
‘စိမ်းမြသစ်တော နွေနေ့လယ်ခင်းများ’

ခရီးတထောက်နားပါ။ ရေကြည်အေး တခွက်သောက်ပါ။
စာအုပ်များ ယူဖတ်ခွင့် ရှိပါတယ်။ စာမျက်နှာများ
ကျော်လွှား မဖတ်ပါနဲ့။ ဘဝဆိုတဲ့ စက္ကန့်တွေကို
အပြည့်အဝ ခံစားပါ။ စကားလုံးတွေရဲ့
လေးနက်မှုဟာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ပါတယ်။
စကားလုံးရဲ့ ဩဇာကြောင့်ပဲ ကမ္ဘာကြီး ရှင်သန်နေတာ မဟုတ်ပါလား။
ဓာတ်ပုံလေးတပုံ မြင်လိုက်ရတယ်။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့အရပ်က လူတယောက် Facebook ပေါ်ကို ရိုက်တင်ထားတဲ့ ပုံတပုံ။
ရေညှိစိမ်းရောင် တလက်လက်ထနေတဲ့ သစ်တော
လမ်းဘေးက ကြောင်နှစ်ကောင် ကစားနေကြတဲ့
ဓာတ်ပုံတပုံ။ သစ်ပင်ရဲ့ပင်စည်မှာ ရေညှိစိမ်းတွေ
အလိပ်လိပ်တက်လို့ သက်တမ်းရှိ သစ်တောတတောဆိုတာ သက်သေပြနေတယ်။ ထိန်းသိမ်းနိုင်တဲ့ လူမှုအဖွဲ့အစည်းထဲက တန်ဖိုးရှိ ဂုဏ်သိက္ခာတရားတခုလို။
တောမှာ နေနိုင်လား အချစ်။ ကရုဏာကဲတဲ့ အမေးစကားတွေ။ အင်ပင်ပေါက်တွေ ပေါပြီလား။
ကမလင်းရွက် ချဉ်ဟင်း စားဖြစ်လား။ မှိုကောက် ထွက်ဖြစ်လား။ မိုးဦးကျ မိုးကြိုပန်းတွေ ပွင့်နေကြမှာပဲ။ သတင်းစကား အမြဲ ပြန့်ကားထွက်တဲ့ တောမှာ အင်သား ပိုလုံးလေးတွေပေါ် ကျောတခင်းဟာ
ကျန်းမာရေး အသင့်အတင့် ကောင်းစေလိမ့်မယ်။
လေနုအေးရဲ့ အေးငြိမ့်ငြိမ့် တိုက်ခတ်မှုကို
ဆံနွယ်တွေ ဖြန့်ထားရင်း တည်တည်ငြိမ်ငြိမ် ခံစားမိလိမ့်မယ်။
နေကြဲကြဲတောက်အပူကို ထန်းရွက်နဲ့ သက်ငယ်မိုး
အရိပ်အောက်ကနေ ကွမ်းတညက်ခန့်အကြာ ထိုင်လိုက်ရင် အမောပြေလိမ့်မယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးတဲ့။ လယ်ထဲမှာ တနေကုန်ပဲ အချစ်ရယ်။
မိုးဦးကောင်းတဲ့ ဒီနှစ်မှာ မှားကွက်တွေ ညံ့ကွက်တွေ
ဆေးကြောပစ်ပြီး မြေဆီလွှာအသစ် ဖန်တီးမယ်။
ချဉ်ဓာတ်ပြည့်နေတဲ့ မြေဆီမြေအနှစ်ကို
ကိုယ့်နှလုံးသားကို ချစ်ရသူကို စောင့်ရှောက်သလိုမျိုး
ထိန်းသိမ်းကြည့်ရှုမယ်။
ပြန်လာမယ့်သူကို စိုက်ပျိုးခင်းနဲ့ ကြိုမယ်။
အပင်တွေကို အသက်ဓာတ်လို ချစ်တဲ့ ချစ်သူနဲ့အတူ
တောတောင်အနှံ့ သစ်မာပင်လေးတွေ သွားသွားစိုက်ကြမယ်။ ရွာကလေးကို ရေမတိုက်စားအောင်
ရေကာတာ အသစ်တည်ပေးမယ်။ မြေစိုက်အိမ်လေးတလုံးကို နှစ်ကုန်ကျ အကျအန ဆောက်ပေးမယ်။
တောမှာ နေပျော်ဖို့ စိတ်အခန်းလွတ်တွေကို
စာအုပ်စင်တွေနဲ့ ဖြည့်ပေးမယ်။
ကိုယ်တို့မှာ ကိုယ်တို့ပဲပေါ့။ တယောက်နဲ့တယောက် ပေါင်းရင် လေပြင်းမုန်တိုင်းတွေဟာ
ကျောက်သားနံရံနဲ့ တွေ့ရသလို ရပ်တန့်စေရမှာပဲပေါ့။
အချစ်ဆိုတာ သစ်မာပင်လေး တပင်ပါ။
ရင့်မာဖို့ အချိန်ယူရတယ်။ ရှင်သန်ဖို့ အချိန်ယူရတယ်။ အနှစ်သာရထည့်ဖို့ ကြာမြင့်တယ်။
ကျွန်းရွက်တွေဟာ ဩဘာပေးနေကြပြီ။
နွေနေ့လယ်ခင်းများဟာ တိတ်ဆိတ်ပါတယ်။
နားလည်ကြသူတို့အဖို့လည်း ဆိတ်ငြိမ်ကြပါတယ်။
ပျိုးခင်းတလျှောက် ဖြတ်တိုက်ခတ်လာတဲ့ လေပြည်ဟာ လတ်ဆတ်ပါတယ်။ စိတ်နဲ့ ခမ်းနားလိုက်ရတဲ့
ဆက်ဆံရေးများကို တည်ဆောက်ကြပါစို့ အချစ်ရယ်။ ကမ္ဘာကြီးဟာ အမျက်ဒေါသတွေကြောင့်
ကြေမွခဲ့ကြပြီ။ ကိုယ်တို့ နားလည်ကြရအောင်။
လက်ခံကြရအောင်။ မေတ္တာမျှကြရအောင်။
Be the first to comment