‘ဆောင်းဦးကဗျာ’
ခွန်းနီ
ဝေးသွားခဲ့တဲ့အတိတ်တွေကို
နီးနီးကပ်ကပ်ပြန်မြင်ကြည့်တဲ့အခါ
စိတ်ဟာအလိုမကျမှုတွေအပြည့်နဲ့
ဘာမှမရှိတော့တဲ့စိတ်လွင်ပြင်ကျယ်ကြီးထဲ
ပန်းတွေစိုက်ချင်စိတ်ဟာဒီနေ့အထိမေ့မရခဲ့…
ပြန်မလာနိူင်တော့မဲ့ကြယ်တွေရဲ့အကြောင်းကို
ပြန်မရနိူင်တော့တဲ့အတိတ်တွေဆီခနအပ်ထားပါရစေ
အလိုရှိတဲ့အခါတိုင်းတူးဆွခွင့်တော့ပေးပေါ့…
မမေ့နိူင်ခဲ့တဲ့အရာတွေထဲယုံကြည်လေးမြတ်ရာ
ဘုရားရှင်ရဲ့အဆုံးအမတစ်ခုမှမပါခဲ့တာဝမ်းနည်းစရာ
ဘယ်လိုခြုံခြုံ လုံပါတယ်ဆိုတဲ့စိတ်အနွေးထည်လေး
တိုးတိုးတိတ်တိတ်ပျောက်ရှခဲ့တာ
သုံးနှစ်သုံးမိုးမကတော့ပြီပဲ….
အချစ်မရှိတဲ့ကမ္ဘာထက်စစ်မဖြစ်တဲ့ကမ္ဘာကို
ပိုအလိုရှိကြောင်းတစ်ဦးတည်းဆန္ဒပြရင်း
စစ်ပွဲအလယ်ကိုငါရောက်ခဲ့တယ်…
အထိုထိုသောစစ်ပွဲတွေကြားထဲဝယ်
ပန်းတွေစိုက်ချင်တဲ့စစ်သားလေးတွေရှိရော့မယ်
ဘာပန်းတွေစိုက်ချင်နေပါလိမ့်…..
ကြယ်ပန်းတွေလား….ဘာမှမရေမရာနဲ့ပါ
အဲ့လိုမရေရာခြင်းတွေကြောင့်ပဲတစ်စုံတစ်ယောက်ရဲ့
ကွန်မြူနစ်ကလေးတစ်ယောက်ငါဖြစ်ခဲ့ရတယ်….
ငါချစ်ခဲ့ပါတယ် ဒီနေ့ဒီအချိန်ထိ….
သွားတော့မယ်ပြောပြီး ဘယ်မှမရောက်ခဲ့တဲ့
ကတုတ်ကျင်းထဲကငါရဲ့စိတ်နဲ့ငါရဲ့ခံစားမှုတွေ…
ပြောပြရင်အကြောင်းအရာတွေဆိုပေမဲ့
ငါ့အတွက်တော့အရာရာဟာကဗျာတွေဖြစ်ခဲ့ရ….
ဘုရားမေ့တရားမေ့လို့တော့မပြောပါနဲ့
တရားသိလို့ပဲအမှားရှိတဲ့နေရာကလာခဲ့တာ
ဘယ်ကမ္ဘာပဲရောက်ရောက်
သခင့်ရှေ့ဒူးထောက်ပြီးပြန်ချင်တဲ့
စိုင်းထီးဆိုင်ကလုန်းလေးဟာလဲငါပါပဲ…
အရာရာကိုငါပဲဖြစ်ခြင်တဲ့ငါပါအသက်ရေ…
အဲ့ဒီငါနဲ့ငါပဲတစ်နေ့ကွေကွင်းသွားခဲ့ရင်
ဒါမှမဟုတ်မင်းတစ်ယောက်ထဲရှိတဲ့အခါ
အရက်နံ့နဲ့ဆေးလိပ်နံ့တွေ
မင်းအခန်းထဲသင်းပျံ့ပျံ့ရခဲ့ရင်…
ငါပေးခဲ့ဖူးတဲ့ပို့စ်ကဒ်အဟောင်းလေးတွေ
မိုးမရွာပဲအလိုလိုနေရင်းစိုဆွတ်ခဲ့ရင်….
ပိတ်ထားတဲ့ရေဒီယိုအစုတ်လေးကနေ
သဇင်ကြွေတဲ့ဆောင်း ဆိုတဲ့သီချင်းသံ
အလိုလိုပျံ့လွင့်လာခဲ့ရင်…
မင်းဝေတဲ့အမျှကိုငါပဲရခြင်တယ်…
မင်းချွတ်မှကျွတ်မဲ့ဘဝမျိုးပေါ့
အဲ့ဒီလိုစိတ်ကူးစိတ်သန်းလေးတွေထဲပဲ
ငါ့ရဲ့စိတ်ကိုမြုပ်နှံခဲ့ရတာ….
လူကသာတောခိုနေရပေမဲ့စိတ်ကတော့
ဆောင်းဦးရောက်ရင်နယ်မြို့လေးဆီပြန်နေကြ
မြို့အဝင်လမ်းဟာတတ်ကြွနေတယ်
တိမ်သားတိမ်လိပ်တွေဟာလတ်ဆတ်ပြီး
ဘေးဘီဝဲယာငေးကြည့်တော့
တောင်နေကြာတွေအပြိုင်းအရိုင်းပွင့်လို့
မြင်သမျှဟာလွမ်းစရာတွေအပြည့်
မြို့ပြင်ကတောင်ကတုံးလေးပေါ်
ကော်ဖီအတူသောက်ရင်းနေဆာလှုံကြဖို့
ဘယ်သူကများကန့်ကွက်ကြမှာလဲ
ဒါဟာငါတို့ခေတ်ရဲ့စစ်ပြန်တွေရဲ့မနက်ဖြန်တွေပဲ
တစ်နည်းအားဖြင့်စိတ်နဲ့ကြိုရောက်ခဲ့တဲ့မနက်ဖြန်တွေ
မိုးနှောင်းမို့ထင်ပါတယ်စိတ်ဟာတစ်ခုခုကိုပြင်နေတယ်
ရေစိုနေတဲ့ဆေးပေါ့လိပ်တွေလိုခနခနမီးသေနေရ
စိမ်းမြမြဝါးတောကြီးတွေထဲကနေပြီး
မြို့ပြကိုခိုးခိုးကြည့်နေရတယ်…
ဆောင်းဦးရောက်ရင်နယ်မြို့လေးကိုပြန်နေကြလေ
ဒီနှစ်ဆောင်းတော့ပြန်ချင်ပီ….
မြို့လေးကရောလက်ခံပါ့မလား…
ပေးနိူင်သမျှအကုန်ပေးခဲ့ပြီး
ရနိူင်သမျှယူခဲ့တဲ့ဒဏ်ရာတွေဟာ
ငါတို့မြို့လေးမှာပေကျံနေမလား
စစ်ဒဏ်ရောအချစ်ဒဏ်တွေကြောင့်
မြို့လေးဟာကြေမွနေမလားတွေးစရာ
ငါကရောတကယ်ပြန်နိူင်ပါ့မလား…
ဆောင်းဦးပဲငါ့ဆီရောက်လာပြီး
မြို့လေးဆီငါမရောက်ခဲ့တာနှစ်တွေမနည်းတော့
ခွင့်လွှတ်ပေးပါအုံးလား….
ဒီစကားဟာအမေ့ကိုလဲဆိုခဲ့တယ်
အသက်ကိုလဲကြားစေခဲ့တယ်
မြို့လေးဆီလဲပါးခဲ့တာပဲ….
ဆောင်းဦးဟာစာပို့သမားပဲလေ
စိတ်ချပါတစ်နေ့နေ့တော့ကွန်မြူနစ်ကလေးဟာ
ဆိုက်ဆိုက်ပြန်ခဲ့မှာပါ….
ရုပ်မပါဘဲနာမ်ကြီးသက်သက်လဲဖြစ်နိူင်၏
ရုပ်နဲ့နာမ်နဲ့တွဲလျက်လဲဖြစ်နိုင်၏
ဘာပဲဖြစ်ဖြစ်ဒါဟာကဗျာ….။
Be the first to comment