စိန ပါဝါအခင်းအကျင်း

 ⁨”စိန ပါဝါအခင်းအကျင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

တရုတ်ဖိအားအောက် MNDAA ငြိမ်သွားပြီးတဲ့နောက်မှာ တရုတ်ရဲ့ (တနည်း စကစရဲ့ ) ပစ်မှတ်ဟာ TNLA ဆီကို သဘာဝကျစွာ ရောက်ရှိလာတာ တွေ့ရတယ်။ လားရှိုးကို တဖြည်းဖြည်းနဲ့ တည်ငြိမ်အောင် လုပ်သွားနိုင်ခဲ့ရင် ရှမ်းမြောက် (မန်း – လားရှိုး – မူဆယ်) လမ်းကြောင်းမှာ မန်း – လားရှိုးအပိုင်းအတွက် TNLA (နောင်ချို၊ ကျောက်မဲ၊ သီပေါ) နဲ့ လားရှိုး – မူဆယ်အတွက် MNDAA (သိန္နီလမ်းဆုံ) ဟာ ရှေ့မှာ အနု (ဆွေးနွေးပွဲတလှည့်)၊ အကြမ်း (စစ်ပွဲတလှည့်) ကြုံတွေ့လာရဖို့ ရှိနေတယ်။

ဒီအတွက် TNLA ရဲ့ တအာင်းကောင်စီနဲ့ တော်လှန်ရေးကြားက ဆက်စပ်မှု ခိုင်မာဖို့ ကြိုးစားလာတာဟာ မှန်ကန်တဲ့ ခြေလှမ်းတခုလို့ ဆိုရမှာဖြစ်တယ်။

‘လန်ဒန် ကုန်သွယ်ရေးဆွေးနွေးပွဲ’
တရုတ်ဟာ မေလ ဒုတိယပတ်က ဂျီနီဗာမှာ အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတခု လုပ်ခဲ့တယ်။ ဒီလ ဇွန် ၉ ရက်နေ့ကစပြီး လန်ဒန်မှာ ၂ ရက်ကြာဆွေးနွေးပွဲတခု ထပ်ဖြစ်တယ်။ မူဘောင်ပိုင်းမှာ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေကဆိုတယ်။ ထရမ့်ကိုယ်တိုင် သူ့ရဲ့ Truth ဆိုရှယ်မီဒီယာကနေ ဇွန် ၁၁ မှာ သတင်းထုတ်တယ်။ တရုတ်က ပိတ်ထားတဲ့ မြေရှားအရောင်းကို ပြန်ဖွင့်ပေးပြီး အမေရိကန်ဘက်က တရုတ်ကျောင်းသားတွေကို အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းပြန်တက်ခွင့်ပြုဖို့ဖြစ်တယ်။ အမေရိကန်က တရုတ်ကို ၅၅% (ဘယ်နိုင်ငံကိုမဆို ကောက်မယ့် ၁၀ + နောက်တိုး ၂၀ + အရင်ရှိခဲ့တဲ့ ၂၅) ကုန်သွယ်ခွန် ကောက်မှာဖြစ်ပြီး တရုတ်က အမေရိကန်ကို ၁၀% ပြန်ကောက်ဖို့ သဘောတူခဲ့ကြတယ်။ ၅၅ နဲ့ ၁၀ ဆိုတဲ့ ရာခိုင်နှုန်းတွေကိုကြည့်ရင် တရုတ်ဘက်က ကျပ်နေတဲ့ အနေအထားကို ခန့်မှန်းကြည့်နိုင်တယ်။ ဒီသဘောတူညီချက်ကို ပြီးခဲ့တဲ့အပတ် ဇွန် ၅ ရက်က တနာရီခွဲကြာအောင် ဖုန်းပြောခဲ့တဲ့ ထရမ့်နဲ့ ရှီ ၂ ယောက် လက်မှတ်ထိုးဖို့တော့ ကျန်ရှိနေသေးတယ်။

‘ကျူံနန်းဟိုင်က ပွဲ ၂ ပွဲ’
ရှီကျင်းပင်ဟာ ထရမ့်နဲ့ ဖုန်းမပြောခင်တရက် (ဇွန် ၄ ရက်) က ဥရောပရဲ့ နောက်ဆုံးအာဏာရှင်လို့ သတင်းသမားတွေ အရင်က ရည်ညွှန်းလေ့ရှိတဲ့ ဘီလာရုစ်သမ္မတ လူကာရှင်ကိုကို ဘေဂျင်းမှာရှိတဲ့ ဂျွန် (ကျူံ) နန်းဟိုင် (တရုတ်အစိုးရ ထိပ်တန်းရုံး အဆောက်အဦးတွေနဲ့ ထိပ်တန်းခေါင်းဆောင် နေအိမ်တွေရှိတဲ့ ဧကတသောင်းခွဲကျော်ကျယ်တဲ့) ဝင်းအတွင်းမှာရှိတဲ့ သူ့နေအိမ်က အစည်းဝေးခန်းမှာ လက်ခံတွေ့ဆုံခဲ့တယ်။ မီဒီယာတွေမှာ တရုတ်ခေါင်းဆောင် ၂ ပတ်ကြာ ပျောက်ကွယ်နေရာက ပထမဆုံးအကြိမ် ပြန်ထွက်‌ပေါ်လာတာလည်းဖြစ်တယ်။

ဇွန် ၆ ရက်နေ့မှာ ရှီကျင်းပင်ဟာ ပန်ချန်လားမားကို နေအိမ်အစည်းအဝေးခန်းမမှာပဲ လက်ခံ တွေ့ဆုံခဲ့ပြန်တယ်။ (မှတ်ချက်။ ပန်ချန်လားမားဆိုတာ ဒလိုင်းလားမားပြီးရင် တိဘက်ဗုဒ္ဓဘာသာမှာ ဒုတိယနေရာမှာရှိတဲ့ လူ ကြည်ညို အရိုအသေပြု ခံရသူဖြစ်တယ်။ ဒါပေမယ့် ပန်ချန်လားမား ဝင်စားသူဆိုပြီး ဒလိုင်းလားမားနဲ့ သူ့ ယုံကြည်ကိုးကွယ်သူ အများစု လက်ခံထားတဲ့ ကလေးငယ် ၅ နှစ်သား‌လေး (နဲ့ သူ့မိဘတွေ) ကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျန်ဇီမင်းလက်ထက်ကတည်းက တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ခုထိ သတင်းအစ ပြန်မရတော့။ လက်ရှိ ပန်ချန်လားမားဟာ တရုတ်အစိုးရ ရွေးချယ်ပေးထားသူဖြစ်တယ်။ တိဘက်မှာ လူကြိုက်မများ။ မေလတုန်းက နှစ် ၃၀ ပြည့်ဆိုပြီး ထိန်းသိမ်းခံထားရတဲ့ ပန်ချန်လားမား (ခု ၃၅ နှစ်ကျော်) ကို ပြန်ထုတ်ပေးဖို့တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်တယ်။ ဒါကြောင့် ရှီကျင်းပင်က လက်ရှိ တွေ့ဆုံပွဲကို လုပ်တယ်လို့ ယူဆရတယ်။ ဒါပေမယ့် ဆန္ဒပြပွဲနဲ့ တွေ့ဆုံပွဲကြားမှာ တလနီးပါး ခြားနေပြီး အဲဒီ ခြားနေတဲ့ရက်တွေမှာ ရှီကျင်းပင်ဟာ လူမြင်ကွင်းက ပျောက်နေခဲ့တာဖြစ်တယ်။)

‘တရုတ် ပါဝါကောက်ကြောင်း’
ပုံမှန်မှာ နိုင်ငံတော်အကြီးအကဲတွေကို ပြည်သူ့ခန်းမဆောင်လိုနေရာမှာ တခမ်းတနား တွေ့ဆုံလေ့ရှိတဲ့ ရှီကျင်းပင်အနေနဲ့ ခုလိုတွေ့ဆုံမှုတွေဟာ တရုတ် သတင်းသမားတွေနဲ့ တရုတ် နိုင်ငံရေးလေ့လာသူတွေကို စဥ်းစားစရာအချက်တွေ ဖြစ်စေတာ တွေ့ရတယ်။ တကယ်တော့ ရှီဟာ ၅ နှစ် ၂ ကြိမ် (၂၀၁၂ – ၂၀၂၂)  ပြီးရင် ခေါင်းဆောင်မှုကို နောက်တဦးကို လွှဲပေးရမယ်ဆိုတဲ့ တိန့်ရှောင်ဖိန် ချမှတ်ခဲ့တဲ့ စုပေါင်းခေါင်းဆောင်မှုကို သူ့လက်ထက်မှာ ပြန်လည်ပြင်ဆင်ခဲ့တယ်။ ၂၀၂၂ နောက်ပိုင်း နောက်ထပ်ခေါင်းဆောင်မှုကို လက်ဆင့်မကမ်းဘဲ ရာသက်ပန်ခေါင်းဆောင်မှုကို ရယူထားခဲ့တဲ့ ရှီကျင်းပင်အတွက် ပါဝါကို ဆက်လက်မြဲမြံ‌အောင် ဆုပ်ကိုင်ထားနိုင်ဖို့နဲ့ ပြိုင်ဘက်တွေကို အမြဲ ရှင်းထုတ်နေဖို့ဟာ အဓိကကျတဲ့ အစိတ်အပိုင်းတခု ဖြစ်နေတယ်။ ဒါကြောင့် သူနဲ့ပတ်သက်တဲ့ နိုင်ငံရေး အမနာပသတင်းတွေဟာ နှစ်တိုင်းလိုလို ထွက်ပေါ်လာနေကျဖြစ်တယ်။

ဒါပေမယ့် ဒီတကြိမ်တော့ တရုတ်ခေါင်းဆောင်ရဲ့ ကျန်းမာရေး ချို့တဲ့နေတယ် (လေဖြန်း/ဖြတ်ချင်သလို ဖြစ်နေတယ်) ဆိုတဲ့သတင်း (ကျန်းမာရေးမကောင်းဘူးဆိုတာ ဖြစ်နိုင်ခြေရှိပေမယ့် ဒီလိုသတင်းတွေဟာ ခုမှ စထွက်လာတာတော့မဟုတ်) နဲ့ နိုင်ငံရေးပြိုင်ဘက်တွေက သူ့ကို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးနေတယ် ဆိုတဲ့သတင်းတွေ (ပါဝါကို အပေါ်မှာ ကျစ်နေအောင် စုစည်းထားတဲ့ ရှီကျင်းပင်အတွက် ဖြစ်နိုင်ခြေ နည်းလွန်းလှတယ်) ဟာ တခြား တရုတ် လက်ရှိအခြေအနေတွေနဲ့ ယှဥ်ကြည့်တဲ့အခါ ကောလာဟလတွေပါလို့ တထစ်ချ သတ်မှတ်ပြီး လျစ်လျူရှုထားတာထက်စာရင် တရုတ် ပါဝါကောက်ကြောင်းကို အနည်းငယ် စောင်းငဲ့ကြည့်တာက ပိုသင့်တော်မယ် ယူဆရတယ်။

‘ပါဝါကို ဘယ်လို လွှဲပြောင်းမလဲ’
မြန်မာပြည် ပါတီအသိုင်းအဝန်းမှာ အရှိန်အဝါရှိတဲ့ ရာထူးတခုရှိတယ်။ တရုတ်မှာလည်း ထို့အတူပဲ။ ပါတီဗဟိုကော်မတီဆိုတာ အရေးပါလှတဲ့ နေရာဖြစ်တယ်။ လူ သန်း ရာဂဏန်း ပါတီဝင်ဦးရေရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ အဖွဲ့ဝင် ၄၀၀ နီးပါး (အမြဲတမ်း ၂၀၅ နဲ့ အလှည့်ကျ ၁၇၀ ကျော်) ရှိတယ်။ ပါတီ ဗဟိုကော်မတီဟာ ခေါင်းဆောင်သစ် (ပါတီအထွေထွေအတွင်းရေးမှူး) ကို ဗဟိုကော်မတီရဲ့ စုံညီအစည်းအဝေး (Plenum) တခုကနေ ရွေးချယ်တင်မြှောက်ရတယ်။ တင်မြှောက်ခံရသူဟာ ဦး‌ဆောင်ပေါ်လစ်ဗျူရိုကော်မတီ (PSC – Politburo Standing Committee – လက်ရှိမှာ ၇ ဦးရှိတယ်။ ၅ ယောက်ကနေ ၁၂ ယောက်အထိ ရွေးချယ်နိုင်တယ်ဆိုတယ်) ထဲက ဖြစ်ဖို့လိုတယ်။

မှတ်ချက်။ ဗဟိုကော်မတီ ၄၀၀ နီးပါးရဲ့ အပေါ်မှာ ပေါ်လစ်ဗျူရို ၂၅ ဦးရှိတယ်။ ထိပ်ဆုံးမှာ PSC ရှိမယ်။ ပုံမှန်မှာ PSC အဖွဲ့ဝင် ၇ ဦးစလုံးဟာ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် အရင်ဖြစ်ရတယ်။ တချို့ကေ့စ်တွေမှာ ခေါင်းဆောင်က ကြိုက်လွန်းရင် ပေါ်လစ်ဗျူရိုမဖြစ်ဘဲ ထိပ်တန်း တက်သွားတာမျိုးလည်း ရှိတယ်။ ဒါပေမယ့် ပုံမှန်မှာ ဦးဆောင်ပေါ်လစ်ဗျူရို ၇ ဦးဟာ ၂၅ ဦးထဲမှာလည်း အတူတူပဲဖြစ်တယ်။ လက်ရှိခေါင်းဆောင်ကို အရာချပြီး နောက်ထပ်ခေါင်းဆောင် တင်ဖို့ဆိုရင် ထောက်နေတာတခုရှိတယ်။ အဲဒါက ပါတီ ပေါ်လစ်ဗျူရိုကသာ ဗဟိုကော်မတီအစည်းအဝေးကို ခေါ်ခွင့်ရှိပြီး ပေါ်လစ်ဗျူရိုအစည်းအဝေးကို အထွေထွေအတွင်းရေးမှူးကသာ ခေါ်ခွင့်ရှိတယ်။ ဒါကြောင့် ပါတီခေါင်းဆောင်သစ် ရွေးဖို့ဆိုတာ လက်ရှိ အာဏာရထားတဲ့ ပေါ်လစ်ဗျူရိုတွေကသာ အခရာကျတယ် ဆိုတာပဲဖြစ်တယ်။

မှတ်ချက်။ ခုဖြန့်နေတဲ့ ကောလဟာလတခုဖြစ်တဲ့ ရှီကျင်းပင်ဟာ ပေါ်လစ်ဗျူရို အစည်းအဝေးတခုကို မေလတုန်းက ကျိတ်ခေါ်ခဲ့ပြီး အဲဒီအစည်းအဝေးမှာ ဟူကျင်တောင် (အောက်တိုဘာ ၂၀၂၂ အကြိမ် ၂၀ မြောက် ပါတီကွန်ဂယက်မှာ အစည်းအဝေးခန်းမထဲက လုံခြုံရေးတွေရဲ့ ဆွဲထုတ်ခံခဲ့ရတဲ့ ရှီကျင်းပင်အရင်က ခေါင်းဆောင်ဟောင်း) လည်း ပါတယ်ဆိုတာဟာ ဖြစ်နိုင်ခြေ မရှိသလောက်ဖြစ်တယ်။ အရင်က အနားယူသွားတဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ လက်ရှိခေါင်းဆောင်တွေ တရားမဝင် လူစု စကားပြောကြတဲ့ ဗေဒါရီကမ်းခြေ ဆွေးနွေးပွဲဟာ ရှီကျင်းပင် ရာသက်ပန် အာဏာတည်ဆောက်ပြီးတဲ့ နောက်ပိုင်းမှာ မှိန်ဖျော့သွားခဲ့ပုံရတယ်။

(နောက်အပတ်တွင် ဆက်လက်ဖော်ပြပါမည်။)

#ခေါ်သံ #TheCall
#ကျော်ဇောခိုင်⁩

About The Call 708 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*