ဆောင်းအမီ

⁩ ⁨”ဆောင်းအမီ”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ​ကျော်​​ဇောခိုင်

စကစက ကာလုံကို အာဏာပြန်လွှဲပေးပြီးတဲ့ ပြီးခဲ့တဲ့လ ဇူလိုင် ၃၁ ရက် ညပိုင်းမှာ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာသွားခဲ့တာ တွေ့ရတယ်။ တော်လှန်ရေးဘက်ကတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၉၀ ကျော်မှာ ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာသွားတာဖြစ်လို့ စစ်တပ်ဘက်က ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ့်နေရာတွေ ဖြစ်တယ်လို့ သတင်းပေးလိုက်သလိုလည်းဖြစ်တယ်။

‘စစ်အုပ်ချုပ်ရေးမြို့နယ်တွေ’
စစ်အုပ်ချုပ်ရေး ကြေညာတဲ့အထဲမှာ အစဥ်လိုက်ပြောရရင် ရှမ်း (၁၅ မြို့နယ်)၊ ရခိုင် (၁၄ မြို့နယ်) နဲ့ စစ်ကိုင်း (၉ မြို့နယ်) တို့ဟာ ထိပ်ဆုံးစာရင်းမှာ ရှိနေတယ်။ အလယ်အလတ်အနေနဲ့ ချင်း (၇ မြို့နယ်)၊ ကချင် (၅ မြို့နယ်) နဲ့ မကွေး (၅ မြို့နယ်) တို့ကို တွေ့ရတယ်။ နောက်မှာတော့ ကရင်နီနဲ့ မန္တလေးက ၃ မြို့နယ်စီဖြစ်ပြီး ကရင်က၂ မြို့နယ်ပါဝင် တယ်။ ဒါကိုကြည့်ရင် ဘယ်ပြည်နယ်နဲ့တိုင်းတွေမှာ စစ်ရှိန် ဘယ်လောက် မြင့်တက်ခဲ့တယ်ဆိုတာနဲ့ ဘယ်လို ဆက်မလဲဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်တဲ့သဘောဖြစ်တယ်။

စစ်အုပ်ချုပ်ရေး ကြေညာတဲ့မြို့တွေအရ ပြောရရင် စစ်ဟာ မြောက်ကနေ တောင်ကို စီးဆင်းနေသလို အနောက်ကနေ အလယ်ကို ရွေ့လျားလာတဲ့ သဘောဖြစ်တယ်။ နေပြည်တော်ကို အခြေခံပြီး ပြောရရင်တော့ စစ်ဟာ မြောက်ဘက်က ဆင်းလာမယ့်တပ်တွေနဲ့ အပြိုင်တိုက်မယ့် တောင်ဘက်က ပဲခူးနဲ့ ကရင်ဘက်မှာ အရှိန်ယူဆဲဖြစ်တာ တွေ့ရပြီး အနောက်ဘက် ရခိုင်မကွေးကနေ လာမယ့်အင်အားနဲ့ အပြိုင်တည်ဆောက်မယ့် ရှမ်းတောင်နဲ့ ကရင်နီဟာ ရှိပြီးအင်အားကို ပြန်တည်ငြိမ်အောင် လုပ်နေရတဲ့သဘောကို တွေ့ရမယ်။

စစ်တပ်ဘက်က ဒီမြို့နယ်တွေကို လာမယ့်ရက် ၉၀ (၃ လ) အတွင်း နယ်မြေအေးချမ်းအောင်နဲ့ တရားဥပဒေစိုးမိုးအောင် ပြန်လုပ်မယ်ဆိုတဲ့အတွက် စစ်ကော်မရှင်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲကိုအခြေခံတဲ့ ထုတ်ပြန်ချက် ဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။

‘အလှမ်းမဝေးတဲ့ မန်း မကွေး’
လတ်တလော စစ်ပွဲအဖြစ်စိပ်တဲ့ နေရာတွေလည်းဖြစ်၊ နေပြည်‌တော် ဗဟိုချက်လည်းရှိ၊ ရွေးကောက်ပွဲအရလည်းအရေးပါမယ့် တိုင်း ၂ ခုက မြို့နယ်တွေရဲ့ အနေအထားကို ခုအပတ်မှာ သုံးသပ်ကြည့်ပါမယ်။ မကွေး ၅ မြို့နယ်ဟာ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်နဲ့ ရေစကြိုတို့ဖြစ်တယ်။ ထီးလင်းနဲ့ ဆောဟာ ချင်းပြည်နယ်အစပ်မှာရှိသလို အနီးအနားက ယောတပ်တွေဟာ ယောဒေသအတွက် သီးခြားရပ်တည်ဖို့ ကြိုးစားလိုတဲ့အထိ အင်အားအသင့်အတင့် ရှိထားတယ်။ ဒီရက်တွေထဲ ကျောက်ထုနဲ့ ဆောဘက်ကို စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ တွေ့ရတယ်။

ဆိုလိုတာက ပထဝီအနေအထားအရနဲ့ အင်အားစုစည်းမှုအရ ထီးလင်းနဲ့ ဆောထက်စာရင် ပခုက္ကူကနေ တိုက်ရိုက်ဖြန့်ပြီး လမ်းပေါက်နေတဲ့ ပေါက်၊ မြိုင်နဲ့ ရေစကြိုဆီကို စစ်တပ်ရဲ့ မြေပြင်ထိုးစစ် ဦးတည်ချက်တွေရှိနေမလား တွက်ဆထားဖို့ဖြစ်တယ်။

မန်းဘက်က စစ်အုပ်ချုပ်ရေး ၃ မြို့က မိုးကုတ်၊ စဥ့်ကူးနဲ့ ငါန်းဇွန်တို့ဖြစ်တယ်။ မိုးကုတ်နဲ့ စဥ့်ကူးက သပိတ်ကျဥ်းနဲ့ နောင်ချိုကို စစ်တပ်က ပြန်ရသွားအပြီးမှာ ပိုပြီး သတိထားနေရတဲ့ မြို့တွေဆိုတာ အားလုံးမျက်မြင်ပါပဲ။ ငါးဇွန်ဟာ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီမြစ်ပဲ ခြားတဲ့မြို့ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ရန်ကုန်-မန္တလေး ကားလမ်းမအထိတက်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ မြင်းခြံခရိုင်ထဲကဖြစ်လို့ စစ်တပ်အတွက် အလွယ်တကူတိုက်ခိုက်ဖို့ ခက်ခဲတဲ့ နေရာတခုလည်းဖြစ်တယ်။ သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးရ သတင်းတခုမှာကိုပဲ ငါးဇွန်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသခံတပ်တွေ ဝိုင်းပြီး တိုက်ထုတ်တဲ့သတင်းနဲ့ ဇူလိုင်လအတွင်း စစ်တပ်ရဲ့ အကြိမ်ကြိမ် (အနည်းဆုံး ငါးကြိမ် ခန့်) စစ်ကြောင်းထိုးလာမှုကို မြင်းခြံခရိုင်ထဲက တပ်ရင်းတွေ၊ မန္တလေးခရိုင်ထဲက တပ်ရင်းတွေ၊ နယ်ခံ ပကဖတပ် တွေနဲ့ အမရပူရနဲ့ မြစ်ငယ်ကတပ်တွေ စုပေါင်း တိုက်ခိုက်ခဲ့ကြတာ တွေ့ခဲ့ရတယ်။

ဒါကြောင့် မန္တလေးရဲ့မြောက်ဘက် မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျဥ်းနဲ့ မိုးကုတ်တို့လို တောင်ဘက်က မြင်းခြံခရိုင်ထဲက ငါးဇွန်နဲ့အတူ ဆီမီးခုံ၊ ရန္တပို၊ မြင်းခြံကနေ အောက်ဘက်ကို ထပ်ဆင်းလာတဲ့ တောင်သာနဲ့ မလှိုင် စတဲ့မြို့နယ်တွေဟာ ရှေ့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ့်သဘော ရှိတယ်လို့ ကောက်ချက်ချရမယ့် အနေအထားဖြစ်တယ်။

‘မြစ်ဧရာရဲ့ ရှေ့နဲ့နောက်’
တကယ်တော့ မြောက် (ကချင်၊ စစ်ကိုင်း) ကနေ တောင်ကို၊ အနောက် (ချင်း၊ ရခိုင်) ကနေ အရှေ့ကို စီးဆင်းနေတဲ့ တော်လှန်ရေးဆက်ကြောင်းကို ချိတ်ဆက်ပေးနေတဲ့ တိုင်း ၂ ခုဟာ မကွေးနဲ့ မန္တလေးဖြစ်တာ တွေ့ရတယ်။ လက်ရှိ စစ်ပွဲသတင်းတွေနဲ့ စစ်အုပ်ချုပ်ရေးသတင်းအရ မကွေးတိုင်းမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရတဲ့ လမ်းကြောင်း ၂ ခု တွေ့ရတယ်။ အပေါ်ဘက်မှာ ဆောနဲ့ ပေါက်ကနေ ဧရာအနောက်ကမ်းက ဆိပ်ဖြူ၊ အဲဒီကမှ ဧရာအရှေ့ဘက်ကိုကူးရင် ချောက်ကိုရောက်မယ်။ အောက်ဘက်လမ်းကြောင်းက (အမ်း)၊ ပဒါန်းလမ်းကနေ ဧရာအနောက်ကမ်း မင်းဘူး၊ အဲဒီကနေ မြစ်အရှေ့ခြမ်းကို ကူးနိုင်ရင် မကွေးကိုဆိုက်မယ်။ ဒီလမ်းဟာ မြင်းခြံခရိုင်ကနေ အောက်ကိုစုန်ဆင်းမယ့် ညောင်ဦး၊ ချောက်၊ ရေနံချောင်း၊ မကွေးနဲ့ဆက်မိရင် တော်လှန်ရေးဟာ ဗမာစစ်တိုင်းဗဟိုတွေကို ထုနဲ့ထည်နဲ့ တည်မိသွားပြီလို့ ပြောနိုင်မယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမျှော်လင့်ချက်ကို အကောင်အထည်ဖော်ဖို့ လက်လွှတ်ခဲ့ရတဲ့နယ်တွေကို ပြန်လှန်တိုက်မယ့် (စစ်တပ်ရဲ့ ဧရာမြစ်ကြောင်းကနေ ဗန်းမော်အထိ မြစ်ကိုဆန်တက်ခဲ့တဲ့ အဆန်‌ထောက်ပို့နည်းတူ မြောက်နဲ့အနောက်ကဖိလာတဲ့ တော်လှန်စစ်ကို ပြန်လှန်တိုက်မယ့် တန်ပြန်တော်လှန်စစ်ကို ဆိုလိုတယ်) အစီအစဥ်နဲ့ တော်လှန်စစ်က ဖိတွန်းမယ့် စစ်ပွဲလမ်းကြောင်းတွေဟာ ၂၀၂၅ မိုးအကုန်မှာ ထိပ်တိုက်တွေ့ကြဖို့ ဖြစ်နိုင်ချေရှိနေတယ်။

အရင် ပြည်တွင်းစစ်မှာ အသုံးပြုခဲ့တဲ့ စကားလုံးတခုကို ပြန်လည် ကိုးကားရမယ်ဆိုရင် တောကနေ မြို့ကိုဝိုင်းမယ့် ရေရှည်ပြည်တွင်းစစ်ကို ရှောင်နိုင်ဖို့ဖြစ်တယ်။ အချိန်နဲ့ စုစည်းမှုဟာ တော်လှန်ရေးကို လမ်းပြ ခေါ်ဆောင်သွားနိုင်မယ်လို့ ယူဆမိတယ်။

About The Call 742 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*