“ဆွေးနွေးဖို့အချိန်ကျပြီလား”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
၂၀၂၅ နှစ်ဆန်း ပထမအပတ်ထဲမှာပဲ ငွေဆောင် သဘောတူညီချက်ဆိုတဲ့ သဘောထားတခု ထွက်ပေါ်လာတယ်။ ဒီနှစ်ဦးမှာ အသံထွက်လာတယ်ဆိုပေမယ့် ဆွေးနွေးပွဲက မနှစ်က စက်တင်ဘာလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်ရဖို့ ဆွေးနွေးမှုတွေ သုံးလေးကြိမ်လောက် လုပ်ခဲ့ရတဲ့သဘော သတင်းတွေမှာ တွေ့ရတယ်။ ခုထွက်ပေါ်လာတယ် ဆိုတာကလည်း ပါဝင်ညှိနှိုင်းခဲ့ကြသူတွေအနေနဲ့ ဒီသဘောထားကို ထုတ်ပြန်သင့်ပြီလို့ ယူဆခဲ့ကြပုံရတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။
‘စစ်အာဏာသိမ်းပြီး ဆွေးနွေးပွဲများ’
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ပွဲတွေရပ်ဆိုင်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတာဖြစ်လို့ ယခုတကြိမ် ထပ်မံထွက်ပေါ်လာတာလည်း အသစ်အဆန်းသဘောထားတော့မဟုတ်။ ရှေ့မှာ ၂၀၂၁ ဧပြီကတည်းကစလို့ စကစခေါင်းဆောင်အပါအဝင် အာဆီယံနိုင်ငံခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ ဂျာကာတာဆွေးနွေးပွဲဖြစ်ခဲ့ပြီး ဆွေးနွေးပွဲအပြီး ကြေညာချက်က အာစီယံရဲ့ 5PC (အာစီယံသဘောတူညီချက် ငါးချက်) လို့ နာမည်ကြီးခဲ့တယ်။ စကစဘက်က ကြေညာချက်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဘာမှ အကောင်အထည်မဖော်ခဲ့လို့ အာဆီယံကနေ နိုင်ငံ့ခေါင်းဆောင်အဆင့် အစည်းအဝေးတွေမှာ မြန်မာပါဝင်ခွင့်ကို ရပ်တန့်ထားခဲ့တာ ယနေ့ထိအောင်ဖြစ်တယ်။
ဒီနောက်မှာ အာဆီယံဟာ အလှမ်းဝေးလွန်းတယ်၊ အာဆီယံ ချဥ်းကပ်ပုံက အလုပ်မဖြစ်နိုင်ဘူး၊ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုနဲ့ မတည်ငြိမ်မှုတွေကို တကယ်တမ်းခံစားရတာက စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့လူတွေကို လက်ခံရတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်၊ ဒီအပေါ်မူတည်လို့ ထိုင်းနဲ့အိန္ဒိယ ဦးဆောင်တဲ့ Track 1.5 (Track လို့သုံးထားတဲ့သဘောက ပြဿနာကို အရင်းအမြစ်ကစ ခြေရာခံပြီး၊ လက်ရှိရောက်နေတဲ့အ နေအထားနဲ့ ဆက်လက် ဖြစ်ပေါ်မယ့် အခြေအနေတွေအားလုံးကို ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုတဲ့ သဘောဖြစ်တယ်၊ 1.5 ကတော့ နိုင်ငံအစိုးရပိုင်း 1 နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ 0.5 ကြားမှာပါ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောကိုဆိုလိုတယ်) အစည်းအဝေးတချို့ဖြစ်ခဲ့ပြီး သူလည်း အသံတိတ်သွားခဲ့ပြန်တယ်။
ပွဲတိုင်းကိုလိုက်ပြီး သူ့အကျိုးစီးပွား၊ သူ့အကြိုက် သူ့အယူအဆနဲ့ကိုက်ညီအောင် ထိန်းဖို့ကြိုးစားတဲ့ တရုတ်လည်း ဒီပွဲတွေကို တက်ခဲ့တဲ့အပြင် ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်တက်လာတဲ့ ၂၀၂၄ နှစ်ဦးပိုင်းမှာ ရှမ်းမြောက် ညီနောင် ၃ ဖော်နဲ့ စကစကို ယူနန်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်စေခဲ့တယ်။ ပြီးတော့ ဟိုင်ဂန်သဘောတူညီချက်နဲ့ ရှမ်းမြောက် စစ်ကို ရပ်တန့်နိုင်ခဲ့တယ်။ ဒါပေမယ့် စကစအတွက်တော့ ဒီဆွေးနွေးပွဲနဲ့ သဘောတူညီချက်တွေဟာ နယ်မြေတွေအများကြီး ဆုံးရှုံးပြီးမှ ရခဲ့တာဖြစ်လို့ အလာကောင်းပေမယ့် အခါနှောင်းတဲ့သဘောဖြစ်တယ်။
လားရှိုးကျအပြီး ဆွေးနွေးပွဲကို စကစဘက်က မတက်တော့ဘဲ တရုတ်ကို သပိတ်မှောက်ပြခဲ့တယ်။ ဒါကြောင့် တရုတ်က ပုံစံပြောင်းပြီး မြန်မာ့အရေးကို ကိုင်တွယ်တယ်။ နောက်ဆုံး ကိုးကန့်ကို အတင်းအကျပ် ဖိအားပေးပြီး လုပ်စေခဲ့တဲ့ ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၂၀၂၄ ဆွေးနွေးပွဲလည်း မအောင်မြင်တာ တွေ့ရတယ်။ ဒီလ ၂၀၂၅ ဇန်နဝါရီ ၁၅ ရက်နေ့မှာ နောက်ထပ်အစည်းအဝေးတခု ထပ်ရှိနေတယ်လို့လည်း သတင်းထုတ်ပြန်ထားတာ တွေ့ရပြန်တယ်။
ဒီဆွေးနွေးပွဲတွေ အားလုံးနဲ့မတူတဲ့ ငွေဆောင်ဟာ ပြည်တွင်း နိုင်ငံရေးအင်အားစုတွေက စုစည်းပြီး ကျင်းပတာဖြစ်တယ်။ ဆွေးနွေးပွဲကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးတဲ့စက်ဝိုင်း ကျဥ်းလာတဲ့သဘော တွေ့ရတယ်။ ဆိုလိုတာက နိုင်ငံရေးပိုင်းကနေ ဆွေးနွေးဖို့ဆိုတဲ့ သဘောထားနဲ့ စည်းရုံလှုံ့ဆော်မှုတွေဟာ နိုင်ငံတကာ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေကနေ တဆင့်ချင်း မအောင်မြင်ခဲ့ဘဲ ပြည်တွင်းထဲကို ရောက်လာလို့ဖြစ်တယ်။ တဘက်မှာ စစ်အာဏသိမ်းမှုနဲ့နောက်ဆက်တွဲ စစ်ပွဲတွေရဲ့ ဆိုးဝါးတဲ့သက်ရောက်မှုတွေ တနိုင်ငံလုံးမှာ ကြုံတွေ့နေရတယ်။ ဒါပေမယ့် လူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားက ဘာဖြစ်လို့ ဆွေးနွေးမှုတွေကို လက်မခံနိုင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို နိုင်ငံရေးနဲ့ တွေ့ဆုံညှိနှိုင်းလိုတဲ့ဘက်က နားလည်ဖို့ မကြိုးစားကြတာကို တွေ့ရတယ်။ တနည်းပြောရရင် ဆွေးနွေးဖို့ အားထုတ်ကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတိုင်းဟာ တော်လှန်ရေးကို အသိအမှတ်ပြုမှုပိုင်းက စတင်ရမယ်ဆိုတဲ့ မဟာဗျူဟာ ချဥ်းကပ်မှုပိုင်းမှာ အားနည်းကြတဲ့သဘော တွေ့ရတယ်။
‘တွေ့ဆုံဆွေးနွေးရေးသဘောထား’
တွေ့ဆုံဆွေးနွေးရေးလို့ ပြောလာရင် အဆိုပြုသူတိုင်း အားလုံးနီးပါးလောက်က နိုင်ငံရေးအရ လိုအပ်ချက်ကို နိုင်ငံရေးနည်းလမ်းနဲ့ (စစ်မတိုက်ဘဲ တွေ့ဆုံဆွေးနွေးယူတဲ့နည်းနဲ့) ဖြေရှင်းပါလို့ သဘောထားပေးကြတာပဲဖြစ်တယ်။ စစ်အာဏာသိမ်းအပြီး ငြိမ်းချမ်းတဲ့ တောင်းဆိုချက်တွေကို လက်နက်နဲ့ဖြေရှင်းခဲ့တဲ့ စကစသည်ပင်လျှင် ၂၀၂၄ အကုန် ရမခနဲ့ နပခ စစ်တိုင်း ၂ တိုင်း ကျပြီးချိန်ကစလို့ ဒီသဘောထားကို ထုတ်ပြန်လာတယ်။
အာဆီယံမူငါးချက်မှာ လက်ရှိ အကြမ်းဖက်တိုက်ခိုက်မှုတွေအားလုံး ရပ်ဆိုင်းရမယ် ဆိုတဲ့အချက်ပါတယ်။ ငွေဆောင် မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးရမယ်၊ စစ်ပွဲတွေ ရပ်ရမယ် ဆိုတာပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်က သဘောထားက စကစဟာ တရားဝင်အစိုးရဖြစ်တယ်၊ ခြေဥအရ တရားဝင် အာဏာရယူထားတာဖြစ်တယ်၊ ဆွေးနွေးမယ်ဆိုရင် တော်လှန်ရေးဘက်က စစ်ပွဲတွေရပ်ပြီး သူတို့ကမ်းလှမ်းချက်ကို တုန့်ပြန်ရမယ်ဆိုတဲ့ သဘောထားမျိုး ဆွဲကိုင်ထားတာဖြစ်တယ်။ ဒီလိုပြောနိုင်ရတာက ၂၀၂၅ နှစ်သစ် နိုင်ငံရေးဆွေးနွေးပွဲတွေကို အဆိုပြုထားတဲ့မိန့်ခွန်း ပြောနေတဲ့ရက်တွေမှာကိုပဲ စစ်ပွဲရှိတဲ့နေရာကော မရှိတဲ့ဒေသတွေမှာပါ စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ဖြစ်တယ်။
အမျိုးသားညီညွတ်ရေးအစိုးရဘက်ကိုကြည့်ရင် စစ်တပ်နဲ့ ဆွေးနွေးဖို့အတွက် မူ ၃ ချက် ချမှတ်ထားတာတွေ့ရတယ်။ စစ်တပ် နိုင်ငံရေးကထွက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကို သဘောတူဖို့၊ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို တာဝန်ယူဖို့ဖြစ်တယ်။ ဒီ ၃ ချက်မှာ နောက်ဆုံးအချက်ကို သဘောတူညီဖို့မပြောနဲ့ ရှေ့နှစ်ချက်ကို သဘောတူညီမယ့် အရိပ် အရောင် စကစဘက်က မဖော်ပြခဲ့ဘူး။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကိုကြည့်ရင် စစ်တပ်နဲ့ဆွေးနွေးပွဲကို တရုတ်ဖိအားကြောင့် လက်ခံထားရတာဖြစ်ပြီး စစ်အာဏာရှင် မချုပ်ငြိမ်းမချင်း သူတို့ရဲ့လိုအပ်ချက်နဲ့ တော်လှန်ရေးရဲ့ရည်ရွယ်ချက်တွေ မပြည့်စုံနိုင်ဘူးလို့ လက်ခံထားတာ တွေ့ရမှာဖြစ်တယ်။
‘လူထုသဘောထား’
နောက်ဆုံး ပြည်သူလူထုရဲ့ သဘောထားကို ဆန်းစစ်ကြည့်မယ်ဆိုရင်လည်း စစ်ပွဲနဲ့မှ တော်လှန်ရေးရည်မှန်းချက်တွေ အောင်မြင်မယ်လို့ လက်ခံထားတဲ့သဘောဖြစ်တယ်။ စစ်ကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ ဆက်တိုက်မယ် ဆိုတဲ့ သဘောထားကို တော်လှန်ရေးစတင်ချိန်ကစလို့ယနေ့အချိန်အထိ တစိုက်မတ်မတ် ဖော်ပြလာခဲ့တာ တွေ့ရတယ်။
ဒီတော့ စစ်တပ်ဘက်က သဘောထားမပြောင်းလဲမချင်း၊ လတ်တလော အပစ်ရပ်ရေးနဲ့ တွေ့ဆုံရေးအစား လူထုကိုတရားမျှတပြီး ရေရှည်တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တကယ်ဆောင်ကျဥ်းပေးနိုင်မယ့် အခြေအနေမျိုးတွေ တွေ့နေရပြီလား ဆိုတာကို လက်ရှိအခြေအနေတွေကနေ မှန်မှန်ကန်ကန် သုံးသပ်ကြည့်ကြဖို့ပါပဲ။ ဆွေးနွေးရေးနဲ့ပဲ တော်လှန်စစ် ပြီးဆုံးနိုင်မယ်ဆိုတာ သေချာရင်တောင်မှ အဲဒီအတွက် အချိန်တခု၊ အခြေအနေတခု လိုအပ်နေဆဲဖြစ်တယ်။
#ကျော်ဇောခိုင် #NewsAnalysis
#TheCall #ခေါ်သံ
Be the first to comment