38
Ei Thandar Aung
“ဆင်းရဲတွင်းထဲက မနှင်းဆီ”
“ကျမနာမည်က မနှင်းဆီ။ ဘဝကတော့ နှင်းဆီပန်းလို မွှေးမနေပါဘူး။ တနေ့တနေ့ ချွေးသံတရဲရဲ လုပ်စားနေရတာ အနိုင်နိုင်နဲ့ပဲ”
သူမ၏နာမည်က မနှင်းဆီ။ ဆီမလိမ်းထားသည့် သူမ၏ ဆံသားများက ကော်ဖီရောင်ပေါက်ကာ ထုံးထားသည့်ကြားထဲက ဖွာလန်ကြဲနေသည်။ သူမ အဝတ်များမှာလည်း ပြောင်ရောင်မှုမရှိပေ။ သို့သော် သူမ အတတ်နိုင်ဆုံး ပြင်ဆင်ကာ အသပ်ရပ်ဆုံးနေသည်။
သူမပိုင်ဆိုင်သည့် ပေ ၂၀ ပေ ၁၀ ခြံဝိုင်းလေးတွင် သက်ကယ်မိုး၊ ထရံကာနှင့် အိမ်သေးသေးလေးတလုံး ဆောက်ထားသည်။ အိမ်အတွင်း၌ အဝတ်ဗီရိုဟူ၍ သေသေသပ်သပ် မရှိ၊ အခန်းဟူ၍ မရှိ။ အဝတ်ပုံ၊ စောင်ပုံများကြား၌ပင် သူမနှင့် အငယ်ဆုံးသားလေး အတူအိပ်ကြသည်။ မနှင်းဆီ၏ ခင်ပွန်းသည် မှာ ဆုံးပါးသွားပြီဖြစ်သည်။ သမီးနှစ်ယောက်နှင့် သားတယောက်က အိမ်ထောင်ကျ၍ အတူမနေတော့ပေ။
တချို့ရက်များတွင် တစ်ရက် ၅,၀၀၀ ရသည့် ကြက်သွန်ရွေး၊ ထန်းလျက်ကောက်အလုပ်များ လုပ်သည်။ နှစ်နှစ်အရွယ် ကလေးငယ်နှင့်မို့ မည်သည့်အလုပ် ရှင်ကမှ သူမကို မခိုင်းချင်။ များသောအားဖြင့် တောထဲလိုက်ကာ ထင်းကောက်သည်။ ပဲစင်းငုံ ခုတ်ချိန်ရောက်လျှင် အရိုးများနှုတ်ကာ လက်တပွေ့စာကို ၂၀၀ ကျပ်နှင့် ရပ်ကွက်ထဲ လည်ရောင်းသည်။ ရာသီပေါ် ကုက္ကိုရွက်၊ မန်ကျည်းရွက်၊ ဘောစကိုင်းရွက်၊ ဆူးပုတ်ရွက် စသည့်ဟင်းရွက်များ ခူး၍လည်း လက်တဆုပ်စာ တပုံလျှင် ၂၀၀ ကျပ်ဖြင့် ရောင်းသည်။ မနှင်းဆီ၏ဘဝက သည်လိုဖြင့်ပင် လုံးလည်ချာလည်နှင့် လည်ပတ်နေခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကောင်စီက အာဏာသိမ်းသည့်အချိန်၌လည်း အများနည်းတူ မနှင်းဆီတယောက် စိတ်တိုဝမ်းနည်းခြင်း မပြုနိုင်။ တဝမ်းတခါးမကသည့် ဝမ်းရေးအတွက် ရုန်းကန်နေရသည်။
သို့သော်လည်း အာဏာသိမ်းမှု၏ နောက်ဆက်တွဲဖြစ်သည့် ကုန်စျေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု စသည့် အဘက်ဘက်မှ အထွေထွေကျပ်တည်းမှုများက မနှင်းဆီကိုလည်း ရိုက်ခတ်လာသည်။
“အရင်ကတော့ ကျမမှာ ပိုက်ဆံမရှိရင် ဟင်းရွက်ခူးလို့ရတာလေးနဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင်လေးမှာ လဲစားလို့ရတယ်။ ဆိုင်ရှင်ကလည်း သဘောကောင်းတယ်။ ဆန်တဗူးမှ ၂၀၀ ပဲ ရှိတယ်။ အခု (၂၀၂၅) တဗူးကို ၈၀၀ ရောက်သွားပြီမို့လို့ လဲလို့မရတော့ဘူး။ ဆန်ကွဲပဲ စားနေရတယ်”
အာဏာမသိမ်းခင်ကာလက ဆန်ကြမ်းတပြည် ၁,၇၀၀ ကျပ်၊ ဆား တဆယ်သား ၃၀၀ ကျပ်၊ အာလူးတပိသာ ၂,၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းဆီ တဆယ်သား ၃၅၀ ကျပ်ဖြင့် ရရှိသော်လည်း လက်ရှိ (၂၀၂၅ ခုနှစ်) မီးဖိုချောင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်ကြမ်းတပြည် ၅,၀၀၀ ကျပ်၊ ကြက်ဥတလုံး ၄၅၀ ကျပ်၊ ဆား တဆယ်သား ၁,၅၀၀ ကျပ်၊ အာလူးတပိဿာ ၉,၀၀၀ ကျပ်၊ ခရမ်းချဥ်သီးတပိဿာ ၅,၀၀၀ ကျပ်၊ အသားတပိဿာ ၂၀,၀၀၀ ကျပ်ဝန်းကျင် ဖြစ်လာသော်လည်း မနှင်းဆီအဖြစ်မှာ ဆန်ကြမ်းမှ ဆန်ကွဲစားရသည့် အခြေအနေသို့ ဆိုက်ရောက်လာပြီပင်။
“အခု အရွက်ခူး၊ ထင်းကောက်၊ အဝတ်လျှော်၊ မီးပူတိုက်လုပ်တယ်။ အဲဒါတွေကလည်း ပုံမှန်မရဘူး။ ကြက်သွန်ရွေး၊ ထန်းလျက်ကောက်ကလည်း နဂိုလုပ် နေတဲ့သူတွေတောင်မှ ဖြုတ်ပစ်တာ။ နင်းနှိပ်ပေးရင် ၁,၀၀၀၊ ၁,၅၀၀ ရတယ်”
ထို့ပြင် အမျိုးသမီး လစဥ်သုံးပစ္စည်းများမှာလည်း အာဏာမသိမ်းခင်ကာလက Blue၊ Pinky၊ ပျိုမေတထုပ်လျှင် ၅၀၀ ကျပ်၊ Pad တခုလျှင် ၅၀ ကျပ်ဖြင့် ရ၍ အဆင်ပြေခဲ့သော်လည်း လက်ရှိမှာ တထုပ်ကို ၂,၅၀၀ ဝန်းကျင်သို့ ရောက်လာ၍ ဝယ်ယူသုံးစွဲနိုင်ခြင်း မရှိတော့ကြောင်း မနှင်းဆီကဆိုသည်။
“လုံချည်လာရင် (သွေးဆင်းရင်) ထမီသုံးထည်လောက် ထပ်ဝတ်ရတာပေါ့။ တခု ၅၀၀ ဝယ်သုံးမယ့်အစား ကြက်ဥတလုံးဆို သားမိနှစ်ယောက်အတွက် ဟင်းကောင်းတမယ်ပဲလေ” ဟု မနှင်းဆီက အရယ်တဝက်ဖြင့် ဆိုသည်။
“ဝင်ငွေမကောင်းတော့ မဖျားရဲဘူး။ ဖျားရင်လည်း ရပ်ကွက်ထဲကဆိုင်မှာ ဗမာဆေးမှုန့် အခိုးပွင့်ဆေး ၂၀၀ ဖိုးဝယ်ပြီး သောက်လိုက်တာပဲ”
လက်ရှိတွင် သူမ၏ အငယ်ဆုံးသားလေးက ခုနစ်နှစ်ပြည့်ကာ ဒုတိယတန်း တက်ရမည့်အရွယ် ဖြစ်သော်လည်း ကျောင်းမထားနိုင်သေးဟု မနှင်းဆီက ဆိုသည်။
“အရင်ကလို ခေတ်ကောင်းရင်တော့ ထားနိုင်ဦးမယ်။ အခုက စားဖို့တောင် ရုန်းနေရတာဆိုတော့ ကျောင်းစရိတ်ထိက ဘယ်ရှာနိုင်မလဲ။ သားအတွက်လည်း စိတ်မကောင်းဘူး”
ပညာရေးဖြင့် နိုင်ငံတော်ကြီး တည်ဆောက်အံ့ဟု ဆိုသော်ငြားလည်း ချွတ်ခြုံကျနေသည့် မနှင်းဆီကဲ့သို့ ကလေးများကို စာသင်ခန်းမပို့နိုင်သည့် မိဘများစွာ ရှိနေသည်။
၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ အမေရိကန်တဒေါ်လာလျှင် ၁,၃၀၀ ဝန်းကျင်ရှိကာ အာဏာသိမ်းသည့်အချိန်၌ အမေရိကန်တဒေါ်လာလျှင် ၁,၆၀၀ ဝန်းကျင်မှစ၍ ငွေကြေးတန်ဖိုး ကျဆင်းလာသည်မှာ ယခု ၂၀၂၅ ခုနှစ်၌ အမေရိကန်တဒေါ်လာ ၄,၆၀၀ ကျပ်အထိ ကျဆင်းလာခဲ့သည်။
အာဏာသိမ်းမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ မနှင်းဆီသာမက နိုင်ငံတဝန်းရှိ အခြေခံ လူတန်းစားများသည်လည်း အထွေထွေကျပ်တည်းမှုများ၏ ရိုက်ခက်မှုများကို တွေ့ကြုံ ခံစားနေကြရသည်ပင်။
မနှင်းဆီကတော့ ဆန်တဗူး ၂၀၀ ခေတ်ကိုသာ ပြန်ရောက်ချင်သည်ဟု ဆိုပေသည်။
“ဆန်တဗူး ၂၀၀ ခေတ်ကိုပဲ ပြန်ရောက်ချင်တယ်။ ဒီအတိုင်းသာ ရှေ့ဆက်သွားရရင် ငတ်သေဖို့ပဲ ရှိတော့တယ်”
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
