ဆယ်လ်မွန်ငါးတွေလို အိမ်အရောက်ပြန်ချင်တယ်

◼️မိုးမြင့်ကျော်
အဖေ့ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း စိတ်ထဲကနေ အကြိမ်ကြိမ် နှုတ်ဆက်နေမိတယ်။ ပြီးတော့ စိတ်ထဲကနေပဲ နားလည်ပေးပါလို့လည်း ပြောနေမိတာပေါ့။ အဖေဟာ မျက်နှာကျက်ကိုပဲ စူးစိုက်ကြည့်နေတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ အမြဲစိုစွတ်နေတယ်။ ဒါဟာ သူ လေဖြတ်ပြီးနောက်ပိုင်း သူ့ပုံမှန် နေ့စဥ်ပါပဲ။ အမြဲတမ်း အိပ်ယာပေါ်ပက်လက် မျက်နှာကျက်ကလွဲလို့ သူ့မှာ ကြည့်စရာမရှိတော့ဘူး။
အဖေနဲ့ကျနော်က သားအဖတွေဆိုပေမယ့် ရင်းနှီးနေတာမျိုးမဟုတ်ဘူး။ ငယ်ငယ်ကကြောက်ရတယ်။ ကြီးလာတော့ စကားအသွားအလာနည်းတယ်။ လိုတာပဲ ပြောကြတာမျိုး။ တချက်ကြည့်လိုက်တာနဲ့ ဖိန့်ဖိန့်တုန် ကြောက်ခဲ့ရတဲ့ အဖေက အခု သူများပြုသမျှ နုရတဲ့အခြေနေနဲ့ အိပ်ယာထဲပက်လက်။ အခွင့်အခါများပေးရင် သားအဖတွေလိုမဟုတ်ဘဲ အဖေနဲ့ အရွယ်ရောက်ပြီးသား ယောကျာ်းနှစ်ယောက်လို စကားအေးဆေး ပြောဖူးချင်တယ်။တချို့ကိစ္စတွေ တိုင်ပင် ဆွေးနွေးချင်တယ်။ သူ့လက်ကို ဆုပ်ကိုင်ထားရင်း ငယ်ငယ်က ညဘက် အပြင်ခိုးထွက်တိုင်း ဆူဆဲ ငေါက်ငမ်းတတ်တာကို သတိရမိတယ်။ သူကျနော့်ကို မဆူမဆဲတာ ကြာပြီ။ ပိုပြီး စိတ်တိုလာတယ်။ အလိုမကျရင် ဝူးဝူးဝါးဝါးနဲ့ မျက်လုံးကြီးပြူးပြီး သူ့ဒေါသကို ပြတတ်တယ်။ ကြာတော့ သူ့ဘဝကိုလက်လျှော့လိုက်ပုံပါပဲ။ စိတ်တိုတဲ့အမူအရာတွေ သူ့ဆီမှာ မတွေ့ရတော့ဘူး။ အခု ကျနော် အိမ်ကနေ ထွက်သွားတော့မယ် ဆိုတာသိရင် သူ ဆူဆဲဦးမလားမသိဘူး။ အဝတ်တထည်ကိုယ်တခုနဲ့ ပုံမှန်အပြင်ထွက်နေကျ ပုံစံအတိုင်း ထွက်ခဲ့လိုက်တယ်။ အဲဒီညနေဟာ ပုံမှန်ပဲဆိုပေမယ့် လေတွေကတော့ သာမာန်ထက် ပိုတိုက်နေတယ်။ ညနေရဲ့တိမ်တွေကြားကို နေဝင်သွားပုံက အိမ်ဆိုတာ လွမ်းစရာတခုဖြစ်ကြောင်း ကျောခိုင်းလျက်သား လမ်းလျှောက်နေသူ ကျနော့ကို သတိပေးနေသလိုပဲ။ ကျနော် နောက်ပြန် လှည့်မကြည့်တော့ဘူး။
အဆက်အသွယ်မရဘူး။ အခြေခံစစ်သင်တန်းပြီးလို့ အတော်ကြာတဲ့အထိပဲ။ တရက် ဖုန်းလိုင်းရတဲ့နေရာရောက်တော့ အမေကပြောတယ်။ မင်းအဖေသေပြီ။ ကျနော်မငိုသလို အမေလည်းမငိုဘူး။ ဘဝမှာ ရှင်လျက်သေနေခဲ့သူကို ဝဋ်ကျွေးတခုလို ခံစားနေရတဲ့အချိန်တွေကနေ လွတ်​မြောက်သွားတာပဲလို့ တွေးမိပါတယ်။ အဲဒီတုန်းက သူ လေဖြတ်ပြီး စကားမပြောနိုင်တော့ လက်နဲ့စာရေးလို့ရဖို့ သူ အတော်ကြိုးစားခဲ့တယ်။ မရခဲ့ဘူး။ နည်းနည်းလှုပ်နိုင်လာတော့ ဟိုခြစ်ဒီခြစ်လောက် ရနေပြီ။ တရက် သူ့သမီးငယ်ဆီက စာရွက်တောင်းပြီး ရအောင်ရေးတယ်။ စာလုံးတွေက ဘာတွေမှန်းမသိပါဘူး။ သူဘာရေးချင်မှန်းလဲ မသိကြဘူး။ ဘေးကနေ ဝိုင်းမေးကြတယ်။ အဖေ ဘာလိုချင်တာလဲ။ ဟိုဟာလား၊ ဒီဟာလား။ သူ အစပိုင်းတော့ ဒေါသတကြီးနဲ့ ဝူးဝူးဝါးဝါးလုပ်တယ်။ ပြီးတော့ အားလုံးကို ငြိမ်ပြီးကြည့်နေရင်း ငိုတယ်။ အမေက နောက်ဖေးဘက် ဝင်သွားတယ်။ အဲဒီနောက်ပိုင်း အဖေက ဘာကိုမှ ပြောဖို့မကြိုးစားတော့သလို စာနဲ့ရေးပြဖို့လည်း မကြိုးစားတော့ဘူး။
ညီမလေးနဲ့ ဖုန်းပြောဖြစ်တော့ အမေ့ကိုလည်း ပျော်ပျော်ရွှင်ရွှင်မမြင်ရတာ ကြာပြီတဲ့။ အမေလုပ်နေကျ ​တချို့အရာတွေဆို ညီမလေးက ဝင်ပြီးလုပ်နေရပြီ။ ဘုရားရှိခိုးချိန်တိုင်း အကျယ်ကြီး ဆုတောင်း အမျှဝေတတ်တဲ့ အမေက ဘုရားပန်းတောင်မလဲတော့ဘဲ ညီမလေးပဲ လဲနေရတယ်တဲ့။ တရက် အမေအပြင်ကပြန်အလာ ခွေးလေးတကောင် ပါလာတယ်။ တပတ်အတွင်းမှာပဲ အမေ့ရဲ့မပျော်ရွှင်မှုတွေကို တစုံတယောက်က ယူပစ်လိုက်သလိုပဲ။ ခွေးကလေးကို တယုတယမွေးပြီး ကလေးပေါက်စတယောက်လို ဆူလိုက်ငေါက်လိုက် စကားပြောလိုက်နဲ့။ ခွေးကလေးကလည်း အမေ့နားက မခွာဘူးတဲ့လေ။ ခွေးကလေးကို ငါ့သား ငါ့သားနဲ့ သိပ်ချစ်တာတဲ့။ ကျနော်ကတော့ အရာအားလုံးကို ကျောခိုင်းပစ်ခဲ့ပြီး အမေနဲ့ဝေးရာ လေလွင့်ခဲ့တဲ့ ခွေးတကောင်ပေါ့။ ဘာပဲဖြစ် ဖြစ်ပါ၊ အမေ့ကို စိတ်ပူရတဲ့အကြောင်းတခု လျော့သွားတယ်။ လက်ကျန်ဘဝကို ရှင်သန်လိုစိတ်နဲ့ အမေ ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားတော့မယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲ့ဒီလိုဆက်ရှိနေဖို့ဆိုရင် အရွယ်တခုအရောက်မှာ ခွေးကလေး ကျနော့်လို အိမ်ကထွက်မသွားဖို့ရယ်၊ ခွေးကလေး အမေ့ထက်အရင် သေဆုံးမသွားဖို့ရယ် ဒါကိုပဲ ကျနော်မျှော်လင့်ပါတယ်။
ဆယ်လ်မွန်ငါးတွေဟာ အိမ်ကို ဘယ်လိုပြန်ကြသလဲ။ သူတို့ဟာ မွေးဖွားရာဒေသကနေ မြစ်ကြောင်းအတိုင်း မိုင်ပေါင်း ရာထောင်ချီ စုန်ဆင်းတယ်။ ကာလအတန် ကြာပြီးတဲ့အချိန်မှာ သူတို့ရဲ့ မူလပေါက်ဖွားရာနေရာကို ပြန်ကြတယ်။ မြစ်ရေစီးကြောင်းကို ဆန်တက်ပြီး အချိုးအကွေ့ အခက်ခဲတွေ ဖြတ်ပြီးပေါ့။ ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ဇာတိကို ရောက်အောင်ပြန်ကြတယ်။ ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို အပြန်လမ်းဟာ ချောမွေ့နေတာမဟုတ်ဘူး။ သူတို့ရဲ့ဇာတိ မြစ်ချောင်းတွေက အမြင့်တနေရာမှာရှိနေပြီး သူတို့ကျင်လည်ခဲ့ရာ နေရာတွေက အနိမ့်ဆုံးနေရာတွေ။ အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံးနေရာဆီကို ဆန်တက် ကူးခတ်ပြီး အိမ်ကိုပြန်ကြတာ။
ဆယ်လ်မွန်ငါးတိုင်း အိမ်ကိုပြန်ရောက်ကြတာတော့ မဟုတ်ဘူး။ သူတို့ရဲ့အပြန်လမ်းကို သိတဲ့သူတွေ စောင့်ပြီး ဖမ်းကြတာကိုခံရလို့ အိမ်ပြန်မရောက်သူတွေရှိတယ်။ လမ်းကြောင်းမှားပြီး တနေရာရာမှာ သောင်တင် သေဆုံးရတာတွေရှိတယ်။ အိမ်ပြန်ချင်တဲ့စိတ်နဲ့ အိမ်​အ​ပြန်လမ်းဟာ ကျိန်စာပဲ။ ရေကြည် ရာ မြက်နုရာပဲလေ။ ဘာလို့ အပင်ပန်းခံနေမလဲ။ သက်သာသလို နေတော့မှာပေါ့။ သူတို့ ဘာကြောင့် ပြန်သလဲ၊ အိမ်အပြန်လမ်းကို ဘယ်လိုမှတ်မိကြသလဲဆိုတာ မသိခဲ့ပေမယ့် ကျနော်ကိုယ်တိုင် ဆယ်လ်မွန်ငါးတကောင် ဖြစ်လာတဲ့အချိန်မှာ ဒါကို ရေးရေးတော့ သဘောပေါက်ခဲ့ပြီ။ ကျနော်ဟာ ဘယ်လောက် ဝေးဝေးကို ရောက်နေပါစေ အိမ်ကိုမှတ်မိနေတယ်။ အဲဒီ နေရာကျဥ်းကျဥ်းလေးရဲ့ အနွေးဓာတ်ကို ခပ်ဝေးဝေးက ခံစားမိတယ်။ အိမ်ပြန်ချင်စိတ်ရဲ့ ဒုက္ခက နှိပ်စက်လာတဲ့အခါ သေခြင်းတရားကို ကြောက်တဲ့စိတ်ဟာ အလိုလို ကွယ်ပျောက်ရတာပဲ။
ကျနော်ဟာ မိသားစုဆိုတဲ့ ဥပေါက်ရာ မွေးဖွားရာ မြစ်ပြင်ကျယ်တနေရာကနေ ခပ်ဝေးဝေးကို စုန်ဆင်းခဲ့တဲ့ ဆယ်လ်မွန်ငါးတကောင်ပဲ။ ခြေစုန်ကန်ကူးခတ်ပြီး ဝေးရာကိုနှင်ခဲ့တဲ့ အမေ့ရဲ့ဒုက္ခအိုးလေး။ အခု ကျနော် အိမ်ဆိုတဲ့ နေရာကျဥ်းကျဥ်းကလေးရဲ့ အနွေးဓာတ်ကို လိုအပ်နေပြီ။ သွက်သွက်လက်လက်နဲ့ ထမင်းဟင်းချက်နေတဲ့ အမေ့ပုံရိပ်တွေ၊ အဖေ့အငွေ့အသက်နဲ့ အခန်းကျဥ်းက နွေးထွေးမှုတွေ၊ ပြီးတော့ သားမိုက်တယောက် ကျနော်မွေးဖွေးရာ အမေ့အရိပ်မှာ ကျနော် စိတ်ချလက်ချ ဘဝကူးရဖို့ ဆယ်လ်မွန်ငါးတွေလို အိမ်အရောက်ပြန်ချင်တယ်။
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*