ဇာမဏီငှက်တို့ လွမ်းတေးသီ

‘ဇာမဏီငှက်တို့ လွမ်းတေးသီ’
◼️မောင်သုည (ရှပ်ပုံသားလေး)
”ဒီတော်လှန်ရေးဟာ သေရင်တောင် သမိုင်းလှမှ နိုင်မယ်။ မသေဘဲ သမိုင်းရိုင်းရင်တော့ ရှုံးမယ် ”
ဝါးခွက်နဲ့ အကြမ်းရည်သောက်နေတဲ့ ရဲဘော်တွေရဲ့ စကားဝိုင်းကို ကျနော် လက်ဖက်သုပ်လေးချပေးလိုက်တယ်။
” ဟေ့…တယ်ဟုတ်ပါလာ လက်ဖက်သုပ်တွေနဲ့။ ဒီလိုသာ နေထိုင်စားသောက်ရမယ်ဆို ဘယ်လောက်ကြာကြာ တော်လှန်ရေးထဲ အေးဆေးနှပ်နေလိုက်မယ် ယောက်ဖရေ… ”
ရဲဘော် ငပြူးက စနောက်ပြီး ကျနော်ကို ပြောတယ်။
” ဟေ့ကောင် ငပြူး ၊ မင်းက တော်လှန်ရေးကို ဘာထင်သလဲကွ။ ဇိမ်ခံလို့ကောင်းတဲ့အရပ်များမှတ်နေသလား ဟင် ”
ရဲဘော် အာလူးက ဒေါသသံရောပြီး ပြောလိုက်တဲ့ စကားကြောင့် ငပြူးမျက်နှာပျက်သွားတယ်။
” ကျနော်က စတာပါဗျာ ”
” ဟေ့ကောင်တွေ တော်တော့ကွာ။ ဒီမှာ လက်ဖက်သုပ်ကလေးစားရတုန်း အေးဆေးစားပါရစေ ”
ရဲဘော်ဏဂျီးက လက်ဖက်သုပ်ကို ခပ်စားရင်း –
” ဒီလက်ရာမျိုးစားလိုက်ရတာ အိမ်က ဇနှီးကို လွမ်းမိတယ် ယောက်ဖရ”
လို့ ပြောပြန်တယ် ။
” မိန်းမကိုပဲ လွမ်းတာလား။ သားကိုရော မလွမ်းဘူးလား ကိုဏဂျီးရ ”
” မလွမ်းဘဲ ဘယ်နေမလဲ၊ လွမ်းတာပေါ့ကွ။ တကယ်လို့များ တော်လှန်ရေးကြီးအောင်လို့ ငါ အသက်ရှင်နေသေးရင် ရန်သူကို ရှောင်မထွက်တတ်တဲ့ စစ်သည်ကောင်းတို့ရဲ့ စွမ်းရည်သတ္တိမျိုး မင်းတို့ရဲ့အဖေမှာ ရှိခဲ့တယ်လို့ တစ်ချိန်ချိန်ကျရင် ငါ့ရဲ့ သားစဥ်မြေးဆက်ကို ပြောပြချင်သေးတာကွ ”
ကျနော့်မှာ သူတို့စကားနားထောင်ပြီး ပြုံးစိစိနဲ့ အဖက်ကြမ်းကို တချက်နှစ်ချက်ဖွားနေမိတယ်။
” ကျနော်ကတော့ ကိုဏဂျီးတို့လို သားမယားကို မလွမ်းပါဘူးဗျာ။ တော်လှန်ရေးမှာ အလွမ်းဆိုတာ အန္တရာယ်များတယ်။ ကျနော် အခုတွေးမိတာက ကျားဆိုလည်း တကယ့်ကျား၊ ​မြွေဆိုလည်း မြွေပွေးမြွေဟောက် ဖြစ်စေချင်တာပဲ သိတယ် ”
သူ့စကားက ကျနော်အတွက် ထူးဆန်းတယ်။ သူဘာပြောချင်တာလဲ။ အကြမ်းရည်ဝိုင်းထဲက ရဲဘော်တွေအားလုံးကလည်း စိတ်ဝင်စားလို့နေတယ်။
” ခု မင်းက ဘာဖြစ်နေလိုတုံး ။ မစိုမခြောက်ဖြစ်နေတာလားကွ ”
ကျနော်က ဒီလိုမေးမိတော့မှ အားလုံးက ဝါးခနဲထရယ်ကြတယ်။
” မဟုတ်ဘူးလေ ယောက်ဖရ။ ကျနော် ပြောချင်တာက ဒီလိုပါ။ ကျနော် ကြုံဖူးတဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ ရဲဘော်တွေ ကျဆုံးတာ တွေ့တဲ့အခါ တခါခါကြောက်စိတ်လေးဝင်လာမိတယ် ဆိုပါတော့ဗျာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ငါယောက်ျားအစစ်အမှန်ဟုတ်ရဲ့လားလို့ သံသယဝင်ပြီး ကျဆုံးသွားတဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ ဝိညာဥ်တွေ ကျနော့်ကို ဝင်ပူးပါလို့ ဆုတောင်းနေမိတာကို ပြောချင်တာပါဗျာ”
ဟုတ်ပါတယ်။ ရဲဘော်သစ္စာ မကျဆုံးခင်က ပြောသွားတဲ့စကားကို ကျနော် အမှတ်ရနေသေးတယ် သူကပြောဖူးတယ် ။
”အာဏာရှင်စစ်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာမှုကို နောက်ဆုံးထွက်သက်အထိ သွေးကြွေးဆပ်ရတဲ့ ဒီပွဲအတွက် ငါတို့သွေး မြေကျသွားပါစေ
အမျှမဝေနဲ​။ ရောက်ရာဘဝကနေ ငါတို့နိုင်ငံလွတ်မြောက်တဲ့အထိ တိုက်ပွဲဝင်ပါရစေ”
လို့ ကျနော့်ကို ပြောဖူးတယ် ။
ရဲဘော်ဏဂျီးကလည်း –
” အေးကွာ ငါတို့ ရဲဘော်တွေအများကြီး ကျဆုံးပြီးပြီ။ တော်လှန်ရေးဟာ ဘာနဲ့မှ တန်ဖိုး ဖြတ်လို့မရဘူး။ မင်းတို့ စိတ်ညစ်လို့ပဲဖြစ်ဖြစ် ကြောက်လို့ပဲဖြစ်ဖြစ် ဒီတော်လှန်ရေးထဲက ထွက်ဖို့ စိတ်ကူးမိတိုင်း ကျဆုံးရဲဘော်တွေရဲ့ မျက်နှာကို တချက်လောက် ငဲ့ညှာပေးကြ။ ဒုက္ခိတဖြစ်သွားတဲ့ ရဲဘော်တွေ၊ အစုလိုက်အပြုံလိုက် အသက်ပေးခံရတဲ့ ပြည်သူတွေကို ထောက်ထားပေးကြ။ ဒီလို ပေးဆပ်ခံအနစ်နာခံ စွန့်လွှတ်သွားခဲ့တဲ့ ကျေးဇူးတရားကို ငါတို့မှ မသိတတ်ရင် မင်းတို့စားတဲ့ ထမင်း အဆိပ်သင့်လိမ့်မယ် ။ ဒီလိုအလုပ်မျိုးဆိုတာလည်း လူတိုင်းမလုပ်နိုင်သလို လူတိုင်းက မင်းတို့လို စွန့်လွတ်အနစ်နာခံခြင်းနဲ့ မွန်မြတ်နေကြတာ မဟုတ်ဘူး။ တော်လှန်ရေးဆိုတာကြီးကလည်း ပြောလို့သာလွယ်နေကြတာ၊ ဒီနိုင်ငံကို တကယ်ချစ်နိုင်ဖို့ဆိုရင် အသက်နဲ့ထပ်ရလိမ့်မယ်။ ပြည်သူတွေဆိုတာကွာ သူတို့ဘက်က တာဝန်ကျေသင့်သလောက်ကျေနေပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ငါတို့ရဲဘော်တွေရဲ့ စွန့်လွတ်အနစ်နာခံပေးဆပ်ခဲ့တဲ့ ကျေးဇူးတရားကို နားလည်ဖို့လိုသလို ငါတို့ရဲဘော်တွေကလည်း ပြည်သူတွေ ကျွေးမွေးပြီး တောင့်ခံထားတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို နိုင်ငံတော်က လေးလေးနက်နက် အသိမှတ်ပြု တန်ဖိုး ထားတတ်ဖို့ အရေးကြီးတယ် ”
ရဲဘော်အားလုံး ငြိမ်းကျသွားပြီး အကြမ်းရည်သောက်သူ သောက်နေကြတယ်။ ကျနော့်မှာတော့ ရဲဘော်ဏဂျီးစကားကို အတွေးနယ်ချဲ့မိလို့။
ဟုတ်ပါရဲ့ ၂၁ ရာစုရဲ့ သူရဲကောင်း အနာဂတ်အပျိူးပင်လေးတွေ မြေဆီလွှာ မလုံမလောက်မှုကြောင့် မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရတာတွေ များခဲ့ပါပြီ ။
အဲဒီ ရှားပါးတဲ့ မျိုးချစ်သူရဲကောင်းအပျိုးပင်လေးတွေက ကျောက်ပြားပေါ်မှာပျိုးလည်း ရှင်သန်ဖို့ကြိုးစားနေကြတဲ့ချိန်မှာ တချို့တွေက အဲဒီ မျိုးစေ့ကို မီးဖုတ်စားဖို့ ချောင်းနေကြတယ်။
ခတ်ပါတယ်။ ဘယ်လိုပြောပြော နားမဝင်တဲ့ နွားစိတ်ဓာတ်ကောင်တွေနဲ့ တော်တော်ခတ်တယ်။ အပြောမှားတာကို ပြင်လို့ရပေမယ့် အသိမှားတာ ပြင်လို့မရတာကို ဒီကောင်တွေကို သိစေချင်တယ်။ ဒီတော်လှန်ရေးဟာ အတွေးမှားလို့ကို မရတဲ့ တော်လှန်ရေး တန်ဖိုးဖြတ်မရတဲ့ တော်လှန်ရေးပဲ။
ကျနော်မှာ တွေးနယ်ချယ်မိတုန်း ရဲဘော်ကောင်လေး တစ်ယောက်က အားနဲ့မာန်နဲ့ထပြောပြန်တယ်။
” ကျနော်ကတော့ သေရင်သေပါစေ။ ဒီတော်လှန်ရေး အောင်ကိုအောင်စေရမယ်လို့ ယုံကြည်တယ်။ ဒီတော်လှန်ရေးမှာ သေရင်ရော ဘာဆန်းလို့လဲ။ ကျနော်တို့ အိမ်ကထွက်ကတည်းက အသက်တဝက်ကို နိုင်ငံတော် နံရိုးမှာ ချိတ်ခဲ့တဲ့အကောင်တွေပဲ ။ မျိုးမစစ်တဲ့ တွေ့ရာဒေါင်းမြီး ကောက်ထိုးတဲ့ ကျီးလိုကောင် မဟုတ်ဘူး ။ အတောင်ပံတပင်ကျွတ်မခံတဲ့ ဇာမဏီငှက်လို့ကောင်တွေ ”
”ဟာ မင်းစကားက ကြီးကျယ်လှချည်လာဟ။ ပြောစမ်းပါဦး ဇာမဏီတစ်ကောင်ရဲ့ သမိုင်း ”
ရဲဘော်ဏဂျီးက မေးတော့ ရဲဘော်ငယ်လေးက ဆက်ပြောပြန်တယ်။
” ဇာမဏီငှက်ဆိုတာ ရဲရင့်ခြင်းနဲ့ဂုဏ်သိက္ခာမြင့်မားခြင်းရဲ့အမှတ်အသားပဲ။ အမွှေးတစ်ပင်ကျွတ်ရင်တောင် သူတို့ဘဝတစ်လျှောက်လုံး အရှက်ရ နာကျင်ရတတ်တယ်။ ရန်သူကိုလည်း အမွှေးတစ်ပင်တောင် အကျွတ်မခံဘဲ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်တတ်ကြတယ်။ ကျနော်တို့ကို လူငယ်မို့လို့ အထင်သေးမယ်ဆိုရင် သမင်ခတ်လို့ သေတဲ့ ခြသေ့်တွေရှိတယ်ဆိုတာ မမေ့ကြနဲ့ ”
ကျနော်အပါအဝင် ရဲဘော်အားလုံး ကျေနပ်နေကြတယ်။ အသက် ၁၈ အရွယ်လေးက မျိုးချစ်စိတ်ပြင်းထန်နေလိုက်တာ။ ကျနော်တို့နိုင်ငံမှာက သူလိုလူငယ်တွေ ရှားပါးပြီး စကားက မြင်းမိုရ် အကျင့်က ဖဝါးအောက်နဲ့ လူတွေက ဒီနိုင်ငံမှာ များလာတာကို ကျနော်မှာတွေးတွေးပြီး စိတ်မချမ်းမြေ့ဖြစ်နေမိပြန်တယ်။
” ဟုတ်တယ်ငါ့ညီ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ကို ပြန်ခြောက်တဲ့ မိစ္ဆာတွေကို ငါတို့ ဘာမှ ငဲ့ကွက်နေစရာအကြောင်းမရှိဘူး ။ ငါတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တယ်။ ဒီလိုပဲ ကိုယ့်နိုင်ငံကို အသက်ပေးကွယ်တဲ့ ရဲဘော်တွေကိုချစ်တယ်။ ဧရာဝတီကိုချစ်တယ်။ ချင်းတွင်းကိုချစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ့်မြေကိုယ့်ရေပေါ်မှာ ကိုယ့်ထီးကိုယ့်နန်းနဲ့အတူတကွရှင်သန်နေထိုင်တာကိုချစ်တယ်။ ငါတို့ရဲဘော်တွေလည်း ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်မျိုး မွေးမြူကြရမယ်။ တွေ့ရာ ဒေါင်းမြီး ကောက်ထိုးဖို့ ချောင်းနေတဲ့ ကျီးတော့ မဖြစ်စေနဲ့ ”
ကျနော်က ကြားကဝင်ပြောရင်း လက်ဖက်သုပ်ပန်းကန်ကိုငုံ့ကြည့်တော့ လက်ဖက်သုပ်က ကုန်နေပြီ ။
” ယောက်ဖ… လက်ဖက်သုပ်လေး မရှိတော့ဘူးလား။ ရှိရင်လုပ်စမ်းပါဗျာ။ စကားဝိုင်းလေး ဆက်ပါရစေဦး ”
” မရှ်ိတော့ဘူးကွ။ ဒီတစ်ထုတ်တောင် ဘယ်ကတည်းက ကျောဘောအိတ်ထဲ ရှိနေလဲ မသိဘူး။ နောက်… မင်းစားချင်ရင် စောင့်ဦးကွာ။ ငါတို့မြို့က ၂၈၅ တပ်စခန်းသိမ်းပြီးရင် ပြည်သူတွေ ကျွေးပါ့လိမ့်မယ် ”
”ဟားဟား”
”ဟားဟား…..ယောက်ဖပြောမှ လက်ဖက်သုပ်စားချင်ရင် တိုက်ပွဲဝင်ရမလိုလိုပဲလား”
အားလုံး ပွဲကျသွားတော့တယ်။ ကျနော် လည်း ရဲဘော်အားလုံးရဲ့ ရယ်မောသံကို ငေးမောကြည့်ရင်းပြုံးနေမိတယ်။
” ဒီတော်လှန်ရေးကြီး အောင်ရင်တော့ဖြင့်”
လို့ လည်း စိတ်ကိုမာန်တင်းနေမိတော့တယ်လေ ။ ။
Nov.18.24
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*