဲရင်း၊ ဘုတလင်နဲ့ 96 Solider စတဲ့ တော်လှန်ရေးအင်အားစုတွေ စုစည်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။ စစ်ကိုင်းတောင်ပိုင်းမှာ ပထမဆုံး သိမ်းနိုင်ခဲ့တဲ့မြို့လို့လည်း တိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောကြားတယ်။ ဒီပဲရင်းတိုက်ပွဲဟာ သြဂုတ် ၁၅ ရက်က စတိုက်၊ ၁၈ ရက်မှာ မြို့သိမ်းနိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် ၁၉ ရက်နေ့မှာ ပြန်ဆုတ်ခွာခဲ့တာ တွေ့ရတယ်။
မြောက်ပိုင်းရေဘေးကနေ လွန်မြောက်လာပုံရတဲ့ ငြိမ်သက်နေတဲ့ ကချင်စစ်မျက်နှာဟာ မိုးမောက်အခြေစိုက် စကစရဲ့စခန်းကို သိမ်းအပြီး ပြန်လည်လူးလွန့်လာတယ်။ ဖားကန့်ဘက်မှာလည်း စစ်သတင်းတွေ ကြားလာရတာမို့ ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်ကို ပိတ်ဆို့ရုံ ပိတ်ဆို့ထားပြီး မြစ်ကြီးနားအနောက်ဘက် မိုးကောင်း မိုးညှင်းတကြောက စကစ စခန်းတွေဘက် အလှည့်ကျလာမလား စဥ်းစားဖွယ်ရာရှိတယ်။
‘ရှုံးတဲ့မြင်းကိုလောင်းနေတဲ့ တရုတ်ပေါ်လစီအဝန်းတွေ’
တိုက်ပွဲသတင်းတွေကြားထဲ ဒီတပတ်လုံး နိုင်ငံရေးသတင်းသုံးသပ်သူတွေ စိတ်ဝင်တစားပြောကြတဲ့ သတင်းကတော့ ဝမ်ယီ့သတင်းပါပဲ။ သြဂုတ် ၁၄ ရက်နေ့ နေပြည်တော်၊ ၁၅ ရက်နေ့ ချင်းမိုင်နဲ့ ၂၀ ရက်နေ့ ဘေဂျင်းဆွေးနွေးပွဲတွေကနေ တရုတ်ပြောချင်တဲ့ သဘောတရားကို အဝန်းအဝိုင်း ၃ ခု ခွဲမြင်ကြည့်လို့ရတယ်။
ပထမအဝန်းက မြန်မာ့နိုင်ငံရေးနဲ့စစ်ဟာ ပြည်တွင်းရေးဖြစ်တယ် ဆိုတာပဲ။ မြန်မာ့ပြည်တွင်းရေးကို သူတို့ဖာသာ ဖြေရှင်းပါစေ၊ ဒါပေမယ့် မြန်မာလူထုကိုမျက်နှာမူတဲ့ အကျိုးစီးပွားအရကြည့်ပြီး တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် အကူအညီပေးဖို့လိုတယ်။ ဒီလိုအကူအညီ ပေးတဲ့အခါမှာ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးနဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့ သက်ရောက်မှုဟာ နိုင်ငံပြင်ပကို ပြန့်ထွက်လာတဲ့အခါ အဓိကခံရတဲ့နိုင်ငံတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်။ ဒါကို သူက ဒုတိယအဝန်းလို့ သတ်မှတ်တဲ့သဘောဖြစ်တယ်။
ဒီ ဒုတိယအဝန်း သတ်မှတ်ချက်ကြောင့် လန်ချန်း-မဲခေါင် (မြစ်ထိပ်ကတရုတ်နဲ့ မြစ်အောက်ငါးနိုင်ငံ) အစည်းအဝေးကနေ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကိုဖယ်ပြီး မြန်မာ၊ လာအို၊ ထိုင်းတို့နဲ့ ချင်းမိုင်မှာ သီးခြား တွေ့ဆုံဆွေးနွေးတယ်။ အဲဒီ ဒုတိယစည်းဝိုင်း (အိမ်နီးချင်းတွေ) ထဲကနေ အိန္ဒိယလိုနိုင်ငံကို ဖယ်ထားလိုတဲ့အခါ တတိယအဝန်းအဖြစ် အာဆီယံကို ထည့်သွင်းလာတာဖြစ်တယ်။
ဒါပေမယ့် အာဆီယံမူငါးချက်ဟာ ဒိတ်အောက်သွားပြီဆိုတာ သူသိတယ်။ ဒါကြောင့် အာဆီယံမူတွေနဲ့ မြန်မာရှေ့လုပ်ငန်းစဥ်ငါးရပ် အသစ်တွေထဲက ဘုံတူညီတဲ့ဟာတွေကို ရွေးလုပ်ရမယ်ဆိုတာ ပြောလာတယ်။ စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရှေ့လုပ်ငန်းစဥ် ငါးရပ်ဆိုတာ ချမှတ်တယ်။ ဝမ်ယီပြောတဲ့ လုပ်ငန်းစဥ်ငါးရပ် အသစ်ဆိုတာက ၂၀၂၄ ဇန်နဝါရီလကုန်လောက်မှာ (၁၀၂၇ ပထမလှိုင်းအပြီး အပစ်ရပ်ထားချိန်မှာ) ပြန်ပြင်ထားတဲ့ဟာကို ဆိုလိုပုံရတယ်။ ဒီမှာ အာဆီယံ 5PC နဲ့ ဘုံတူနေတဲ့အချက်ဆိုတာက တိုက်ခိုက်နေတာတွေရပ်ဖို့နဲ့ စကစကလုပ်မယ့် ရွေးကောက်ပွဲကို ကူညီဖို့လို့ ဆိုလိုတာဖြစ်တယ်။
ဘေဂျင်းမှာ ယူအင်ရဲ့ မြန်မာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့နဲ့ တွေ့တော့လည်း ဒါကိုထပ်ပြောတယ်။ မြန်မာ့အရေးမှာ နောက်ဆုံးအဝန်းလို့ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံတကာ (ယူအင်လို နိုင်ငံတကာ အဖွဲ့အစည်းအပါအဝင် အမေရိကန်၊ ဥရောပ၊ အာရှ စတဲ့ ကျန်တဲ့နိုင်ငံအားလုံးကိုဆိုလို) ကို အာဆီယံ တတိယအဝန်းနဲ့ကာတယ်။ အာဆီယံကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဆိုတဲ့ ဒုတိယအဝန်းနဲ့ ပြန်ထိန်းထားပြီး ပထမအဝန်းလို့ နာမည်တပ်ထားတဲ့ မြန်မာပြည်တွင်းရေးကို သူလိုသလို ထိန်းကျောင်းသွားနိုင်ရေးဖြစ်တယ်။
‘မပြည့်စုံသေးတဲ့ နိုင်ငံရေး’
တရုတ်ဟာ NUG ကို တရားဝင် ထိတွေ့ဆက်ဆံဖို့ မရှိဘူး။ အနည်းဆုံး NUG နဲ့ မဟာမိတ်တွေဟာ ကျောက်ဖြူကနေ မကွေးနဲ့ မန်းကိုဖြတ်ပြီး ရှမ်းမြောက်အတိုင်း ကူမင်းကိုသွားတဲ့ ပိုက်လိုင်းကော်ရစ်ဒေါကို မန္တလေးကနေ ထိန်းမထားနိုင်မချင်း တရုတ်က စစ်တပ်ကို (မကြိုက်လည်း) ဘဲ ထောက်ခံနေမှာဖြစ်တယ်။ ဒါဟာ နယ်နိမိတ်ဘက်က ချဥ်းကပ်တာဖြစ်ပြီး ပါဝါပိုင်းကကြည့်ရင် အီးအေအိုတွေ၊ လိုကယ် တော်လှန်ရေးအင်အားစုတွေနဲ့ NUG ကိုပေါင်းစည်းပြီး ရှေ့ဆက်သွားနိုင်တဲ့ နိုင်ငံရေးပါဝါ (တော်လှန်ရေး ဘက်တော်သားတွေထဲ ဖြစ်ပေါ်နေတဲ့ ပါဝါလေဟာနယ်) ကို ပြန်လည် စုစည်း အားဖြည့်နိုင်မယ့် အင်အားဟာ ဒေါ်အောင်ဆန်းစုကြည်မှာပဲ ရှိမယ်လို့ ယုံကြည်ထားတဲ့အတွက်ဖြစ်တယ်။
လက်ရှိ စကစနဲ့ NUG ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အရင်လူဟောင်းတွေနဲ့လဲပြီး ပြန်စုစည်းလိုတဲ့ပုံစံဟာ တရုတ်မျှော်လင့်ထားတဲ့ ပုံစံဖြစ်တယ်။ တနည်းပြောရရင် တရုတ်ဟာ တော်လှန်ရေး မအောင်မြင်မချင်း ဖြစ်မလာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းကို တော်လှန်ရေးကို အသာအုပ်မိုးပြီး ပုံသွင်းဖို့ ကြိုးစားနေတဲ့ ပေါ်လစီအမှားအောက်မှာ ယောက်ယက်ခတ်နေတာဖြစ်တယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ မဟာဗျူဟာထိုးစစ် စတင်ပါပြီလို့ဆိုတယ်။ တော်လှန်ရေးရဲ့ နောက်ဆုံးလှိုင်းကို ပံ့ပိုးမယ့် ပီပြင်တဲ့ နိုင်ငံရေးဟာ ဘယ်လိုပုံစံနဲ့ ထွက်ပေါ်လာမလဲ။
Be the first to comment