
◼️ရွယ်မိုး
“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း”
အမျိုးသားစာပေဆုရ ပျဥ်းမနားမောင်နီသင်းရဲ့ “တို့ကျောင်း” ကဗျာကို အဲ့ဒီမနက်က သင်ကြား ရွတ်ဆိုခိုင်းဖြစ်ပါတယ်။ ဘုစုခရု ကလေးတွေ အယောက် ၃၀ ကျော်လောက်က တညီတညာတည်း ဆိုကြပါတယ်။ ကလေးတွေဟာ စာသင်ကျောင်းထဲက ပန်းကလေးတွေဖြစ်ကြောင်း၊ ဆရာတို့က ဘယ်လို ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း ရှင်းပြပါတယ်။ ထို့နောက် လေးငါးခါလောက် ကဗျာတိုင်ပေးပြီးတော့ ကစားချိန် အတန်းခနနားလိုက်တယ်။ ပြီးတော့ ကျနော်ထိုင်နေကျ နေရာကလေးမှာ ဖွင့်လျက်သား ဖတ်လတ်စ စာအုပ်ကလေးကို ကောက်ကိုင်ပါတယ်။
“မီးလောင်ဗုံးတွေ ကြဲချခံရတဲ့ စာသင်ကျောင်းတွေကနေ ပန်းကလေးတွေ ဖူးပွင့်နိုင်တာ တကယ်ဟုတ်လို့လား ဆရာ” ဆိုတဲ့ မဝံ့မရဲ မေးသံလေးကို ကြားရတယ်။
ဖိုးထူးလို့ခေါ်ကြတဲ့ မူလတန်းအရွယ် ကလေးလေးက မေးတာပါ။ ကျနော် သူ့ကိုကြည့်မိတယ်။ သူ့ပါးနှစ်ဘက်ဟာ လက်ဖမိုးနဲ့ ဆွဲသုတ်ထားလို့ နှပ်စီးကြောင်းတွေနဲ့ ညစ်ပတ်နေတယ်။ အနားဖွာနေတဲ့ ဘောင်းဘီတိုလေးနဲ့ ကျောင်းဝတ်စုံ ညစ်နွမ်းနွမ်းကို ဝတ်ဆင်ထားတယ်။ မျက်ဝန်းလေးတွေဟာ ကြည်လင်ပေမယ့်လည်း ညှိုးနွမ်းနေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်။ လက်ကလေးနှစ်ဘက် ခပ်တင်းတင်း ပိုက်ထားတယ်။
“လာ ထိုင်ဦး သားရဲ့”
ဖိုးထူးဟာ ကျနော့်ရှေ့မှာ ကုပ်ကုပ်ကလေး ဖင်ထိုင်ချလိုက်ပါတယ်။ သူရော ကျနော်ရော မြေကြီးပေါ်ခင်းထားတဲ့ ဖျာစုတ်တချပ်ပေါ်မှာ ထိုင်နေကြတာပါ။
ဖိုးထူးရဲ့အမေးကို ပြန်မဖြေဖြစ်သေးဘဲ “သားမေးခွန်းကို သား ပြန်ဖြေရမယ်ဆို ဘယ်လိုထင်လဲ” လို့ ခပ်ပြုံးပြုံး မေးဖြစ်ပါတယ်။ သိပ်ငယ်တဲ့ ကလေးတယောက်ဆီက ဒီလိုမေးခွန်း ထွက်ပေါ်လာရတဲ့ အကြောင်းအရင်းရဲ့ နက်ရှိုင်းလှမှုကိုလည်း သတိပြုမိလိုက်တယ်။
“ဆရာပြောသလို သားတို့ကလေးတွေဟာ စာသင်ကျောင်းထဲက ပန်းကလေးတွေဆိုပေမယ့် ခနခန ဗုံးကြဲခံရမှတော့ ဘယ်လိုလုပ် ရှင်သန်နိုင်တော့မှာလဲ၊ မီးလောင်ပြင်မှာ ဘယ်လိုလုပ် ပန်းတွေ ဖူးပွင့်နိုင်မှာလဲ ဆရာ ညာနေတာ”
ဆရာ ညာနေတာ ဆိုတဲ့ စကားလုံးကို ဖိုးထူးဟာ သတ္တိရှိရှိပြောပါတယ်။
“ဒီလို သားရဲ့ … မီးလောင်ပြင်မှာ ပွင့်တဲ့ ပန်းတမျိုးရှိတယ်၊ ကြာပန်းတမျိုးပဲပေါ့၊ တောမီးလောင်ရင် အဲ့ကြာပန်းတွေက ဖူးပွင့်လာတတ်တယ်။ သားပြောသလို မီးလောင်ပြင်မှာ အပူလွန် ရေငွေ့ခြောက်ခမ်းပြီး ဘာအဟာရဓာတ်မှ မရတာကြောင့် ပန်းမပွင့်နိုင်လောက်ဘူးဆိုတာက မဟုတ်ဘူးရယ် ပွင့်တဲ့ပန်းတွေ ရှိပါတယ် သားရဲ့”
ဖိုးထူးက ကျနော့်အဖြေကို စောဒက တက်တယ်။
“ဒါပေမယ့် အဲ့ပန်းတွေက ဗုံးကြဲမခံရဘူးမို့လား ဆရာ “
ကျနော် ခပ်တွေတွေနဲ့ ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားပါတယ်။
“ဒီလိုကွာ ဆရာ ဆိုလိုတာက ဗုံးကြဲခံရတာတွေ စစ်ဘေးရှောင်ရတာတွေ အခက်အခဲတွေကြားထဲမှာမှ ရုန်းကန် ရှင်သန်ရင်း ပွင့်ဖူးကြမယ့် ပန်းကလေးတွေ ဖြစ်လာစေဖို့ပါ၊ ဒီနေရာမှာ ဗုံးကြဲခံရရင် နောက်တနေရာမှာ ကလေးတွေ ပညာဆက်သင်နိုင်အောင် ဆရာတို့က ကြိုးစားအားထုတ်နေဦးမှာပဲ၊ သားတို့ကလည်း မီးလောင်ပြင်တွေ ဗုံးကြဲခံရတာတွေကနေ ဇွဲမလျှော့ဘဲ ပွင့်ဖူးလာမယ့် ပန်းကလေးတွေဖြစ်အောင် ပညာကို ကြိုးစားသင်ယူကြဖို့ပါ …”
ဖိုးထူးက လေပျော့ကလေးနဲ့ ထပ်ပြောပါတယ် …
“ဒါပေမယ့် ဆရာရယ် သားတို့ ဘယ်ချိန်ထိ ခုလိုနေနေရဦးမှာလဲ …”
ဒီမေးခွန်းကိုတော့ ကျနော် မဖြေဖြစ်တော့ပါဘူး။ ဖိုးထူးရဲ့ကျောကို ချစ်စနိုး ပုတ်ရင်းပဲ …
“ကဲကဲ သွားကစားချေတော့ သူငယ်ချင်းတွေစောင့်နေတော့မယ် …”
ကုပ်ကုပ်ကလေး ထွက်ခွာသွားတဲ့ ဖိုးထူးရဲ့ကျောပြင်ကို ကြည့်ရင်း စကားသံတခွန်း အထပ်ထပ် ကြားယောင်ပါတယ်။
“ဆရာ ညာနေတာ” ဆိုတာပါပဲ။
( ကျောင်းဆရာတယောက်၏ အတွေ့အကြုံကို ခံစားဖော်ပြပါသည်။
Be the first to comment