– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
သြဂုတ် ၃ ရက်နေ့က အထင်ကရစစ်တိုင်းတခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) ကို MNDAA နဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးဘက်ကလည်း ရမခစစ်တိုင်းက အရာရှိကြီးတွေ (ဗခ ၁ နဲ့ ဗမခ ၂) ဖမ်းစီးခံထားရတယ်လို့ ဝန်ခံပြောကြားတာတွေ့ရတယ်။ စစ်တပ်ဘက်က ပထမဆုံးစစ်တိုင်းတခုကျသွားတာဖြစ်သလို စစ်ဘက်အဆင့်တွေထဲမှာ ဗိုလ်ချုပ်အဆင့် (တိုင်းမှူး) အထိ စတင်ဆုံးရှုံးတာဖြစ်တယ်။
‘မအောင်မြင်သောမိန့်ခွန်း’
နောက်ဆက်တွဲအနေနဲ့ သြဂုတ် ၅ ရက်နေ့မှာ စစ်ခေါင်းဆောင်က ပြည်တွင်းရုပ်မြင်သံကြား သတင်းကနေ မိန့်ခွန်းပြောတယ်။ မိန့်ခွန်းကို ထူးမခြားနားဖြစ်တဲ့ မဲမသာမှု၊ ခြေဥအရအာဏာလွှဲမှု နဲ့ နောင်ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုပြီး စစ်တပ်ကတာဝန်ယူခဲ့တယ် ဆိုတာနဲ့စပြီး ပီဒီအက်ဖ်တွေကိုအကြမ်းဖက်အဖြစ်ပုံဖော်တယ်၊ အီးအေအိုတွေကို သင်တန်းပေးမှု လက်နက်တပ်ဆင်ပေးမှုတွေနဲ့ သွေးထိုးမြှောက်ပင့်တယ်၊ MNDAA TNLA AA တို့ကို နယ်မြေချဲ့ထွင်တယ်၊ မြို့ရွာတွေကိုတိုက်ခိုက်ဖျက်ဆီးတယ်၊ မတည်မငြိမ်ဖြစ်အောင် လုပ်တယ်လို့စွပ်စွဲပြောကြားတယ်။
အီးအေအိုတဖွဲ့ချင်းစီနီးပါးကို တိုက်ပွဲစတင်တဲ့အချိန်၊ တိုက်ခိုက်တဲ့ဒေသတွေကိုထုတ်ဖော်ပြောပြီး စစ်တပ်ဘက်ကဒေသခံပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ ဆုတ်ခွာပေးခဲ့ရတာမျိုးတွေရှိတယ်လို့ ဆိုတယ်။ ပြည်ပသင်တန်းပေး၊ လက်နက်ထောက်ပံ့၊ ကြေးစားတပ်တွေနည်းပညာအကူအညီနဲ့ တိုက်တဲ့ကျူးကျော်စစ်လို့ဆိုပြီး စစ်တပ်နဲ့တိုင်းပြည်ချစ်သူတွေကို ဒီကျူးကျော်စစ်ကို ပြန်တိုက်ထုတ်ဖို့ နောက်ဆုံးမှာ တိုက်တွန်းအဆုံးသတ်တယ်။
အနှစ်ချုပ်တော့ စစ်တပ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေနဲ့ လုပ်ရပ်တွေကို တော်လှန်ရေး တပ်ဖွဲ့တွေကလုပ်နေတယ်လို့ လှည့်ပတ်ပြောဆိုသွားတာသာဖြစ်တယ်။ စစ်အာဏာသိမ်း ၃နှစ်ခွဲတာကာလပတ်လုံး ဒုက္ခတွေကြုံခဲ့ ကြံ့ကြံ့ခံခဲ့တဲ့လူထုကို ဒီလိုမိန့်ခွန်းမျိုးက ဘာမှပြောင်းလဲစေမှာမဟုတ်။ ဆန့်ကျင်ဘက်အနေနဲ့ ဒီမိန့်ခွန်းဟာ စစ်တပ်ရဲ့အခြေအနေတွေ အဖက်ဖက်က ဆိုးဝါးနိမ့်ကျလာပြီဆိုတာကို ဝန်ခံလိုက်တဲ့သဘောအဖြစ် အားလုံးက နားလည်သဘောပေါက်ထားကြတယ်။
‘ကောက်ရိုးလေးတမျှင်’
ဒီအပတ်အတွင်း နောက်ထပ်သတင်းတခုက အရင်ရဲချုပ်ခင်ရီ (လက်ရှိကြံ့ဖွံ့ဥက္ကဌ) က စပွတ်နစ်နဲ့ တွေ့ဆုံခန်းတခုမှာ ရုရှားကို မြန်မာအကြမ်းဖက်တွေကိုနှိမ်နှင်းဖို့အတွက် စစ်တပ်ကိုအကူအညီပေးဖို့ တောင်းခံလိုက်တာပဲဖြစ်တယ်။ ဒီသတင်းက သြဂုတ်လဆန်း ၃ ရက် လားရှိုးကျပြီးမှ ထွက်လာတာတွေ့ရပေမယ့် အင်တာဗျူးပြုလုပ်တဲ့ရက်က ဇူလိုင် ၃၀ ရက်ဖြစ်တာမို့ မအလ ယာယီသမ္မတလက်ခံပြီးချိန်၊ စကစ သက်တမ်းထပ်တိုးမယ့်အချိန်၊ ဟိုင်ဂန်ကိုမတက်တော့ဘဲ လားရှိုးကိုပြန်တိုက်ဖို့ ဆုံးဖြတ်ထားချိန်တွေနဲ့ တထပ်တည်းလောက်ဖြစ်တာမို့ စကစရဲ့ တရုတ်အကွဲအပြဲနဲ့ ရုရှားကောက်ရိုးတမျှင်အနေအထားကို တွက်ဆကြည့်နိုင်မှာဖြစ်တယ်။
ဒီအခြေအနေက ကောက်ချက်ချလို့ရလာတာတွေက စစ်တပ်ဟာ လားရှိုးမကျခင်ကတည်းက သူတို့အခြေအနေဆိုးဝါးပြီးသားဖြစ်တာကိုလက်ခံထားတယ်။ တပြိုင်နက်တည်းမှာ စစ်အာဏာသိမ်းအဖွဲ့နဲ့ အနီးကပ်လူရင်းတွေ (တနည်းပြောရရင် လက်ရှိအာဏာရထားတဲ့ စစ်တပ်ထိပ်ပိုင်းနဲ့ ပါတီပိုင်း) ဟာ စစ်ကိုအဆုံးအထိခံတိုက်ဖို့ (သူတို့အကျိုးစီးပွားကို အဆုံးအထိခံတိုက်ဖို့) ရည်ရွယ်ထားတယ်ဆိုတာပဲဖြစ်တယ်။ လက်ရှိမှာ ဒီအုပ်စုက စစ်တပ်ကိုထိမ်းထား ကိုင်တွယ်ထားနိုင်ဆဲဖြစ်တယ် (အုပ်စု ၁)။
‘အခြားအုပ်စု ၂ ခု’
သို့ပေမယ့် တခြားတဘက်မှာ လူထုထောက်ခံမှုအပြည့်အဝရထားတဲ့ တော်လှန်ရေးကိုကြည့်ပြီး၊ ရှေ့ပိုင်းမှာအထိနာခဲ့တဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ စစ်မျက်နှာတွေကိုကြည့်ပြီး၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တောက်လျှောက်သိမ်းပိုက်ချေမှုန်းခံရတဲ့ ရှမ်းမြောက်၊ ရခိုင်၊ ကချင်၊ ကရင် စစ်မျက်နှာတွေနဲ့ လတ်တလော ရမခအကျကိုကြည့်ပြီး၊ ဒီစစ်ဟာမနိုင်နိုင်တော့ဘူးဆိုတာ သဘောပေါက်လက်ခံပြီး၊ စစ်ဆက်မတိုက်လိုတော့တဲ့ အင်အားစုတခုလည်း စစ်တပ်ထဲမှာထုနဲ့ထည်နဲ့ရှိနေတာတွေ့ရတယ် (အုပ်စု ၂)။ ဒါ့အပြင် ရှိတဲ့စည်းစိမ်ဥစ္စာနဲ့ နောက်ဆုံးအချိန်တွေကို အေးဆေးသက်သာစွာဖြတ်သန်းချင်တဲ့ ကိုယ့်သားသမီးနောင်ရေးကို စိတ်အေးသွားချင်တဲ့ အငြိမ်းစားစစ်တပ်အကြီးအကဲတွေနဲ့ တပ်တွင်း ဆက်စပ်ပတ်သက်သူတွေကိုလည်း တွေ့ရမှာဖြစ်တယ် (အုပ်စု ၃)။
စစ်တပ်ဘက်က ဒီအုပ်စု ၃ ခုကိုကြည့်ပြီး ရှေ့မှာဖြစ်နိုင်ချေ ၃ မျိုးကို ယူဆကြည့်နိုင်တယ်။ ပထမဖြစ်နိုင်ချေက အုပ်စု ၂ ထိမ်းမရတော့ဘဲ စစ်တပ်ပြိုသွားချိန်မှာ အုပ်စု ၁ အင်အားအနည်းငယ်နဲ့ နေပြည်တော်မှာပိတ်ခံတာ (သို့မဟုတ်) ထွက်ပြေးတာ။ ဒုတိယဖြစ်နိုင်ချေက စစ်ရေးအခြေအနေတွေဆက်လက်ဆိုးဝါးလာတာကြောင့် နိုင်ငံခြားတိုင်းပြည်တခု (အဖွဲ့အစည်းတခု) က ကမကထလုပ်ပေးပြီး အုပ်စု ၃ နဲ့ အုပ်စု ၂ စုစည်း၊ တော်လှန်ရေးအင်အားစုနဲ့ ညှိနှိုင်းပြီး စစ်တပ်ကို လက်ရှိစစ်ရေးအကျပ်အတည်းနဲ့ အနာဂတ်နိုင်ငံရေးကြားကပြန်ဆွဲထုတ်တာ။
ဒီဖြစ်နိုင်ချေ ၂ ခုစလုံးအတွက် အနည်းဆုံး ရခိုင်ကျန်ရှိဒေသ (ကျသလောက်ဖြစ်နေတဲ့ မောင်းတော၊ သံတွဲအပြင် အမ်း၊ ကျောက်ဖြူ နဲ့ စစ်တွေ) အထူးသဖြင့် မန္တလေး(တိုင်း) ကို တော်လှန်ရေးအင်အားစုတွေက တပြိုင်နက်တည်းလောက်အတွင်းမှာ ထိုးစစ်ဆင်သိမ်းပိုက် (သို့မဟုတ် အဓိကနယ်မြေတွေကို ထိန်းချုပ်) နိုင်ဖို့လိုမယ်။
‘ရေရှည်စစ်ကိုရှောင်ရှားခြင်း’
အရေးကြီးတဲ့ ဗမာစစ်တိုင်းတွေအတွင်းက တော်လှန်ရေးအောင်မြင်မှုကြံ့ကြာမယ်ဆိုရင် နောက်ဆုံးဖြစ်နိုင်ခြေတခုလည်းရှိနေတယ်။ စစ်တပ်ကရှိသမျှအင်အား (ကိုယ်ပိုင်နဲ့ အခြားအဖွဲ့အစည်းတွေ) ကို ထိန်းထုတ်သုံးရင်း ရေရှည်ပြည်တွင်းစစ်ထဲ တတိုင်းပြည်လုံးကိုဆွဲချ ခေါ်ဆောင်သွားမှာဖြစ်တယ်။ ဒီအခြေအနေကိုရှောင်လွှဲနိုင်ဖို့က NUG နဲ့ အီးအေအိုတွေ၊ NUG နဲ့ ဒေသဆိုင်ရာတော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီလှုပ်ရှားနိုင်မှုတွေကို အရေးတကြီး လိုအပ်လာပြီလည်းဖြစ်တယ်။
Be the first to comment