2
M.Y.P
‘စနစ်’
The Matrix တို့ Truman Show တို့ ကြည့်ပြီး ဘဝတွေရဲ့နောက်ကွယ်က စနစ်ကို စတွေးတတ်တဲ့ အရွယ်ရောက်တော့ ကျောင်းသားဘဝတလျှောက် နဝတဝါဒဖြန့်သမျှ ပြိုင်ပွဲတွေ အကုန်ဝင်ပြိုင်ပြီးနေပြီ။ ဖူကူအိုကာ ကလေးသူငယ်တွေ့ဆုံပွဲက ပြန်လာတော့ မြန်မာ့အသံက စကားဝိုင်း လုပ်ပေးတယ်။ ဆရာမကြီးတယောက်နဲ့ စီစဉ်သူတယောက်က ကျနော်တို့ကို ညွှန်ကြားတယ်။ ရှေ့နှစ်က ကလေးတွေဆို ဂျပန်ရောက်ချိန်မှာ မြန်မာပြည်ကို လွမ်းတဲ့အကြောင်း ပြောရင်း မျက်ရည်လေးတောင် ကျပြသတဲ့။ ဒီနှစ်ရော သားတို့သမီးတို့ထဲက ဘယ်သူလုပ်ပြနိုင်မလဲတဲ့။
ကျနော်တို့ အဖွဲ့ကတော့ တယောက်မှ မျက်ရည် မကျပြခဲ့ပါဘူး။ ဒါပေမယ့် ကျနော် နယ်ပြန်ရောက်လို့ ကျောင်းက ကျင်းပပေးတဲ့ အတွေ့အကြုံရှင်းလင်းပွဲမှာတော့ စင်ပေါ်ကနေ ပြောခဲ့တယ်။ သား ဂျပန်မှာ ဘယ်လောက်ပျော်ပျော် ဘိတ်ကမ်းနားလမ်းငါးစိမ်းတန်းက ငါးစိမ်းနံ့လေးကို လွမ်းမိပါတယ်လို့။ ဒေသမဂ္ဂဇင်းက အင်တာလာဗျူးတော့လည်း လာဗျူးတဲ့ဘဲကြီးက သူ့ဟာသူ ထည့်ရေးသွားတာ။ သား ဂျပန်ပြည်ကို သဘောကျမိပေမယ့် မြန်မာပြည်က ဘုရားကျောင်းကန်တွေကိုပဲ ပိုတန်ဖိုးထားမိပါတယ်တဲ့။ ခုနေ ပြန်ဖတ်တော့ ငါအူတက်ပဲ ဆိုတာမျိုး။ ဒီမှာ ငတ်နေရတာလေးကိုက အရသာရှိတာဆိုတဲ့ မိုးဟိန်း တော်ကီနဲ့ သိပ်မကွာဘူးပဲ။
တကယ်တော့ ကျနော် ၅ တန်းအရွယ်မှာ ဂျပန်ကို ခဏလေးရောက်တာ နတ်ပြည်ရောက်သလို ဖြစ်နေတာလေ။ မြန်မာပြည်က တခုခုကို လွမ်းသလိုလို ရှိတာဆိုလို့ မြိတ်ကတ်ကြေးကိုက်ပဲ ရှိမယ်။ ဂျပန်က ပြန်လာတော့လည်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတဲ့၊ ဇာတိသွေးဇာတိမာန် တက်ကြွရေးတဲ့၊ ကျောင်းသားဘဝတလျှောက်လုံး ခေတ်ကြီးက ကျနော်တို့ ပါးစပ်ဖျားမှာ သီးနေအောင် အလွတ်ကျက်ခိုင်းခဲ့တာ။ ကိုယ့်ကိုအသုံးချနေတဲ့ စနစ်ကြီးကို မမြင်နိုင်လေတော့ ပန်းချီဆု ယူလိုက် စာစီစာကုံးဆုယူလိုက်နဲ့ ကျပန်းစကားပြော တက်ပြိုင်လိုက်နဲ့ ball မ ကျောင်းသားလေး ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပေါ့။
စံပြကျောင်းသားတဲ့၊ နိုင်ငံ့ဂုဏ်ဆောင်တဲ့၊ ကျောင်းဂုဏ်ဆောင်တဲ့၊ စာရိတ္တမောင်တဲ့၊ လူကောင်းလူမွန် လူရည်ချွန်တဲ့။ ဆရာဆရာမတွေက ကျောင်းသားတွေကို ဒီစကားလုံးတွေ ငုံခိုင်းထားပြီး ကျောင်းသားတွေရဲ့ ဦးနှောက်ကို စုပ်ယူနေတဲ့ နိုင်ငံတော်ရဲ့စနစ်ကြီးထဲမှာ သူတို့က ပုဝါလေးတွေ တလှုပ်လှုပ်နဲ့ ဝင် ကပြနေကြတာလေ။
အနှစ်သုံးဆယ်နီးပါး ကြာပြီးခဲ့ချိန်မှာတော့ ဘုရင်၊ ဘုန်းကြီး၊ ဓနရှင် ဆိုတဲ့ တြိဂံပုံ အုပ်ချုပ်ချယ်လှယ်မှု စနစ်က ဒီမြေပေါ်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ။ အစွယ်တွေ ဂျိုတွေ ထွက်လာနေသူတွေက အရာအာလုံးဟာ ပုံမှန်ပါပဲလို့ ကြေငြာလိုက်တိုင်း မူးယစ်ဆေးလို အယူဝါဒတွေရဲ့ ကျေးကျွန်ဖြစ်နေတဲ့ လူထုကြီးက ငြိမ်ကျသွားတာပါပဲ။ ငါတို့လည်း ငတုံးပဲ။ ဘာသိမ်းမှာလဲ ရော့ အမှိုက်သိမ်း ဆိုတဲ့ ပရိုဖိုင်တွေ ချိန်းလို့။ ငါတို့ စိတ်ကြိုက်ရွေးထားတဲ့ အလံလေး ကိုင်ပြီး အော်ဟစ်ပြေးလွှား အပျော်လွန်ခဲ့တဲ့ နှစ်တွေကိုယ်တိုင်က ဖက်ဆစ်တွေရဲ့ ကစားပွဲထဲက တစ်ခုမှန်း မသိခဲ့။
၂၀၂၁ ဖေဖေါ်ဝါရီ၊ ငါတို့ အကြမ်းမဖက်ဘူး။ ၂၀၂၁ မတ်လ ငါတို့ လက်နက်ကိုင်မှ ရမယ်။ ၂၀၂၄ -၂၅။ ငါ့လူတွေ အိမ်ဝယ်ဖို့ အလှူခံပုံးထဲက နှိုက်ကုန်ပြီ။ ငါ့ကောင်တွေ ကားဂိတ်မှာ ကြမ်းကုန်ပြီ၊ ငါ့ကောင်တွေ အချင်းချင်းတွေ ချကုန်ပြီ။ သမိုင်းတခုရဲ့ နောက်ဆုံးစာမေးပွဲကြီးကို ဖြေဆိုနေရတဲ့ တော်လှန်ရေးကြီးမှာ ညံ့ဖျင်းအားနည်းချက်ပေါင်းစုံ ထွက်ပေါ်လာတဲ့အခါ ၂၁ ဖေဖေါ်ဝါရီကတည်းက နှာစေးသလိုလို ခြံစည်းရိုးအလယ်မှာ ကားယားကားယား ဖြစ်နေသလိုလို သူတွေက ဟင်္သာကိုးသောင်းဇာတ်လမ်းအကြောင်း၊ ဒေါ်လာစားနိုင်ငံရေးသမားတွေအကြောင်း၊ မြေဇာပင်ပြည်သူတွေဘဝအကြောင်း၊ မြန်မာ့အလင်းနဲ့ ကြေးမုံထဲက အာဘော်တွေအတိုင်း တယောက်တပေါက် ထအော်ကြတယ်။ အော်ခွင့်ရှိပါတယ်။ တော်လှန်ရေးကြီးကို မင်း နည်းနည်းမှ စိတ်မဝင်စားခွင့်ရှိတယ်၊ ဒါပေမယ့် တော်လှန်ရေးကြီးကို မင်း စိတ်နဲ့တောင် မပြစ်မှားနဲ့။ ဘယ်ခေတ်မှာဖြစ်ဖြစ် ကိုယ့်ဘဝကိုယ် ရှေ့ဆက်ရမှာပဲ။
အလုပ်ကြိုးစားပါ၊ ခရီးသွားပါ၊ ဂျင်ဆော့ပါ၊ ယောဂကစားပါ၊ ရေမွှေးပုလင်းတွေလည်း စုချင်စုပါ၊ လက်သည်းအလှပြင်ဆိုင် သွားချင်သွားပါ၊ တိကုဆေးခန်းမှာ ကြောင်ရေချိုးပေးချင်ပေးပါ၊ အသစ်တည်သမျှ စေတီတိုင်းမှာ အလှူဒါန ပါဝင်ချင်ပါဝင်ပါ။ သင်္ကြန်ရောက်တိုင်းလည်း ကဲချင်ကဲပါ၊ ဒေးကလပ်မှာ ကေရှူပြီး သရီးစမ်းချင်စမ်းပါ။ ငလျင်ကြောပေါ် ခွရပ်ပြီး တစ်တော့ဆော့ချင် ဆော့ပါ။ အရှုံးမပေးနဲ့ ကြိုးစား(ဘာနားနား)။ သမိုင်းရဲ့စောက်ပူမပါဘဲ မင်းဘဝမင်း ရှင်သန်ခွင့်ရှိသလို သမိုင်းထဲက အဖြစ်တွေဟာလည်း မင်း စောက်ပူ မဟုတ်တော့ပါဘူး။
ကဗျာဆရာက luxury life ကို လူချမ်းသာတွေထက်တောင် ပိုခံစားတတ်သေးတယ်။ ဒါပေမယ့် ကဗျာဆရာက စနစ်ကို ဘယ်တော့မှ မမေ့လျော့ဘူး။ ဘဝဟာ Ready Player One ရုပ်ရှင်ထဲမှာ လိုလို Free Guy ဇာတ်ကားထဲမှာ လိုလို။ စူပါမားကက်ထဲမှာ ဈေးဝယ်တာကအစ၊ ဘုရားတည် ကျောင်းဆောက် လုပ်နေကြတာ အလယ်၊ ငြိမ်းချမ်းရေး ညစာစားပွဲများ တက်ရောက်ခြင်းအဆုံး စနစ်တခုခုအောက် ကျရောက်ပြီးသား ဆိုတာ မမေ့ကြဖို့။ ကလေးတယောက်က စူပါဟီးရိုးတယောက်ကို ရိုးရိုးသားသားကြိုက်တာတောင် အရင်းရှင်တွေရဲ့စီးပွားစနစ်ထဲ တနည်းနည်းနဲ့ ပါနေနိုင်သေးတာ မဟုတ်လား။ ရိုးသားခြင်းမှာလည်း ပြဿနာရှိတယ်လေ။
အိမ်ဘေးက သူဆင်းရဲ အဖွားလေးတယောက် သူ နေဖို့စားဖို့ ဆေးကုဖို့ လာကူထားတဲ့ ပိုက်ဆံအားလုံး ဘုန်းကြီးကျောင်းမှာ သွားလှူလိုက်တယ်။ ဘာသာရေးဟာ သွေးအအေးဆုံး influencer တွေပဲလေ။ ငါတို့လည်း ဘာထူးလဲ၊ ဝေဝေမြင့် အကြီးစားတွေ ကိုရေခဲချောင်း အကြီးစားတွေပဲလေ။ ကိုယ့်ဘဝကိုယ် ရိုးသားကြိုးစားရင်း အလိုတော်ရိတွေနဲ့ ပခုံးဖက်၊ ကင်ပေတိုင်တွေနဲ့ ညစာအတူစားနေပြီလား။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုသူတွေ အခုတော့ ဖက်ဆစ်တွေရဲ့ထရပ်ကားထဲ လေယာဉ်ဆီတိုင်ကီတွေ လိမ့်သွင်းနေတဲ့ ကုမ္ပဏီနဲ့ ဘိဇနက်ပါတနာ။ ဒို့ပြည်သူတွေ တဖြည်းဖြည်းညီလာတယ်။ ထိုင်းက ဖမ်းပြီး ပြန်ပို့လိုက်တဲ့ အရွယ်ရောက်သူတိုင်းကို ခြင်းကျားထမ်းခိုင်းဖို့ အရောက်ပို့ဆောင်ပေးတဲ့ လုပ်ငန်းအုပ်စုထဲက မန်ဘာများအဖြစ်။ မူမနေပါနဲ့ကွာ။ နာဇီကြီးက နှခေါင်းနား လက်ညိုးထောင်ပြပြီး မျက်စိမှိတ်ပြလိုက်တယ်။ တချို့တွေ အဲသလောက် လွယ်မှန်း သူတို့ အစကတည်းက တွက်ထားပြီးသား။
စနစ်တခုဟာ ကောင်းကောင်း အသက်ဝင်လို့ လှိုင်းပမာ လွမ်းမိုးပြီးသား ဖြစ်သွားရင် သူတောင်းစားကနေ နိုင်ငံကျော်ဓမ္မကထိက အထိ စနစ်ရဲ့သားကောင်ဘဝကို ရောက်တတ်ကြတာပဲ။ အမျိုးသားအားကစားပွဲတော်ဆိုလည်း တနိုင်ငံလုံးက ချန်ပီယံတွေ နွဲပျော်ကြမှာပဲ၊ အကယ်ဒမီထူးချွန်ဆုပေးပွဲဆိုလည်း ပေါ်လစီကားကြီးရိုက်ပြီး တက်ယူခဲ့ကြတာပဲ။ ညနေ ကျောင်းဆင်းခါနီးတိုင်း ကျောင်းသားလေးတွေ ဝါရန်တာမှာ ထွက်ရပ်ဆိုရတဲ့ အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် သီချင်းသံဟာ ဒီနှစ်ထဲမှာ ပိုလို့ အားမာန်ပါပါနဲ့ ညီညာလာတယ်။ စနစ်ရဲ့ အအောင်မြင်ဆုံးသော အခြေနေဆိုတာ စနစ်ကို ဆိုးတယ်လို့ ဘယ်သူမှ မထင်တော့တဲ့အပြင် စနစ်ကို ရှိလို့ ရှိမှန်းတောင် မသိအောင် စနစ်ဆိုးထဲ အသားကျသွားတဲ့ အခြေအနေပဲ။
ဗိုလ်ချုပ်ခင်ညွန့်က ကားပေါ်ကနေ ပြုံးပြသွားတော့ မိဘပြည်သူအားလုံး လိုက်ပြုံးရင်း ကျန်ခဲ့တဲ့ ခေတ်တခေတ် တကယ်ရှိခဲ့တယ်။ ။
2025
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
